ဂျပန်စာအရည်အချင်းစစ် စာမေးပွဲ JLPT လျှောက်လွှာ သြဂုတ် ၃ ရက်စတင်နိုင်မယ်

ဓာတ်ပုံ ရင်းမြစ်, MOI
ဒီဇင်ဘာမှာ ပြုလုပ်မယ့် ဂျပန်စာအရည်အချင်းစစ် စာမေးပွဲ JLPT ဖြေဆိုခွင့်လျှောက်လွှာကို သြဂုတ် ၃ ရက်မှာ အွန်လိုင်းကနေ စတင်လျှောက်ထားနိုင်မယ်လို့ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း MAJA က ဒီနေ့ထုတ်ပြန်ပါတယ်။
သြဂုတ် ၃ ရက်ကနေ ၉ ရက်အထိ လျှောက်လွှာတွေလက်ခံမှာဖြစ်ပြီး သြဂုတ် ၁၁ ရက်နောက်ဆုံးထား စာမေးပွဲကြေးပေးချေရမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပြုလုပ်တဲ့ JLPT စာမေးပွဲတွေကို အဆင့်အလိုက် မြန်မာငွေကျပ် ၅၂,၀၀၀ ကနေ ၅၇,၀၀၀ ကျပ်အထိ ပေးသွင်းပြီး ဖြေဆိုကြရတာဖြစ်ပါတယ်။
တစ်နှစ်မှာ နှစ်ကြိမ်ပြုလုပ်တဲ့ JLPT စာမေးပွဲရဲ့ ဇူလိုင်စာမေးပွဲရလဒ်တွေကတော့ သြဂုတ်လကုန်မှ ထွက်ရှိမှာ ဖြစ်တယ်လို့ MAJA ကဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း JLPT ဖြေဆိုသူ အရေအတွက် တဟုန်ထိုးမြင့်တက်လာတာကို JLPT ဝက်ဘ်ဆိုက်ရဲ့စာရင်းတွေအရ သိရပါတယ်။
၂၀၂၁ မတိုင်ခင်မှာ ဒီစာမေးပွဲတစ်ကြိမ်စစ်ဆေးရင် ဖြေဆိုသူ ပျမ်းမျှ ၂ သောင်းဝန်းကျင်သာ ရှိရာကနေ ဒီနောက်ပိုင်းမှာ ၁ သိန်းဝန်းကျင်အထိ ရှိလာတာပါ။
ဒီလ ၅ ရက်က စာမေးပွဲမှာ စာဖြေသူ ၉ သောင်းဝန်းကျင်ရှိခဲ့တာပါ။
ဒါပေမဲ့ အလုပ်အကိုင်အပိုင်းမှာတော့ မြန်မာဘက်က အလုပ်အကိုင်အေဂျင်စီတစ်ခုကို တစ်လမှာ အလုပ်သမား ၁၅ ဦးသာ ဂျပန်ကို ပို့ဆောင်ခွင့်ရှိတာဖြစ်ပါတယ်။





