စစ်တပ်ပြောတဲ့ဖက်ဒရယ်နဲ့ ကျွန်တော်တို့ ပြောတဲ့ ဖက်ဒရယ်မတူဘူး - ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း

ကုတ်အင်္ကျီနက်ပြာရောင်၊ လည်စည်းနက်ပြာရောင်၊ ရှပ်အင်္ကျီအကွက်စိတ်မိုးပြာရောင် ဝတ်ထားပြီး ဘီဘီစီစတူဒီယိုထဲမှာ ထိုင်နေတဲ့ဒေါက်တာလျန်မှုန်းဆာခေါင်း
ဓာတ်ပုံ ပုံစာ, NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

ကြားကာလအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ဖက်ဒရယ်အသွင်ကူးပြောင်းရေးဆိုင်ရာအစီအမံတွေ တနည်း AFTA ရဲ့ Zero Draft မူကြမ်းကို ချပြလာပါတယ်။

အစီအမံဆိုတဲ့စကားလုံးသုံးထားပေမဲ့ ဒါဟာ အနာဂတ်မှာ တော်လှန်ရေးအင်အားစုတွေဘက်ကဆွဲတဲ့ မြန်မာရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာမှာပါ။

NUG နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ရဲ့ ဒီမူကြမ်းက မြန်မာတနိုင်ငံလုံးကို လွှမ်းခြုံဖို့ ဘယ်လိုစဥ်းစားထားလဲ။

ဘီဘီစီက NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းကို ဇူလိုင်လတုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

ဘီဘီစီ - ဖက်ဒရယ် အသွင်ကူးပြောင်းရေး ဆိုင်ရာအစီအမံ AFTA နဲ့ ပတ်သက်ပြီး Zero Draft မူကြမ်းထွက်လာပြီလို့ သိရတယ်။ ဒီ Draft က လက်ရှိတော်လှန်ရေးအပေါ်မှာ ဘယ်လိုအပြောင်း အလဲတွေ ဖြစ်လာစေမလဲ။

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း - အခုကျွန်တော်တို့ရေးဆွဲထားတာကတော့ ဖက်ဒရယ် အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေလို့ခေါ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ စကားလုံး အစားကျွန်တော်တို့ လောလောဆယ်မှာ အစီအမံများဆိုတဲ့ စကားလုံးကိုသုံးတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကတော့ ဖက်ဒရယ်ဒီမိုကရေစီချာတာ(ပဋိညာဉ်)အတိုင်းဆောင်ရွက်တာဖြစ်တယ်။ ဒါကို ကျွန်တော်တို့ တော်လှန်ရေးကာလမှာဆောင်ရွက်ပြီးတော့ အသွင်ကူးပြောင်းရေးကာလ ရောက်ရှိလာတဲ့အခါမှာ ကျင့်သုံးဖို့ဖြစ်ပါတယ်။

ဒါဟာ တော်လှန်ရေးရဲ့ အရေးကြီးတဲ့ ခြေလှမ်းတရပ်၊ အရေးကြီးတဲ့အဆင့်တခုကို ကျော်ဖြတ်နိုင်တယ်လို့ပဲ ပြောချင်ပါတယ်။

ဘီဘီစီ -‌တော်လှန်ရေးရဲ့ အရေးကြီးတဲ့အဆင့်တစ်ခုဖြစ်တဲ့ ဒီ Zero Draft မူကြမ်းမှာ ဘယ်လိုအချက်တွေပါလဲ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း - အရေးကြီးဆုံးအချက်အနေနဲ့ကတော့ အခန်း(၁)မှာ ဖော်ပြလိုက်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူတွေဖြစ်ပါတယ်။ ဒါဟာဖက်ဒရယ်ဒီမိုကရေစီချာတာ အစိတ်အပိုင်း(၁)မှာပါတဲ့ ဖက်ဒရယ်အခြေခံမူတွေကို ကျွန်တော်တို့ အခြေခံဥပဒေပုံစံနဲ့ ပြန်ပြီးတော့ရေးတာဖြစ်ပါတယ်။

အခန်း(၂)မှာတော့ Fundamental Rightsလို့ ခေါ်တဲ့ အခြေခံရပိုင်ခွင့်၊ အခွင့်အရေးနဲ့ တာဝန်တွေကို ဖော်ပြထားပါတယ်။ အဲဒါက တိုင်းရင်းသားလူမျိုးပေါင်းစုံ နှစ်ပေါင်းများစွာတောင်းဆိုထားတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူရေးစတဲ့ ကိစ္စတွေအပြင် အခြေခံလူ့အခွင့်အရေးနဲ့ ကျားမတန်းတူရေးအပါအဝင် ပြည်ထောင်စုတဝှမ်းလုံးမှာရှိတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ နိုင်ငံရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ယဥ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အပြည့်အစုံဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဒါတွေက တော်တော်အရေးကြီးတာဖြစ်ပါတယ်။

ကျန်တဲ့အပိုင်းမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာရှိနေကျ အစိုးရဖွဲ့စည်းမှုပုံစံ၊ အသွင်ကူးပြောင်းရေးကာလမှာ လွှတ်တော်ဘယ်လိုဖွဲ့မလဲ၊ တရားရုံးတွေကို ဘယ်လိုထူထောင်မလဲ၊ စစ်တပ်ကို ဘယ်လိုထားရှိမလဲစတဲ့ ကိစ္စတွေ အားလုံးပါပါတယ်။ အခန်းစုစုပေါင်း (၁၅)ခန်းရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ကာကွယ်ရေးတပ်မတော်

ဓာတ်ပုံ ပုံစာ, အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဘီဘီစီ - ဆရာပြောခဲ့သလိုပဲ တိုင်းရင်းသားတွေတောင်းဆိုလာတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်လို့ပြောလို့ရမလား။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း - ကျွန်တော်တို့ရဲ့ ချဥ်းကပ်မှုထဲမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံပေးထားဖို့လိုသလို အနာဂတ်ပြည်ထောင်စုတည်ထောင်တဲ့အခါမှာလည်းပဲ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဥ်ကျေးမှုပေါင်းစုံ ရောစပ်ထားတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် အားလုံးရဲ့လိုအပ်ချက်ကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးဖို့ မျှမျှတတဖြစ်အောင် ရေးဆွဲထားပါတယ်။

ဘီဘီစီ - Zero Draft မူကြမ်းမထွက်လာခင် AFTA ရေးဆွဲတဲ့ကာလမှာ NUCC ကနေ KNU၊ KNPPနဲ့ CRPH တို့ ထွက်သွားတဲ့ အခြေအနေလည်းရှိခဲ့ပါတယ်။ ဒါကြောင့် မူကြမ်းထွက်လာဖို့ တော်လှန်ရေးအဖွဲ့ ဘယ်နှစ်ဖွဲ့ နဲ့ အကျေအလည်ဆွေးနွေးခဲ့လဲ။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း - AFTA Drafting Process ကတော့ TCWG လို့ခေါ်တဲ့ Transitional Constitution Working Group ကနေ ရေးဆွဲထားတာဖြစ်ပါတယ်။ အဲဒါက စောစောကပြောသလိုပဲ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ချာတာမှာဖော်ပြထားတဲ့ လမ်းပြမြေပုံအတိုင်း ဆောင်ရွက်တာ ဖြစ်တယ်။ ရေးဆွဲရေးအဖွဲ့မှာတော့ NUCC အဖွဲ့ဝင် အဖွဲ့အစည်းများနဲ့ NUG ပေါင်းပြီး တော့လုပ်တာ ဖြစ်တယ်။ ဒါကြောင့် NUCC နဲ့ NUG ပေါင်းပြီးရေးဆွဲတာလို့ ပြောလို့ရတယ်။

KNUတို့ KNPP တို့ CRPHတို့ကတော့ NUCC ရဲ့ အဖွဲ့ဝင်အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့အစည်းတွေထဲမှာတော့ တခါတလေမှာ သူတို့က NUCC မှာ အဖွဲ့ဝင်အဖွဲ့အစည်းအနေနဲ့ပါလိုက်၊ သူတို့ရဲ့ပါဝင်မှုကို ခေတ္တရပ်ဆိုင်းတာလည်း ကြုံရပါတယ်။ ၂၀၂၅ နိုဝင်ဘာလောက်ကတည်းကနေပြီးတော့ K2 လို့ခေါ်တဲ့ KNU၊ KNPP ကတော့ NUCC မှာပါဝင်တာကို ရပ်နားသွားတယ်လို့ သိရပါတယ်။ နောက်ပိုင်း AFTA Drafting ထဲမှာလည်း မလာတော့ဘူး။ သို့သော် ၂၀၂၅ နိုဝင်ဘာလမှာဆိုရင် ကျွန်တော်တို့ မူကြမ်းကပြီးသလောက်ရှိနေပါပြီ။ အခု Zero Draft လည်းပြီးပြီဆိုတော့ အရင်ကဒီ process မှာပါပြီးတော့ လက်ရှိမှာမပါနိုင်တော့တဲ့ အစုအဖွဲ့တွေနဲ့ ကျွန်တော်တို့ ပြန်လည်ညှိနှိုင်းပြီးတော့ တခုတည်းဖြစ်အောင်ကြိုးစားဖို့က သန္နိဋ္ဌာန်ချထားတဲ့ လုပ်ငန်းစဥ်တခုဖြစ်ပါတယ်။

အထူးသဖြင့် MEC လို့ခေါ်တဲ့ Multi-ethnic councillor အဖွဲ့တွေနဲ့တိုင်ပင်ပြီးတော့ တဖွဲ့တည်းဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။

ကရင့်တော်လှန်ရေး နှစ်(၇၀)ပြည့်အခမ်းအနားမှာ စစ်ရေးပြချီတက်နေတဲ့ KNU တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, KNU

ဓာတ်ပုံ ပုံစာ, ကရင့်တော်လှန်ရေး နှစ်(၇၀)ပြည့်အခမ်းအနားမှာ စစ်ရေးပြချီတက်နေတဲ့ KNU တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဘီဘီစီ - လက်ရှိဆွေးနွေးခဲ့တာရော ဆက်လက်ဆွေးနွေးရမှာတွေလည်းရှိသေးတော့ Zero Draft ကနေ အတည်ပြုပြဋ္ဌာန်းဖို့အထိဆိုရင် အချိန်ဘယ်လောက်ကြာနိုင်ပါသလဲ။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း - Zero Draft ပြီးရင် ပြန်လည်သုံးသပ်ဖို့ အစည်းအဝေး ၂ ခါလောက် လုပ်ဖို့လိုတယ်။ အဲဒါပြီးရင်တော့ သက်ဆိုင်သူတွေရဲ့အကြံပြုချက်ရယူဖို့အတွက် မူကြမ်းတွေကို အဖွဲ့အစည်းတွေဆီ ပေးပို့ပြီးတော့ သူတို့အမြင် ဘယ်လိုရှိသလဲ၊ ဘယ်ဟာပြင်ချင်သလဲ၊ ဖြည့်စွက်ချင်သလဲဆိုတာကို လုပ်ရမှာဖြစ်တယ်။

အဲဒါပြီးရင်တော့ လူထုတရပ်လုံးကိုလည်း ကျွန်တော်တို့ ချပြပြီးတော့ လူထုတရပ်လုံးရဲ့အမြင်တွေကို စုစည်းပြီးတော့ လူထုတရပ်လုံးရဲ့ပူးပေါင်းပါဝင်မှုက အရေးကြီးတယ်။ အဲဒါပြီးမှပဲ ကျွန်တော်တို့ ဖက်ဒရယ်ညီလာခံကို ခေါ်ယူပြီး အတည်ပြုသွားမှာဖြစ်ပါတယ်။

ဒါကြောင့် လုပ်ငန်းစဥ်တွေကတော့ ရှိသေးတယ်။ ပုံမှန်ဆို လုပ်မယ်ဆိုရင်တော့ ၅ လ၊ ၆ လ ကတော့ အချိန်ယူဦးမှာဖြစ်တယ်။ သို့သော် ဘယ်အချိန်ကျင့်သုံးမလဲဆိုတာက အရေးကြီးတယ်။ ဘယ်အချိန်ကျင့်သုံးမလဲဆိုတာကတော့ မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်ကောင်စီကိုဖယ်ရှားပြီးတော့ အသွင်ကူးပြောင်းရေးကာလကိုစတင်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ကျင့်သုံးသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်ပါတယ်။

ဘီဘီစီ - ဖက်ဒရယ်ဦးဆောင်ကောင်စီ ဖြစ်တဲ့ SCEF နဲ့ အခုပြီးသွားတဲ့ Zero Draft မူကြမ်းကရော ဘယ်လိုညှိနှိုင်းချိတ်ဆက်သွားမလဲ။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း - SCEF ကလည်း မတ်လမှာစတင်ဖွဲ့စည်းတာဖြစ်တယ်။ ဖွဲ့စည်းပြီး တည်ဆောက်မှုတွေ တခုပြီးတခုလုပ်တယ်။ SCEF မှာ မပါသေးတဲ့အဖွဲ့တွေ ထပ်ပြီး ပူးပေါင်းပါဝင်နိုင်ရေးကို ကြိုးပမ်းနေတဲ့ကာလ ဖြစ်ပါတယ်။

တဖက်မှာလည်း SCEF က စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေလုပ်သလို နိုင်ငံရေးမှာလည်း ကော်မတီတွေ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဲဒီကော်မတီထဲမှာ ဖက်ဒရယ်ရေးရာ ကော်မတီဆိုတာ ရှိပါတယ်။ အဲ့ဒီမှာ ကျွန်တော်လည်းပါပါတယ်။ ဖက်ဒရယ်ရေးရာကော်မတီကနေ ဘယ်လိုဆက်ပြီးတော့ အလုပ်လုပ်မလဲဆိုတာ တိုင်ပင်ပြီးတော့ AFTA မူကြမ်းလည်းရှိလာတယ်။ MEC နဲ့လည်း ညှိနှိုင်းဆောင်ရွက်ပြီးတော့ ဒီအပေါ်မှာ SCEF အနေနဲ့ ဘယ်လိုပုံစံနဲ့ဆက်လုပ်မလဲဆိုတာ ဆက်တိုင်ပင်ဖို့ ရှိပါတယ်။ အခုချိန်မှာတော့ အသေးစိတ်မဆွေးနွေးရသေးပါဘူး။

ဘီဘီစီ - လက်ရှိမှာ SCEF မှာမပါသေးတဲ့အဖွဲ့အစည်းတွေလည်းရှိနေသေးတော့ တိုင်းရင်းသားအဖွဲ့ အစည်းတွေပါဝင်လာအောင် ဘယ်လိုအချက်တွေ ကိုင်စွဲပြီးဆွေးနွေးသွားဖို့ရှိပါသလဲ။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း - SCEF ဆိုတာ စစ်ရေးနဲ့ နိုင်ငံရေး နှစ်ခုစလုံးလုပ်တာဖြစ်တဲ့အတွက် စစ်ရေးအရ နယ်မြေထိန်းချုပ်ထားတဲ့အစုအဖွဲ့တွေ၊ တော်လှန်ရေးမှာ ထဲထဲဝင်ဝင်တိုက်ပွဲဝင်နိုင်မယ့် တော်လှန်ရေးတပ်ဖွဲ့ရှိတဲ့အစုအဖွဲ့တွေနဲ့ စတင်တာဖြစ်ပါတယ်။ အဲ့ဒါကနေတဆင့် SCEF မဖွဲ့ခင်ကတည်းက တိုင်ပင်ပြီးသားဖြစ်တဲ့ အခြေအနေအမျိုးမျိုးကြောင့် မပါနိုင်သေးတဲ့အဖွဲ့တွေရှိ ပါတယ်။

တချို့ကတော့ တိုက်ရိုက်ပါလို့ရတာရှိတယ်။ တချို့ကတော့ တိုက်ရိုက်ပါလို့မရသေးပေမဲ့ မဟာမိတ် အနေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီးတော့ လုပ်တာတွေရှိပါတယ်။

တချို့ဆွေးနွေးတိုင်ပင်မှုတွေက မီဒီယာသတင်းမှာ မသင့်တော်သေးလို့ မထုတ်တာလည်းအများကြီး ရှိပါတယ်။

ဒုတိယအဆင့်မှာတော့ မပါသေးတာ ပါလာဖို့ကို ဆက်ပြီးတော့ ဆောင်ရွက်မယ်။ လုပ်ငန်းဘောင်အနေနဲ့လည်း ဆက်ပြီးတော့ ဆောင်ရွက်သွားမယ်။

အာရက္ခတပ်တော် အေအေနဲ့ တွေ့ဆုံမှုကို ထုတ်ပြန်လာတဲ့ SCEF ရဲ့ ထုတ်ပြန်ချက်

ဓာတ်ပုံ ရင်းမြစ်, SCEF

ဓာတ်ပုံ ပုံစာ, အာရက္ခတပ်တော် အေအေနဲ့ တွေ့ဆုံမှုကို ထုတ်ပြန်လာတဲ့ SCEF ရဲ့ ထုတ်ပြန်ချက်

ဘီဘီစီ - ဒီအခြေအနေတွေကျော်လွန်ပြီးတော့ ဖက်ဒရယ်အခြေခံဥပဒေပြဋ္ဌာန်းနိုင်တဲ့အခါကျရင် အခုရှိနေတဲ့ NUG နဲ့ SCEF ရဲ့ တည်ရှိမှုက ဘယ်လိုဖြစ်သွားမလဲ။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း - NUG၊ NUCC ဆိုတာမရှိတော့ဘူး။ AFTA အရဖွဲ့စည်းလိုက်တဲ့ လွှတ်တော်၊ အစိုးရ၊ တပ်ပေါင်းစုတွေနဲ့ပဲလုပ်ရမှာဖြစ်ပါတယ်။ အဲ့ဒီအခါကျရင် AFTA ထဲမှာ ဖော်ပြထားတာကတော့ ဖက်ဒရယ်ကောင်စီရှိမယ်။ ဖက်ဒရယ်ကောင်စီအပေါ်မှာပဲ ဆက်ပြီးတော့ လှုပ်ရှားမယ်။ ဖက်ဒရယ်ကောင်စီနဲ့ SCEF က ဘယ်လိုဆက်ပြီးတော့ ချိတ်ဆက်သွားမလဲဆိုတာ ဆက်ညှိနှိုင်းတိုင်ပင်ဖို့ပဲရှိပါတယ်။

ဘီဘီစီ - AFTA က မြန်မာက တော်လှန်ရေးအဖွဲ့အစည်းအားလုံးကိုလွှမ်းခြုံမလား။ ဒီအပေါ် မှတ်ချက် ပေးချင်တာများရှိဦးမလား။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း - လွှမ်းခြုံတဲ့အခြေအနေဖြစ်အောင် ကြိုးစားတယ်။ လွှမ်းခြုံမယ်လို့ လည်း အများကြီးမျှော်လင့်ထားတယ်။ ဘာလို့လဲဆိုတော့ ဒီနွေဦးတော်လှန်ရေး အဓိကအားသာချက်က အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဘယ်လိုဖွဲ့စည်းထူထောင်ရမလဲဆိုတဲ့ အခြေခံမူတွေကို ဖော်ထုတ်နိုင်တာပဲဖြစ်ပါတယ်။ အဲ့ဒါ ဖက်ဒရယ်ဒီမိုကရေစီချာတာအစိတ်အပိုင်း ၁ ဖြစ်ပါတယ်။ အဲ့ဒီအစိတ်အပိုင်း ၁ ကို ဒီနေ့အထိ ဘယ်သူကမှ အငြင်းအခုန်မလုပ်ဘူး။ အများစုက လက်ခံတယ်။ ပင်လုံစာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းမှာ အခိုင်မာဆုံးနဲ့အပြည့်စုံဆုံး သဘောတူညီချက် ဖြစ်တယ်လို့ မြင်ပါတယ်။ AFTA ရဲ့ အခန်း ၁၊ အခန်း ၂ တွေဟာ ချာတာရဲ့အစိတ်အပိုင်းတွေကို အခြေခံပြီးတော့ ရေးတာဖြစ်တဲ့အတွက် အခြေခံမူအားဖြင့် အင်မတန်ခိုင်မာတယ်။ ပြည့်စုံတယ်။ ကျယ်ပြန့်တယ်လို့ ပြောချင်တယ်။

ဘီဘီစီ - ဟုတ်ကဲ့ပါ နောက်ဆုံးအနေနဲ့မေးချင်တာကတော့ စစ်တပ်က ပြောလာတဲ့ ဖက်ဒရယ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဖက်ဒရယ်က ဘယ်လိုကွာခြားချက်တွေရှိပါသလဲ။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း - အခုမင်းအောင်လှိုင်ကနေ ဖက်ဒရယ်ကိုလက်ခံတယ်တို့ ဒီမိုကရေစီကိုလက်ခံတယ်တို့ စသဖြင့် အမျိုးမျိုး ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဟိုးအရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကာလတုန်းက သူပြောတဲ့ ဒီမိုကရေစီနဲ့ ကျွန်တော်တို့ပြောတဲ့ ဒီမိုကရေစီမတူဘူး။ သူပြောတဲ့ဖက်ဒရယ်နဲ့ ကျွန်တော် တို့ ပြောတဲ့ ဖက်ဒရယ်မတူဘူး။ အခုသူဘာပြောလဲဆိုတော့ ဒေသကို အခြေခံတဲ့ ဖက်ဒရယ်စနစ်ထူ ထောင်မယ်တဲ့။ အဲ့ဒါကျွန်တော်တို့ တိုင်းရင်းသားတွေ နှစ်ပေါင်း ၇၀ လုံး တော်လှန်ရေးလုပ်တာ ကိုယ့်လူမျိုးမပပျောက်ဖို့၊ လူမျိုးရဲ့အမျိုးသားလက္ခဏာကို ထိန်းသိမ်းဖို့၊ ယဥ်ကျေးမှုကို ထိန်းသိမ်းဖို့၊ ကိုယ့်ဘိုးဘွားပိုင်နယ်မြေကို ထိန်းသိမ်းဖို့ဖြစ်တယ်။

အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့ရဲ့ ချဥ်းကပ်မှုကတော့ မင်းအောင်လှိုင်ချဥ်းကပ်မှုနဲ့ လုံးဝမတူဘူး။ ကျွန်တော်တို့ ချဥ်းကပ်မှုကတော့ သမိုင်းကြောင်းအရ အခိုင်အမာတည်ရှိပြီးသော လူမျိုးကိုအခြေခံတဲ့ ပြည်နယ်တွေကို လူမျိုးနာမည်နဲ့ပဲ ဆက်လက်ဖွဲ့စည်းဖို့လိုလားတယ်။

သို့သော် ကျွန်တော်တို့ တိုင်းပြည်က ကျယ်ပြန့်တယ်။ အထူးသဖြင့် ယခင်က ပြည်မလို့ခေါ်တဲ့ ဒေသတွေမှာ လူမျိုးအမည်နဲ့ ဖွဲ့စည်းတာထက် ပထဝီအမည်ကိုအခြေခံတဲ့ ပြည်နယ်အနေနဲ့ဖွဲ့စည်းရမယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့မြင်ပါတယ်။

အဲ့ဒါကြောင့် ကျွန်တော်တို့ချဥ်းကပ်မှုက နှစ်ခုဖြစ်တယ်။ လူမျိုးအမည်ကိုအခြေခံတဲ့ပြည်နယ်နဲ့ ပထဝီအမည်ကို အခြေခံတဲ့ပြည်နယ် နှစ်ခုစလုံးကို ပေါင်းစပ်ထားတဲ့ ချဥ်းကပ်မှုပုံစံနဲ့ သွားခြင်းအားဖြင့် လူမျိုးအချင်းချင်းကြားမှာ အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုနဲ့ ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ရေးကို ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။