ဘုန်းကြီးကျောင်းတွေ ဆက်တိုက် ဗုံးကြဲခံရ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ထဲ စက်တင်ဘာလ ၂၁ ရက် မနက်အစောပိုင်း ဗုံးကြဲမှုမှာ တောင်ဖူးရွာကျောင်းတိုက်က အဆောက်အဦတွေ ပျက်စီးတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, Wai Hun Aung

ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ထဲ စက်တင်ဘာလ ၂၁ ရက် မနက်အစောပိုင်း ဗုံးကြဲမှုမှာ တောင်ဖူးရွာကျောင်းတိုက်က အဆောက်အဦတွေ ပျက်စီးတယ်လို့ဆို
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

စစ်ကိုင်းနဲ့ မန္တလေးတိုင်းထဲ စက်တင်ဘာလ ပထမသီတင်း ၂ ပတ်အတွင်း စစ်တပ်လေကြောင်းဗုံးကြဲမှုတွေမှာ ဘုန်းကြီးကျောင်း၀င်းတွေထဲ ဗုံးကျတဲ့ဖြစ်ရပ် ၂ ခုထက်မနည်းကြောင့် ဆရာတော်တွေနဲ့ အရပ်သား ၈ ယောက် သေဆုံးပါတယ်။

ငါန်းဇွန်မြို့နယ်၊ ရွာသစ်တော တောရဘုန်းကြီးကျောင်း စက်တင်ဘာလ ပထမပတ်မှာ ဒရုန်းဗုံးကြဲခံရလို့ ကျောင်းထိုင်နဲ့ ကလေးငယ်အပါအ၀င် ၄ ယောက် သေဆုံးပါတယ်။

အဲဒီနောက် သီတင်းတစ်ပတ်ကျော်အကြာ စက်တင်ဘာ ၁၆ ရက်မှာ စစ်တပ်က ရွှေဘိုမြို့နယ်ထဲက နှမစားရစ်ရွာ ဘုန်းကြီးကျောင်း၀င်းကို ဗုံးကြဲလို့ ရေလှူနေတဲ့ ကျောင်းထိုင်ဆရာတော်နဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၄ ယောက် သေဆုံးခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေမတိုင်ခင် သြဂုတ်လတုန်းကတော့ စစ်တပ်က မြောင်မြို့နယ်ထဲက ဆွဲလဲအိုရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ရွာဘုန်းကြီးကျောင်းကို ဗုံးကျပြီး တရားစခန်း၀င်နေသူ ၁၄ ယောက် သေဆုံးခဲ့ဖြစ်ရပ်ဟာ ကမ္ဘာ့သတင်းခေါင်းကြီးပိုင်းဖြစ်ခဲ့ပါတယ်။

ဒီတော့ ဘုန်းကြီးကျောင်းနဲ့ သာသနိကနေရာတွေဟာ စစ်တပ်ရဲ့ ပစ်မှတ်ဖြစ်လာနေပြီလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။

မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို စောင့်ကြည့်တဲ့သုတေသနအဖွဲ့(ACLED) က တော့ မြန်မာစစ်တပ်ဟာ ''အကြောက်တရားဗျူဟာ'' အဖြစ် သူ့ရဲ့ပစ်မှတ်တွေထဲ ဘုန်းကြီးကျောင်းလို စစ်ရှောင်တွေ ခိုနားရာအပါအ၀င် အရပ်သားလူစုလူ၀ေးနေရာတွေကို ပစ်မှတ်ထားနေတယ်လို့ အစီရင်ခံစာ ထုတ်ပါတယ်။

ဘုန်းကြီးကျောင်းတွေ ဗုံးထိတာ ကြုံရတဲ့မြို့နယ် ၃ ခုက နယ်ခံတွေကတော့ ၀ါတွင်းကာလ ဘုန်းကြီးကျောင်းတွေမှာ ဥပုသ်သီလ ဆောက်တည်ဖို့တောင် လူစုလူဝေးလုပ်ဖို့ သတိထားနေရတဲ့အခြေအနေကို ရောက်နေပြီလို့ ပြောပါတယ်။

ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာဘုန်းကြီးကျောင်းကို စက်တင်ဘာ ၁၆ ရက်က လေကြောင်းဗုံးကြဲခံရပြီးနောက်တွေ့ရတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, ရွှေဘို-ပကဖ

ဓာတ်ပုံ ပုံစာ, ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာဘုန်းကြီးကျောင်း စက်တင်ဘာ ၁၆ ရက်မှာ လေကြောင်းကနေ ဗုံးကြဲခံရပြီးတဲ့နောက် ပျက်စီးခဲ့တဲ့အခြေအနေ

၃ ကြိမ် မီးရှို့ခံရပြီးနောက် လေကြောင်းဗုံးကြဲတာ ပထမဆုံး ကြုံရတဲ့နှမစားရစ်

ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာဘုန်းကြီးကျောင်းကို စက်တင်ဘာ ၁၆ ရက်က လေကြောင်းဗုံးကြဲခံရပြီးနောက်တွေ့ရတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, ရွှေဘို-ပကဖ

ဓာတ်ပုံ ပုံစာ, ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာ ဘုန်းကြီးကျောင်းကို စက်တင်ဘာ ၁၆ ရက်က လေကြောင်းဗုံးကြဲခံရပြီးနောက် တွေ့ရတဲ့မြင်ကွင်း

ရွှေဘိုမြို့နယ်ထဲက နှမစားရစ်ရွာဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကြောင်းထိုးဝင်ရောက်တာတွေ၊ မီးရှို့ဖျက်ဆီးတာတွေ အကြိမ်ကြိမ်ကြုံခဲ့ရပြီး အနည်းဆုံး သုံးကြိမ် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်(အရပ်အခေါ် ပျုစောထီး) ပူးပေါင်းအဖွဲ့တွေရဲ့ စစ်ကြောင်း ဝင်ရောက်တာ မကြာခဏ ခံရပေမဲ့ လေကြောင်းကနေ ဗုံးကြဲခံရတာကတော့ ဒီတစ်ကြိမ်က ပထမဆုံးပဲလို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲ မခံရခင် ၄ ရက်လောက်ကတော့ နှမစားရစ်ရွာနဲ့ကပ်လျက်မှာ ရှိပြီး ပျူစောထီးတွေနဲ့ စစ်တပ် ပူးပေါင်းတပ်စွဲထားတဲ့ဇီးဖြူကုန်းရွာကို တိုက်ခိုက်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေ လူစုနေတယ်ဆိုတဲ့သတင်းတွေ စစ်တပ်ထောက်ခံသူတချို့ဆီကနေ ထွက်ပေါ်ခဲ့တယ်လို့ နယ်ခံတွေက ပြောပါတယ်။

"သတင်းထွက်ပြီး ရက်ပိုင်းလောက်ပဲခြားပြီး လေကြောင်း ဗုံးကြဲတာ၊ ဒီရွာက လေကြောင်းတိုက်ခိုက်ခံရတာတော့ တစ်ခါမှ မရှိဖူးတော့ ပေါ့ဆမိသလို ဖြစ်သွားတာ" လို့ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

ဒါ့အပြင် ခင်ဦး၊ ရေဦး၊ ကလေးဘက်တွေကို ပျံတက်တဲ့ စစ်လေယာဉ်တွေ ရွှေဘိုမြို့နယ်ကနေ ဖြတ်သွားလေ့ရှိတာကြောင့် လေယာဉ်အသံကြားတာက ပုံမှန်လို ဖြစ်နေခဲ့ပြီး နှမစားရစ်ရွာကို တိုက်ရိုက် ဗုံးကြဲမယ်လို့ မထင်ထားခဲ့ကြဘူးလို့လည်း နယ်ခံတစ်ယောက်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းဗုံးကြဲခံရတဲ့နေ့မှာ ကယ်ဆယ်ရေးလုပ်နေချိန် ရွှေဘိုမြို့ပေါ်က အမှတ် ၄၂ ခြေလျင်တပ်ရင်းကလည်း ၁၂၀ မမ လက်နက်ကြီးတွေနဲ့ သုံးကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ၂ ယောက်နဲ့ မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။

လေကြောင်းဗုံးကြဲတာကြောင့် ဒဏ်ရာရသူ ၈ ယောက်ရှိခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်သူ ၃ ယောက်ထဲက ၁ ယောက်ကတော့ နောက်ရက်အနည်းငယ်မှာ ကွယ်လွန်ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ စစ်ကြောင်းထိုးခံရပြီးနောက်ပိုင်း တွေ့ရတဲ့မြင်ကွင်း(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Chindwin Galone Yarzar Guerrilla Defense Force

ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ စစ်ကြောင်းထိုးခံရပြီးနောက်ပိုင်း တွေ့ရတဲ့မြင်ကွင်း(ပုံဟောင်း)

ကျေးရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရတဲ့ဟာ ရွာသားတွေအတွက် သောက်သုံးရေ ဖြန့်ဝေပေးမယ့် ရေသန့်စက်မှာ လူအချို့ ရေခပ်ဖို့ လာရောက်နေကြသလို ဘုန်းကြီးကျောင်းဝန်းကျင်မှာလည်း ပုံမှန်လှုပ်ရှားမှုတွေ ရှိနေခဲ့ပါတယ်။

ဒါပေမဲ့ လူစုလူ၀ေးနဲ့ရှိနေခဲ့တာမျိုးတော့ မဟုတ်ဘူးလို့ ဒေသခံ ၂ ယောက်က ပြောပါတယ်။

"ကျောင်းထိုင်ဆရာတော်က မ တည်ပြီး ရေသန့်ရဖို့ ရေသန့်စက်လှူတာ၊ ရွာတွေမှာက တွင်းရေကို သောက်ကြတော့ ကျန်းမာရေးအရ အလုံးစုံတော့ မကောင်းနိုင်ဘူးလေ" လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

နေ့တိုင်းနီးပါး မီးစက်နဲ့ ရေမောင်းတင်ပြီး ရေပေး၀ေတာကို စစ်ဘေးရှောင်တွေက လာရောက် ခပ်ယူနေကြတာလို့လည်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

အခုတော့ လေကြောင်းဗုံးကြဲခံရပြီးနောက် ဘုန်းကြီးကျောင်းလည်း အပျက်အစီးပုံ ဖြစ်သွားပြီလို့ နယ်ခံတချို့က ပြောပါတယ်။

နှမစားရစ်ရွာဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီမှာ စစ်ကြောင်းထိုးတာကြောင့် ဒေသခံနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၂၀ ကျော် သေဆုံးခဲ့သလို အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့ကျေးရွာ တစ်ရွာလုံးနီးပါး မီးရှို့ခံခဲ့ရပါတယ်။

၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်းမှာလည်း စစ်ကြောင်းဝင် မီးရှို့တာတွေထပ်ကြုံခဲ့တာကြောင့် ရွာခံတွေ မကြာခဏ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ပျူစောထီးရွာတွေ ဝိုင်းနေတဲ့နှမစားရစ်

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ စစ်ကြောင်းထိုးခံရပြီးနောက်ပိုင်း တွေ့ရတဲ့မြင်ကွင်း(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Chindwin Galone Yarzar Guerrilla Defense Force

ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ စစ်ကြောင်းထိုးခံရပြီးနောက်ပိုင်း တွေ့ရတဲ့မြင်ကွင်း(ပုံဟောင်း)

နှမစားရစ်ရွာ ပတ်လည်မှာ စစ်တပ်နဲ့ ဒေသအခေါ် ပျူစောထီးအဖွဲ့တွေ အခြေစိုက်ထားတဲ့ ကျေးရွာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့နဲ့ ၁၀ မိုင်ဝန်းကျင် ကွာဝေးပြီး ရွာရဲ့ ၄ မိုင်ပတ်လည်မှာ ပန်းရံ၊ သီးလုံး၊ ညောင်ကိုင်း၊ တယ်သီးတော၊ ဇီးဖြူကုန်း စတဲ့ ပျူစောထီးကျေးရွာတွေ ရှိနေပါတယ်။ ဒီရွာတွေဟာ ၂၀၂၁ စစ်အာဏာသိမ်းနောက်ပိုင်း စစ်တပ်နဲ့နီးကပ်တာကြောင့် ပျူရွာတွေလို့ ဒေသခံတွေကြား နာမည်ကြီးပါတယ်။

ဇီးဖြူကုန်းရွာဟာ စစ်တပ်နဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့နေရာအဖြစ် လူသိများတဲ့ကျေးရွာလည်းဖြစ်ပြီး ကျန်တဲ့ရွာတွေကိုလည်း စစ်တပ်က လက်နက်ထောက်ပံ့ပေးထားတာလို့ မြို့နယ်အုပ်ချုပ်‌ရေးတာဝန်ခံ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

ပျူစောထီးကျေးရွာတွေကြားမှာ တည်ရှိနေတဲ့အတွက် နှမစားရစ်ရွာ ဒေသခံတွေဟာ စစ်ရေးတင်းမာမှုရဲ့အကျိုးဆက်ကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

"ပျူရွာတွေ ဝိုင်းနေတဲ့ရွာဖြစ်တော့ စိတ်ချလက်ချ နေလို့မရတဲ့ရွာ ဖြစ်နေတာ။ မီးရှို့ခံရလို့ ပြန်တည်ဆောက်လိုက်၊ နောက်ထပ် မီးရှို့ခံရလိုက်နဲ့ လုံးချာလည်နေတာ"လို့ ကျေးရွာအခြေအနေကို သိရှိတဲ့နယ်ခံတစ်ယောက်က ပြောပါတယ်။

ပတ်ဝန်းကျင် ပျူရွာနဲ့ စစ်ကြောင်းဝင်ရောက်မှုတွေအပြင် လျှပ်စစ်မီး ဖျက်တောက်ခံထားရတာ၊ စိုက်ပျိုးရေ ပိတ်ဆို့ခံရတဲ့အခြေအနေတွေကြောင့် ရွာကို ပြီးခဲ့တဲ့နှစ်တွေအတွင်း စွန့်ခွာရတာတွေလည်း အကြိမ်ကြိမ် ရှိခဲ့ပါတယ်။

ဒါ့ကြောင့် နှမစားရစ်ရွာခံ အများစုက ၂၀၂၂ ကနေ ၂၀၂၄ ခုနှစ်အတွင်း ရွာထဲမှာ မနေရဲ‌တော့ နီးစပ်ရာ နေရာတွေမှာ ရှောင်တိမ်းနေကြရပြီး အခုနောက်ပိုင်းမှာတော့ စစ်ကြောင်းထိုးတာ နည်းပါးသွားလို့ ရွာခံတချို့ ပြန်ဝင်ရောက်နေထိုင်တာတွေ ရှိတယ်လို့လည်း သိရပါတယ်။

စက်တင်ဘာ ၁၆ ရက်က လေကြောင်းဗုံးကြဲခံရတဲ့ ဘုန်းကြီးကျောင်းဟာ နှမစားရစ်ရွာထဲမှာ မနေရဲဘဲ ရွာပြင်မှာ တိမ်းရှောင်နေသူတွေနဲ့ ပြန်နေထိုင်သူတချို့အတွက် အားထားရာနေရာတစ်ခု ဖြစ်ခဲ့ပါတယ်။

ဘုန်းကြီးကျောင်းတွေ ပစ်မှတ်ထား ခံနေရတာလား၊ လူစုလူဝေးကြောင့်လား

၂၀၂၆ ခုနှစ် ဩဂုတ်မှာ လေကြောင်းဗုံးကြဲခံရတဲ့ ဆွဲလဲအိုရွာ ဘုန်းကြီးကျောင်း

ဓာတ်ပုံ ရင်းမြစ်, နွေဦး-မြောင်

ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ် ဩဂုတ်မှာ လေကြောင်းဗုံးကြဲခံရတဲ့ ဆွဲလဲအိုရွာ ဘုန်းကြီးကျောင်း

ဘုန်းကြီးကျောင်း ဒါမှမဟုတ် စာသင်ကျောင်းတွေ ထိခိုက်တဲ့အခါတိုင်း "လက်နက်ကိုင်အဖွဲ့တွေ စုဝေးနေတဲ့ နေရာ" လို့ စစ်တပ် သတင်းထုတ်ပြန်လေ့ရှိပါတယ်။

ဒါပေမဲ့ ဆွဲလဲအို၊ ရွာသစ်တောနဲ့ နှမစားရစ် ကျေးရွာတွေက ဘုန်းကြီးကျောင်းတွေ ဗုံးကြဲခံရတဲ့ဖြစ်စဉ်တွေကိုတော့ စစ်တပ်က နှုတ်ဆိတ်နေပါတယ်။

မြေပြင်စစ်ရေး သတင်းရင်းမြစ်တွေကတော့ လေကြောင်းဗုံးကြဲခံရတဲ့ဘုန်းကြီးကျောင်းအများစုမှာ ထိခိုက်သေဆုံးကြရတာတွေက အရပ်သားပြည်သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

"PDF တွေက ဘုန်းကြီးကျောင်းတွေမှာ အခြေချနေတာ မရှိသလောက်ပါပဲ" ငါန်းဇွန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

မြောင်မြို့နယ်၊ ဆွဲလဲအိုရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရချိန်မှာတော့ တရားစခန်းဝင်နေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဥပုသ်စောင့်သူတွေသာ ရှိခဲ့ပြီး လက်နက်ကိုင်အဖွဲ့တွေ အခြေချတာမျိုး မရှိခဲ့ဘူးလို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) ဦးဆောင်သူ ကိုနွေဦး-မြောင်က ပြောပါတယ်။

"အဲဒီတရားစခန်းမှာ တရားစခန်းဝင်တဲ့သူတွေကို ကျွေးမွေးဖို့ ကူညီတဲ့လူငယ်အဖွဲ့တွေ ရှိတယ်။ လူငယ်တွေကို လက်နက်ကိုင်အဖွဲ့ဝင်တွေလို့ သတ်မှတ်ရင်တော့ မပြောတတ်ဘူးပေါ့" လို့ ကိုနွေဦး-မြောင်က ပြောပါတယ်။

အထက်အညာမှာ ဘုန်းကြီးကျောင်းတွေဟာ လူများများ နေထိုင်ဖို့ ကျယ်ကျယ်၀န်း၀န်းရှိတာကြောင့် စစ်ဘေးရှောင်တွေအတွက် ခိုလှုံရာနေရာတွေလည်း ဖြစ်နေတာပါ။

စစ်တပ်က ဘုန်းကြီးကျောင်းတွေကို သီးသန့်ပစ်မှတ်ထားတယ်ဆိုတာထက် လူစုလူဝေးရှိတဲ့ နေရာတွေကို ပိုပြီးတိုက်ခိုက်နေတာမျိုး တွေ့လာရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ကြပါတယ်။

ဒါ့ကြောင့် ဝါတွင်းကာလ တရားစခန်းတွေ၊ ဥပုသ်စောင့်ရက်တွေ၊ စစ်ဘေးရှောင်တွေ စုဝေးရာနေရာတွေဖြစ်နေတဲ့ဘုန်းကြီးကျောင်းတွေဟာ ဘေးရန်မကင်း ဖြစ်လာတယ်လို့လည်း မှတ်ချက်ပေးကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဩဂုတ်အထိ ဘာသာရေးအဆောက်အဦပေါင်း ၈၀၀ ကျော်ဟာ လေကြောင်းဗုံးကြဲခံရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည်တဲ့ Myanmar Witness အဖွဲ့ရဲ့ ၂၀၂၆ ခုနှစ်၊ ဧပြီလထုတ် အစီရင်ခံစာမှာလည်း ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်အတွင်း ဘာသာရေးနေရာ ၃၀၀ ကျော်ကို စစ်တပ် တိုက်ခိုက်မှုမှာ ၂၆၀ ကျော်က ဘုန်းကြီးကျောင်းတွေလို့ ဆိုပါတယ်။

သံဃာတွေလည်း စိုးရိမ်

၂၀၂၆ ခုနှစ် ဩဂုတ်မှာ လေကြောင်းဗုံးကြဲခံရတဲ့ ဆွဲလဲအိုရွာ ဘုန်းကြီးကျောင်း

ဓာတ်ပုံ ရင်းမြစ်, နွေဦး-မြောင်

ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ် ဩဂုတ်မှာ လေကြောင်းဗုံးကြဲခံရတဲ့ ဆွဲလဲအိုရွာ ဘုန်းကြီးကျောင်း

သံဃာတွေ ၀ါဆို ၀ါကပ်တဲ့ ၀ါတွင်းကာလမှာပဲ ဘုန်းကြီးကျောင်းတွေ ဗုံးထိပြီး သံဃာတွေပါ ပျံလွန်တော်မူတဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်ရပ်တွေ ထွက်ပေါ်လာတာပါ။

ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်လာလို့ သံဃာတွေလည်း ကျောင်းတိုက်တွေမှာ သီတင်းသုံးဖို့ စိုးရိမ်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆွဲလဲအိုနဲ့ ရွာသစ်တော ဖြစ်စဉ်အပြီးမှာ တချို့ကျေးရွာတွေက ဘုန်းကြီးကျောင်းတွေမှာ သံဃာတော်တွေ ယာယီစွန့်ခွာနေထိုင်တာတွေ ရှိလာခဲ့တယ်လို့ မြောင်နဲ့ ငါန်းဇွန် စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

"ဘုန်းကြီးတွေလည်း လေကြောင်းသတင်း နားထောင်ကြရတယ်။ ဥပုသ်၊ သီလ လာယူကြလို့ လူစုလူဝေးရှိရင် သူတို့လည်း စိုးရိမ်စိတ် မကင်းဘူး" လို့ ငါန်းဇွန်းမြို့နယ်က ဒေသခံတစ်ယောက်က ပြောပါတယ်။

အဲဒီလိုအန္တရာယ်ကြောင့် တခြားဘုန်းကြီးကျောင်းကို တိမ်းရှောင်မိရင်လည်း ဝိနည်းအရ ၇ ရက်အပြင် ပိုမနေရဘဲ ကျောင်းပြန်လာပြီး အာပါတ်ဖြည်ကြရတယ်လို့ ဘုရားသွား ကျောင်းတက်လေ့ရှိတဲ့ ငါန်းဇွန်းနယ်ခံက ပြောပါတယ်။

အညာမှာ အရပ်သားစစ်ရှောင်တွေ ခိုလှုံရာဖြစ်တဲ့ဘုန်းကြီးကျောင်းမှာ သီတင်းသုံးတဲ့ သံဃာတွေချည်းပဲ လေကြောင်းအန္တရာယ်နဲ့ လုံခြုံရေးကို စိုးရိမ်နေတာတော့ မဟုတ်ပါဘူး။

ဩဂုတ်ကတည်းက တရားစခန်း လေကြောင်း ဗုံးကြဲခံရတာကို ကြုံခဲ့ရတဲ့ဆွဲလဲအိုရွာခံတွေလည်း ဒီဖြစ်ရပ်နောက်ပိုင်း ရွာထဲကို ပြန်မနေရဲကြသေးဘူးလို့ ကိုနွေဦး-မြောင်က ပြောပါတယ်။

မြောင်မြို့နယ်ထဲမှာတော့ မူလစီစဉ်ထားတဲ့ တရားစခန်း သုံးခုကို ဖျက်သိမ်းလိုက်ပြီသလို အလှူ၊ ပဋ္ဌာန်းပွဲနဲ့ လူစုလူဝေးဖြစ်နိုင်တဲ့ ဘာသာရေးပွဲတချို့ကိုလည်း ဆိုင်းငံ့ထားလိုက်ပြီဖြစ်ပါတယ်။

ကိုနွေဦး-မြောင်ကတော့ ဘာသာရေးဆိုင်ရာကိစ္စတွေ အခုလိုဖျက်သိမ်းလိုက်ရတာတွေကလည်း စစ်ပွဲရဲ့အကျိုးဆက်တွေကြောင့်လို့ ထောက်ပြပါတယ်။ လက်နက်ကိုင်ဆောင်ထားတဲ့ နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဘုန်းကြီးကျောင်းနဲ့ သံဃာတော်တွေကို ထိခိုက်မှုဖြစ်အောင် မလုပ်သင့်ဘူးလို့လည်းလည်း သူက မှတ်ချက်ပေးပါတယ်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေဟာ သာသနာ့၀န် ထမ်းတဲ့အနေနဲ့ လက်နက်ကိုင်နဲ့ အရပ်သား မခွဲခြားဘဲ ခိုလှုံလာသူကို လက်ခံရတဲ့ကျင့်၀တ်ရှိနေတာကိုလည်း သူက ထောက်ပြပါတယ်။

"ဒီလိုနေရာတွေကို ပြစ်မှတ်ထားပြီး လုပ်ကြမယ်ဆိုရင် ဘယ်သူတွေ ထိခိုက်မှာလဲ" လို့ ကိုနွေဦး-မြောင်က မေးခွန်းထုတ်ပါတယ်။

စစ်တပ်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့ ဆက်နွှယ်သူတွေရဲ့တိုက်ခိုက်မှုတွေကြောင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာအထိဆိုရင် သံဃာတော်အပါး ၈၀ ကျော် ပျံလွန်တော်မူခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။