AI ကြောင့်ဖြစ်တဲ့အလုပ်လက်မဲ့ပြဿနာကို ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့အမျိုးသမီးတွေ

- ရေးသားသူ, စလီဗီယာချမ်း
- ရာထူးတာဝန်, ဘီဘီစီ တရုတ်ဘာသာစကားဌာန
- ရေးသားပေးပို့သည့်နေရာ, ဟောင်ကောင်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၇
ဉာဏ်ရည်တုဟာ နည်းပညာကမ္ဘာထဲကို အရှိန်အဟုန်နဲ့ ဝင်ရောက်လာပြီးနောက် အဲလစ် ဟွမ် လို ပရိုဂရမ်ရေးသားသူတွေ မလိုအပ်တော့တဲ့အခြေအနေကို ရောက်လာချိန်မှာ သူဟာ ရိုးရာလက်မှုလုပ်ငန်းပုံစံကို ပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူဟာ ကွန်ပျူတာ ကီးဘုတ်ကို စွန့်လွှတ်ကာ စက်ကိရိယာတွေကို ကိုင်တွယ်ရတဲ့ အလုပ်ကို ပြောင်းပါတယ်။ ပြီးတော့ အမျိုးသမီးတွေချည်းနဲ့ပဲ ဖွဲ့စည်းထားတဲ့ အိမ်ပြုပြင်၀န်ဆောင်မှု အဖွဲ့ကိုမေလမှာ ဖွဲ့ပြီး "Qiangqiang Women Workers" ကွင်ချင်း အမျိုးသမီးလုပ်သားများအဖွဲ့လို့ နာမည်ပေးပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းက ရုံးလုပ်ငန်း၀င်းမှာ ၁၅ နှစ်ကြာအလုပ်လုပ်ပြီး စီမံခန့်ခွဲရေးရာထူးအထိ တက်လာခဲ့တဲ့ဟွမ်ဟာ အခုတော့ အရင်လို ရုံးသွားရတာမဟုတ်တော့ဘဲ ပူအိုက် စိုစွတ်တဲ့ ရာသီဥတုထဲမှာ လုပ်ငန်းသုံးတန်ဆာပလာအိတ်ကို ထမ်း၊ တိုက်ခန်းတစ်ခန်းကနေ တစ်ခန်းကို သွားလာ လုပ်ကိုင်နေရပါတယ်။ သူဝတ်ထားတာလည်း ဖုန်မှုန့်တွေ ကပ်နေတဲ့အလုပ်သုံး ဝတ်စုံဖြစ်ပါတယ်။
"ကျွန်မက နည်းပညာလုပ်ငန်းထဲမှာပဲ အငြိမ်းစားယူတဲ့အထိ ဆက်လုပ်မယ်လို့ အမြဲထင်ထားတာ။ အလုပ်ဖြုတ်ခံလိုက်ရတဲ့အချိန်မှာတော့ ခေါင်းပေါ်ကို ရေအေးတစ်ပုံး လောင်းချခံလိုက်ရသလို တကယ် ထိတ်လန့်သွားခဲ့တယ်" လို့ သူက ဘီဘီစီ တရုတ်ဘာသာစကားဌာနကို ပြောပါတယ်။
သူ့ရဲ့အလုပ်ပြောင်းလိုက်ရမှုကိုတော့ အသက်ကြီးပိုင်းဆွေမျိုးတွေက နားမလည်နိုင်ကြပါဘူး။ အဲဒီမျိုးဆက်ဟာ သူတို့ရဲ့ချွေးနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် တရုတ်နိုင်ငံကို စီးပွားရေးအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်အောင် တည်ဆောက်ခဲ့တဲ့မျိုးဆက်ဖြစ်ပါတယ်။ သူတို့က ဟွမ်ကို "စာကြိုးစားသင်၊ ကာယလုပ်သား ဘဝကနေ လွတ်အောင်လုပ်" လို့ အမြဲပြောခဲ့ကြပါတယ်။
ဒါပေမဲ့ တက္ကသိုလ်ဘွဲ့ရပြီး အသက် ၄၀ ကျော်လာတဲ့ဟွမ်နဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ ဉာဏ်ရည်တု(AI)နည်းပညာ တိုးတက်မှုအရှိန်ကြောင့် အလုပ်ကနေ ဖယ်ရှားခံခဲ့ရပါတယ်။
Citibank ရဲ့ဧပြီလခန့်မှန်းချက်အရ တရုတ်နိုင်ငံမှာရှိတဲ့အလုပ်အကိုင်အားလုံးရဲ့ ၉.၆ ရာခိုင်နှုန်းခန့် အရေအတွက်အားဖြင့် သန်း ၇၀ လောက်ဟာ AI ကြောင့် အစားထိုးခံရနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။
ကမ္ဘာတဝန်းမှာ နည်းပညာလုပ်ငန်းထဲက အမျိုးသမီးဝန်ထမ်းအရေအတွက်က နည်းပါးနေဆဲ ဖြစ်ပါတယ်။ နည်းပညာလောကထဲကအမျိုးသမီးတွေအဖွဲ့(WomenTech Network) ရဲ့အချက်အလက်အရတော့ အမျိုးသမီးတွေဟာ "အကြီးတန်းရာထူးတွေမှာ ကိုယ်စားပြုမှုနည်းတာ" နဲ့ "နည်းပညာမဟုတ်တဲ့ ရာထူးတွေမှာ ပိုအလုပ်လုပ်နေကြတာ" စတဲ့အကြောင်းရင်းတွေကြောင့် အလုပ်ဖြုတ်ခံရနိုင်ခြေဟာ အမျိုးသားတွေထက် ၁.၆ ဆ ပိုများနေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Provided
AI က အလုပ်တွေကို စက္ကန့်ပိုင်းအတွင်း လုပ်နိုင်လာတာကြောင့် အရင်က လူတွေအများကြီး သုံးလုပ်ရတဲ့အလုပ်တွေကို အစားထိုးနိုင်ခဲ့လို့ ဌာနတချို့ဆိုရင် ညအတွင်း ပျောက်ကွယ်သွားသလို ဖြစ်သွားပါတယ်။
"နည်းပညာဖွံ့ဖြိုးမှုက အရမ်းမြန်လွန်းတယ်။ ကုမ္ပဏီတွေမှာလည်း ဖွဲ့စည်းပုံ ပြန်ပြင်တာတွေ နေရာတိုင်းမှာ ဖြစ်နေတယ်။ တချို့အချိန်တွေမှာတော့ ကိုယ်ရွေးချယ်စရာ မရှိဘဲ အလုပ်က ထွက်ပေးရတဲ့အခြေအနေမျိုး ဖြစ်သွားတတ်တယ်" လို့ သူက ပြောပါတယ်။
AI နဲ့ အစားထိုးခံရဖို့ မလွယ်တဲ့အလုပ်တစ်ခုကို ရှာဖွေရင်း ဟွမ်ဟာ သူရဲ့မိသားစု အစဉ်အဆက် လုပ်ကိုင်ခဲ့တဲ့ လက်မှုကျွမ်းကျင် အလုပ်ဖြစ်တဲ့ ဆောက်လုပ်ရေးနဲ့ အိမ်ပြုပြင်ရေးလုပ်ငန်းဘက်ကို ပြန်လှည့်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
"ကျွန်မ ဒီအလုပ်မှာ အောင်မြင်နိုင်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ အလုပ်လုပ်တာကို ငယ်ငယ်ကတည်းက ကြည့်လာခဲ့တာလေ။ သူတို့ ဘယ်လိုအဆင့်ဆင့် လုပ်တယ်ဆိုတာကိုလည်း ကျွန်မ နားလည်ထားတယ်" လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Provided
အိမ်ထောင်မရှိ အမျိုးသမီးတွေဦးဆောင်တဲ့စီးပွားရေး
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီလိုအသက်မွေးဝမ်းကျောင်း လမ်းကြောင်းပြောင်းရတာ ဟွမ်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ရှန်ဟိုင်း၊ ရှန်ကျန်း၊ ဆူကျိုးလို မြို့ကြီးတွေမှာ အမျိုးသမီးတွေဟာ ရုံးထိုင်အလုပ်တွေကို စွန့်ပြီး လေအေးပေးစက် သန့်ရှင်းတာ၊ အိမ်သာပိုက်နဲ့ ပစ္စည်းတွေ လဲလှယ် တပ်ဆင်တာ၊ ဆေးဟောင်း ခြစ်တာ၊ ရေချိုးခန်းကြမ်းခင်း ကြွေပြားပြန်ကပ်တာလို လက်သမား အလုပ်တွေကို ပြောင်းလုပ်လာကြပါတယ်။
"ကျွန်မတို့အဖွဲ့ထဲမှာ တစ်ယောက်က ဂီတဆရာမ ဖြစ်ခဲ့တယ်။ တချို့က ရုံးအလုပ်လုပ်ခဲ့ကြတယ်။ တချို့က မီဒီယာလုပ်ငန်းမှာ လုပ်ခဲ့ကြတာပါ" လို့ ရှန်ကျန်းအမျိုးသမီးအလုပ်သမားအဖွဲ့က လျူမောင်ယွန်းက ပြောပါတယ်။
လျူဟာ ဆက်သွယ်ရေးလုပ်ငန်းမှာ ဆယ်နှစ်နီးပါး အလုပ်လုပ်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်မှာတော့ "လက်တွေ့အသုံးကျတဲ့ ကျွမ်းကျင်မှုတစ်ခု သင်ယူဖို့" အလုပ်ထွက်ခဲ့ပါတယ်။
"ကိုယ့်မှာ အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှု တစ်ခုရှိထားရင် ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်တယ်။ အမျိုးသမီးတွေကိုလည်း ကူညီပေးချင်တယ်" လို့ သူက ပြောပါတယ်။
အရင်တုန်းကတော့ ဒီလုပ်ငန်းကို "လက်သမားအမျိုးသားတွေရဲ့လုပ်ငန်း" လို့ မြင်ကြပေမဲ့ အခုတော့ အမျိုးသမီးပြုပြင်ရေးသမားတွေရဲ့ဝန်ဆောင်မှုကို လိုအပ်နေတဲ့ ဖောက်သည်အုပ်စု တစ်ခု ပိုများလာတာ တွေ့ရပါတယ်။ အဲဒီဖောက်သည်တွေကတော့ တစ်ယောက်တည်း နေထိုင်တဲ့အမျိုးသမီးတွေ ဖြစ်ပါတယ်။
လျူရဲ့ခန့်မှန်းချက်အရ သူ့ ဖောက်သည်တွေရဲ့ ၉၈ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်ပြီး အများစုက တစ်ယောက်တည်း နေကြသူတွေ ဒါမှမဟုတ် တခြားအမျိုးသမီးတွေနဲ့ အခန်း မျှနေကြသူတွေဖြစ်ပါတယ်။
သူတို့က ဝန်ဆောင်မှုအကြောင်း မေးမြန်းတဲ့အခါ ဈေးနှုန်းကို အရင်မေးတာ ရှားတယ်လို့ ဆိုပါတယ်။
"လူတိုင်းနီးပါးက 'လာပြင်မယ့်သူက အမျိုးသမီးလား' လို့ အရင်မေးကြတယ်။ တကယ်ပဲ အမျိုးသမီးဖြစ်ကြောင်း အတည်ပြုပေးစေချင်တာပါ" လို့ လျူက ပြောပါတယ်။
"သူတို့အတွက် ပထမဆုံး စိုးရိမ်တာက လုံခြုံရေးပဲ။ ဒါကို ကျွန်မတို့ ကောင်းကောင်းနားလည်တယ်" လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Provided
တရုတ်အစိုးရ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်မှာ တရုတ်နိုင်ငံမှာ အိမ်ထောင်မရှိ တစ်ကိုယ်တည်းနေသူ အရေအတွက်ဟာ သန်း ၂၄၀ လောက်အထိ ရှိနေပါတယ်။ ဒါက လူဦးရေစုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းခန့် ရှိပါတယ်။ အိမ်ခြံမြေ ဝယ်ရောင်းပလက်ဖောင်း Beike ရဲ့ သုတေသနအရတော့ ၂၀၃၀ ပြည့်နှစ်ရောက်ရင် အိမ်ထောင်စုအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းလောက်ဟာ တစ်ယောက်တည်းနေထိုင်တဲ့အိမ်ထောင်စုတွေ ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။
ဒီအပြောင်းအလဲရဲ့အကြောင်းရင်းတစ်ခုကတော့ ပညာတတ်ပြီး မြို့ပြမှာနေထိုင်တဲ့ အမျိုးသမီးတွေဟာ နောက်မှပဲ အိမ်ထောင်ပြုဖို့မယ်လို့ စဉ်စားလာတာကြောင့်လည်းဖြစ်ပါတယ်။
အရင်တုန်းက သူတို့ကို "ရှန်းနု"(sheng nu) လို့ ခေါ်ပြီး "လက်ကျန်အမျိုးသမီးတွေ'' ဆိုတဲ့သဘော လှောင်ပြောင်ဝေဖန်ခေါ်ဝေါ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးအများစုကတော့ လူမှုအသိုင်းအဝိုင်းနဲ့ အစိုးရဘက်က အိမ်ထောင်ပြုပြီး ကလေးမွေးဖို့ ဖိအားတွေရှိပေးနေပေမဲ့ လက်ရှိမှာ တစ်ကိုယ်တည်းနေဖို့ကို ရွေးချယ်လာကြပါတယ်။
ဒီလိုတစ်ကိုယ်တည်းနေတဲ့အမျိုးသမီး ဖောက်သည်အုပ်စု များလာတာနဲ့အမျှ သူတို့အတွက် ရည်ရွယ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေလည်း ပိုများလာပါတယ်။ စီးပွားရေးအမြင်ရှိတဲ့ အမျိုးသမီးတွေက အရင်က အမျိုးသားတွေ အဓိက လုပ်ကိုင်တဲ့ လုပ်ငန်းနယ်ပယ်တွေဖြစ်တဲ့ အငှားယာဉ်မောင်းခြင်း၊ အစားအစာပို့ဆောင်ခြင်းနဲ့ အိမ်ပြုပြင်မွမ်းမံရေး လုပ်ငန်းတွေထဲကို ပိုမိုဝင်ရောက်လုပ်ကိုင်လာကြပါတယ်။
မီရှီဂန်တက္ကသိုလ်က တရုတ်လူမှုဗေဒဆိုင်ရာ ပညာရှင် ကျိုးယွင်ကတော့ ဒီလို "တစ်ကိုယ်တည်းနေတဲ့အမျိုးသမီးတွေ အချင်းချင်းမီတည်တဲ့စီးပွားရေး" ဟာ အမျိုးသမီးအချင်းချင်း အပြန်အလှန် ကူညီထောက်ပံ့နိုင်တဲ့အားကောင်းမှု တစ်မျိုးကို ဖန်တီးပေးနိုင်ပေမဲ့ တစ်ဖက်မှာလည်း ပိုမိုနက်ရှိုင်းတဲ့လူမှုရေးစိုးရိမ်မှုတွေကို ထင်ဟပ်နေတယ်လို့ ပြောပါတယ်။
"အမျိုးသမီးတွေက ကိုယ့်လုံခြုံမှုကို သေချာအာမခံနိုင်တဲ့အခြေအနေမျိုး မဟုတ်သေးတဲ့အတွက် ဒီလိုဝန်ဆောင်မှုတွေကို ပိုပြီး လိုအပ်နေကြတာဖြစ်တယ်" လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Provided
ဆူးကျိုးမြို့မှာရှိတဲ့ အမျိုးသမီးတွေချည်း လုပ်ကိုင်တဲ့အိမ်ပြုပြင်ရေးအဖွဲ့ရဲ့ ဖောက်သည် အမျိုးသမီး တစ်ဦးကတော့ သူဟာ အမျိုးသမီး နည်းပညာရှင်တွေကို ပိုသဘောကျတယ်လို့ ဘီဘီစီကို ပြောပါတယ်။ သူတို့ကြောင့် စိတ်ပိုချမ်းသာပြီး စိတ်အေးရတာကြောင့်လို့ဆိုပါတယ်။
"သူတို့က အိပ်ခန်းထဲမှာ အလုပ်လုပ်နေချိန် ကျွန်မက ဧည့်ခန်းမှာ ကိုယ့်အလုပ်ကို စိတ်ချလက်ချ လုပ်နေနိုင်တယ်" လို့ သူက ပြောပါတယ်။
ဒါအပြင် အမျိုးသမီးပြုပြင်ရေးသမားတွေက ပရိဘောဂတွေ မညစ်ပတ်အောင် အရင် ဖုံးအုပ်ပေးတာ၊ အလုပ်ပြီးရင် အရင်အတိုင်း ပြန်ရွှေ့ပေးတာ၊ ကြမ်းပြင်ကိုပါ သန့်ရှင်းရေး လုပ်ပေးတာတွေကို သတိထားမိတယ်လို့ သူက ဆိုပါတယ်။
"အရေးအကြီးဆုံးကတော့ မီးလုံးကို လဲပေး ပြင်ပေးသွားတာတင်မဟုတ်တော့ဘူး။ အော် ငါ ဖြစ်သလို မဆက်ဆံခံရတော့ပါဘူးဆိုတဲ့ ခံစားချက်ကိုလည်း ရသွားစေတယ်'' သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လိင်အခြေပြုမှု၊ လူ့လောကရဲ့အမြင်နဲ့ ခွဲခြားဆက်ဆံမှု
ဟွမ်က သူ့ရဲ့ဝန်ဆောင်မှုလုပ်ငန်းကို စတင်လိုက်ပြီး မကြာခင်မှာပဲ ဖောက်သည်လိုအပ်ချက်တွေ အရမ်းများနေတဲ့အပြင် သူတို့တောင်းဆိုတဲ့အကူအညီတွေကလည်း ထင်ထားတာထက် ပိုကျယ်ပြန့်နေတဲ့အတွက် အံ့ဩခဲ့ရတယ်လို့ ပြောပါတယ်။
"ဖောက်သည်တချို့က 'ကျွန်မ အလုပ်ကိစ္စနဲ့ ခရီးသွားရမယ်။ အိမ်မှာ ကြောင်တစ်ကောင် ကျန်ခဲ့မယ်။ အမျိုးသမီးဝန်ထမ်း တစ်ယောက်လောက် လာကြည့်ပေးလို့ရမလား' လို့ မေးတယ်။ ဒါမှမဟုတ် 'ကျွန်မအမေက အသက်ကြီးနေပြီ။ ကျွန်မကလည်း အလုပ်များနေလို့ တစ်ယောက်တည်း မထားချင်ဘူး။ တစ်ယောက်လောက် လာကူပေးလို့ရမလား' လို့ တောင်းဆိုကြတယ်" လို့ သူက ပြောပါတယ်။
"အဲဒီအချိန်ကျမှ အမျိုးသမီးချည်းပဲ ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ဟာ ကျွန်မတို့ အစက ထင်ထားတာထက် လူတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ပိုပြီး ကူညီပေးနိုင်တယ်ဆိုတာ သိလာရတယ်" လို့ သူက ဆိုပါတယ်။
အမျိုးသမီးချည်းပါဝင်တဲ့အိမ်ပြုပြင်ရေးအဖွဲ့ဝင်တွေဟာ အစပိုင်းမှာတော့ ကိုယ့်ရဲ့လက်တွေ့ကျတဲ့ကျွမ်းကျင်မှုတွေကို အသုံးချပြီး ဝင်ငွေရဖို့ ဒီအလုပ်ကို ရွေးချယ်ခဲ့ကြတာဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ အမျိုးသမီးဖောက်သည်တွေနဲ့ ယုံကြည်မှုနဲ့ ရင်းနှီးမှုတွေ တည်ဆောက်လာနိုင်တဲ့အတွက် ကိုယ်လုပ်နေတဲ့အလုပ်မှာ ရည်ရွယ်ချက်တစ်ခု၊ တာဝန်တစ်ရပ် ရှိနေတယ်ဆိုတဲ့ ခံစားချက်ကို ရရှိလာစေတယ်လို့လည်း ပြောပါတယ်။
ဒါပေမဲ့ သူတို့ဟာ လိင်ခွဲခြားဆက်ဆံမှု၊ လူ့ဘောင်မှာ အမည်းစက်တင်တယ်လို့ အမြင်ခံရမှုနဲ့ ရှေးရိုးစွဲအယူအဆတွေကို ရင်ဆိုင်နေရပြီး ကိုယ့်ကိုယ်ကိုယ် တကယ်ကျွမ်းကျင်ကြောင်း သက်သေပြဖို့ အခြားသူတွေထက် ပိုကြိုးစားရပါတယ်။
အတွေ့အကြုံရှိတဲ့လက်သမားအမျိုးသားတချို့ကလည်း အမျိုးသမီးတွေမှာ ဒီအလုပ်ကို တကယ်လုပ်နိုင်စွမ်း ဒါမှမဟုတ် ရေရှည်လုပ်မယ့်စိတ်ဓာတ်မရှိဘူးလို့ ထင်မြင်ကြတာကြောင့် တပည့်အဖြစ် လက်ခံသင်ကြားပေးဖို့ ငြင်းဆန်ကြပါတယ်။ အဲဒါကြောင့် အမျိုးသမီးအဖွဲ့တော်တော်များများက ကိုယ့်ဘာသာကိုယ် သင်ယူပြီး ကျွမ်းကျင်လာကြတာ ဖြစ်ပါတယ်။
တစ်ခါတုန်းက လျူရဲ့ Zhenji Women Workers အဖွဲ့ထဲက ကိုယ်ခန္ဓာသေးသေး အမျိုးသမီးနည်းပညာရှင်နှစ်ယောက်ဟာ လေအေးပေးစက် သန့်ရှင်းရေးအလုပ် သွားလုပ်ကြပါတယ်။
လေအေးပေးစက်ကို ဖြုတ်ဖို့ အချိန်ပိုကြာနေတဲ့အခါ ဖောက်သည်ရဲ့မိဘတွေက စပြီး သံသယဝင်လာကြတယ်။
"ဒီအမျိုးသမီးတွေ တကယ်ရော လုပ်တတ်ရဲ့လား။ ပညာရှင်အစစ်တွေ ဟုတ်ရဲ့လား" ဆိုပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။
ဒါပေမဲ့ နာရီအနည်းငယ်ကြာပြီး အလုပ်ပြီးသွားတဲ့အခါမှာတော့ မိသားစုရဲ့သဘောထားက လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။
ဖောက်သည်ရဲ့အသက်ကြီးတဲ့ဖခင်ကတောင် သူတို့ရဲ့လက်ရာကို ချီးကျူးပြီး "ဒီအမျိုးသမီးတွေ သန့်ရှင်းတာ ပိုကောင်းတယ်။ နောင်အလုပ်ရှိရင် မင်းတို့ကိုပဲ ပြန်ခေါ်မယ်" လို့ ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Provided
လျူကတော့ သူ့ရဲ့အသက်ကြီးပြီဖြစ်တဲ့ မိဘတွေက သူ အလုပ်အကိုင် ပြောင်းလိုက်တာကို ဘယ်လိုတုံ့ပြန်မလဲဆိုပြီး အရမ်းစိုးရိမ်ခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒါကြောင့် သူတို့ကို ပြောပြဖို့ သူ လပေါင်းများစွာစောင့်ခဲ့ရပါတယ်။
"အစပိုင်းမှာတော့ မိဘတွေက ကျွန်မအတွက် စိတ်မကောင်းဖြစ်ကြတယ်။ ဒီအလုပ်က ပင်ပန်းတယ်လို့ သူတို့ ထင်ကြတာပေါ့။ နေပူထဲမှာ တစ်နေ့လုံး အလုပ်လုပ်ရတယ်၊ ပစ္စည်းတွေ သယ်ပိုးပြီး ရှန်ကျန်းမြို့အနှံ့ သယ်သွားသယ်လာ လုပ်ရတာကိုး" လို့ သူက ပြောပါတယ်။
"ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ ဖောက်သည်တွေဆီက ကောင်းတဲ့တုံ့ပြန်ချက်တွေကို သူတို့ မြင်လာကြတယ်။ အလုပ်က ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ပင်ပန်းပေမဲ့ ကျွန်မရဲ့စိတ်အခြေအနေကတော့ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတာကိုလည်း သတိထားမိလာကြတယ်" လို့ သူက ဆိုပါတယ်။
အခုထိတော့ သူ့မိဘတွေက ရုံးမှာထိုင်လုပ်ရတဲ့အလုပ်ကို ပိုပြီး "ဂုဏ်ရှိတဲ့အလုပ်" လို့ မြင်နေဆဲပါပဲ။ ဒါပေမဲ့ သူ့လုပ်ငန်းက လူသတင်း လူချင်းဆောင်လို့ နာမည်ရလာပြီး အမျိုးသမီးတွေကိုလည်း ကူညီပေးနိုင်လာတာနဲ့အမျှ သူတို့ရဲ့အမြင်တွေလည်း တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။
"အခုတော့ အမေက ကျွန်မကို အရမ်းအားပေးတယ်" လို့ လျူက ပြောပါတယ်။
"တစ်ခါတလေဆို အမေကိုယ်တိုင်တောင် ကူပေးသေးတယ်။ ကျွန်မက လေအေးပေးစက် သန့်ရှင်းရေး လုပ်နေတုန်းဆိုရင် အမေက အောက်မှာ ရပ်ပြီး လိုအပ်တဲ့ကိရိယာတွေကို လှမ်းပေးတတ်နေပြီ"















