သြဂုတ် ၁ ရက်သတင်းများအနှစ်ချုပ်-လေးမျက်နှာရေဘေးပိတ်မိနေသူအများအပြားရှိနေသေးပေမဲ့ ကယ်ဆယ်ရေးလှေ မလောက်

ဓာတ်ပုံ ရင်းမြစ်, CJ
ငဝန်ရေကာတာကျိုးပြီး ရေဘေးသင့်နေတဲ့ လေးမျက်နှာမြို့နဲ့ ပတ်ဝန်းကျင် ရွာတွေမှာ ပိတ်မိနေသူတွေရှိပေမဲ့ ကယ်ဆယ်ရေးအပြည့်အဝမလုပ်နိုင်ဘူးလို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတချို့ဆီကသိရပါတယ်။
"မြို့ထဲက အလယ်တန်းကျောင်းတစ်ခုမှာ လူတစ်ထောင်လောက်ရှိတယ်ပြောပေမဲ့ သွားမခေါ်နိုင်သေးဘူး။ ကယ်ဆယ်ရေးလှေနဲ့ လှေအတွက်ဆီကို ဟင်္သာတအထိ သွားဝယ်နေရတော့ အခက်အခဲကအများကြီးပဲ" လို့ ကယ်ဆယ်ရေး သမားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ရေကလည်း မကျသွားဘဲ ဒီနေ့မနက်ပိုင်းမှာ ဆက်တက်လာနေတာကြောင့် ကယ်ဆယ်ရေးသမားတွေက ရေလွတ်တဲ့ဘက်ကို ဆုတ်ပြီး အထိုင်ချလာရတယ် လို့ဆိုပါတယ်။
လေးမျက်နှာနဲ့ တလုတ္ထောကြားက ကားလမ်းမပေါ်မှာ ကူညီရေးအသင်း ကားတွေ တန်းစီနေရာယူထားပြီး ကယ်ဆယ်ရေးသမားတွေပါ စားစရာရိက္ခာ မရနိုင်ဖြစ်နေတယ်လို့ သိရပါတယ်။
"ညကတည်းက ပိတ်မိတဲ့လူတွေခေါ်ထုတ်နေတာ ရာကျော်နေပြီး ရွာတွေဘက်မှာ လည်းဘယ်လောက်ပိတ်မိနေတယ်ဆိုတာသိရဖို့ခက်နေတယ်။ လာခေါ်ပေးဖို့ ဖုန်းတွေကတော့ဝင်နေတယ်" လို့ ကယ်ဆယ်ရေးသမားကပြောပါတယ်။
ဧရာဝတီတိုင်းအစိုးရအဖွဲ့ရဲ့ မနေ့ကထုတ်ပြန်ချက်မှာတော့ လေးမျက်နှာမြို့ပေါ်ရပ်ကွက် ၅ခုနဲ့ ရွာပေါင်း ၈ရွာကို ရေဝင်နေတယ်လို့ ဖော်ပြပါတယ်။
အိမ်ခြေ ၁၃၂၀၊ အိမ်ထောင်စု ၁၃၃၃ စုက လူဦးရေ ၆၇၄၇ ဦးကို ရွှေ့ပြောင်းထားပြီးဖြစ်တယ်ဆိုပေမဲ့ ကယ်ဆယ်ရေးအဖွဲ့တွေအပြောအရ ပိတ်မိနေသူတွေရှိနေသေးတာဖြစ်ပါတယ်။
အောင်သိင်္ခလုပ်ကွက်က သဘာဝဓာတ်ငွေ့ရောင်းဖို့ MOGE နဲ့ PTTEP စာချုပ်ချုပ်ဆို

ဓာတ်ပုံ ရင်းမြစ်, GNLM
မုတ္တမကမ်းလွန်လုပ်ကွက် M3 ရဲ့ အောင်သိင်္ခလုပ်ကွက်ကနေ ထွက်တဲ့ သဘာဝ ဓာတ်ငွေ့တွေကို ပြည်တွင်းမှာသုံးဖို့အတွက် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE နဲ့ ထိုင်း PTTEP တို့အကြား သဘောတူစာချုပ် မနေ့က ချုပ်လိုက်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီကထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကို ပြည်တွင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာမှာ အဓိကသုံးမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။
"ရန်ကုန်နဲ့ ဧရာဝတီတိုင်းကို လျှပ်စစ်မီးပေးမယ်၊ လေလွင့်မှုအနည်းဆုံးနဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးဖို့လုပ်မှာဖြစ်ပြီး ဓာတ်မြေသြဇာစက်ရုံတွေကလိုအပ်တဲ့ သဘာဝဓာတ်ငွေ့ကိုလည်း တဖက်တလမ်းက ထောက်ပံ့နိုင်မှာဖြစ်ပါတယ်"လို့ သူက ပြောပါတယ်။ ဒီစီမံကိန်းကနေ သဘာဝဓာတ်ငွေ့ကို ၂၀၂၈ ခုနှစ်မှာစတင်ထုတ်ယူနိုင်မယ်လို့လည်း ဆိုပါတယ်။ မုတ္တမကမ်းလွန်က လုပ်ကွက်တွေကို အဓိကလုပ်ကိုင်နေတဲ့ PTTEP ဟာ အောင်သိင်္ခစီမံကိန်း၊ လုပ်ကွက်အမှတ် (M-3) ကို အကဲဖြတ် ရှာဖွေ၊ တူးဖော် ရေးလုပ်ငန်းတွေကို ၂၀၂၂ ခုနှစ် ကစလုပ်ခဲ့တာဖြစ်ပါတယ်။
ရတနာနဲ့ ရဲတံခွန်လုပ်ကွက်တွေက မြေ အောက်ခိုအောင်းဓာတ်ငွေ့ပမာဏ ကုန်ခမ်းလုနီးဖြစ်လာချိန်မှာ လုပ်ကွက်သစ်တွေ ရှာဖွေလာတာဖြစ်ပါတယ်။
PTTEP ရဲ့ ရတနာ စီမံကိန်းထုတ်လုပ်မှု ၈၀ ရာခိုင်နှုန်းကို ထိုင်း နဲ့ တရုတ်ကို တင်ပို့ရပြီး၊ ဇောတိက လုပ်ကွက် ရဲ့ ထုတ်လုပ်မှု ၈၀ ရာခိုင်နှုန်းကိုတော့ ထိုင်းတစ်နိုင်ငံတည်းကို တင်ပို့တယ်လို့ Myanmar Energy Monitor အဖွဲ့ က ဖော်ပြပါတယ်။
အခုစာချုပ်ချုပ်ဆိုမှုမှာတော့ ပြည်တွင်းအတွက်အဓိကသုံးမယ်ပြောထားပေမဲ့ စာချုပ်ပါရာခိုင်နှုန်းအသေးစိတ်ကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြတာမရှိပါဘူး။ မြန်မာ့သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ နှစ်စဉ် ဒေါ်လာ ၁ ဘီလျံကျော် ရရှိနေပြီး၊ ၂၀၂၃ ခုနှစ် ပထမလတွေကနေ ဇွန်လအထိ အမေရိကန်ဒေါ်လာ ၈၄၁.၇ သန်းရရှိခဲ့တယ်လို့ Justice For Myanmar က သူတို့နောက်ဆုံးသိထားရတဲ့အချက်အလက်တွေကို ကိုးကား ဖော်ပြပါတယ်။












