AI ဖွံ့ဖြိုးမှုအရှိန်လျှော့ဖို့ အမေရိကန်နည်းပညာခေါင်းဆောင်တွေအပြောကို တရုတ် ဘယ်လိုမြင်လဲ

ဓာတ်ပုံ ရင်းမြစ်, Sopa via Getty Images
- ရေးသားသူ, ဂျက်လူ နဲ့ တိုနီ ဟန်
- ရာထူးတာဝန်, Global China Unit
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၅
ဉာဏ်ရည်တု (အေအိုင်) နည်းပညာက အလွန်လျင်မြန်တဲ့ အရှိန်နဲ့ တိုးတက်လာနေချိန်မှာ နည်းပညာလောကရဲ့အထင်ကရ ခေါင်းဆောင်တချို့က ဒီနည်းပညာကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေအပေါ် အပြင်းအထန် သတိပေးလာကြပါတယ်။
Anthropic အမှုဆောင်အရာရှိချုပ် Dario Amodei က AI ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကို လျှော့ချသင့်တယ်လို့ ပြောထားပြီး OpenAI ရဲ့ Sam Altman နဲ့ Elon Musk တို့ကလည်း အဲဒီအမြင်ကို ထောက်ခံကြပါတယ်။
အမေရိကန်နည်းပညာရပ်၀န်း Silicon Valley က နည်းပညာခေါင်းဆောင်တချို့က အေအိုင်ဟာ တစ်နေ့မှာ လူသားတွေရဲ့ရှင်သန်မှုကိုတောင် ခြိမ်းခြောက်လာနိုင်တယ်လို့ ပြောဆိုထားကြပါတယ်။
ဒါပေမဲ့ အဲဒီလို အန္တရာယ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းရာမှာ အေအိုင် နယ်ပယ်ရဲ့ အင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်ကြား ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုက အခက်အခဲ ဖြစ်နေစေပါတယ်။
မဟာဗျူဟာပြိုင်ဘက်တွေဖြစ်တဲ့ ဒီနှစ်နိုင်ငံဟာ အေအိုင် တိုးတက်မှုကို အမျိုးသားလုံခြုံရေးနဲ့ စီးပွားရေး အသာစီးရ ရှုထောင့်ကနေ ချဥ်းကပ်လေ့ရှိတာကြောင့် အဓိပ္ပာယ်ရှိတဲ့ပူးပေါင်းဆောင်ရွက်မှု ဖြစ်လာမလားဆိုတာကလည်း မရေရာလှပါဘူး။
"ဒီကိစ္စတွေအပေါ် အမေရိကန်-တရုတ် ဆွေးနွေးကြပြီး ဥပဒေအရ လိုက်နာရမယ့် သဘောတူညီချက်တစ်ခု ထွက်လာလိမ့်မယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက မျှော်လင့်နေတယ်ဆိုရင် စိတ်ပျက်ရတာပဲ အဖတ်တင်ပါလိမ့်မယ်" လို့ နော်ဝေနိုင်ငံအခြေစိုက် Peace Research Institute Oslo (PRIO) က အကြီးတန်းသုတေသီ ဒေါက်တာ Ilaria Carrozza က ပြောပါတယ်။
AI ကို "လူသားထိန်းချုပ်မှုအောက်မှာ" ထားရှိရေး
တရုတ်နိုင်ငံဟာ AI နဲ့ ပတ်သက်လို့ ကြီးမားတဲ့အစီအစဉ်တွေ ရှိပြီး စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုကနေ စစ်ဘက်ရေးရာအထိ လူမှုအသိုင်းအဝိုင်းနဲ့ စီးပွားရေးကဏ္ဍတွေမှာ အေအိုင်ကို ပေါင်းစပ်အသုံးပြုတဲ့အနာဂတ်ကို တရုတ်က ရည်မျှော်ထားပါတယ်။
တစ်ဖက်မှာလည်း တရုတ်အစိုးရဟာ အေအိုင် ရဲ့အန္တရာယ်တွေကို ကာလကြာရှည် သတိပေးလာခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အေအိုင်ဟာ ကိုယ်ရေးအချက်အလက် လုံခြုံရေး၊ လူမှုတည်ငြိမ်ရေးနဲ့ နိုင်ငံတကာဆက်ဆံရေးတွေကို ခြိမ်းခြောက်နိုင်တယ်လို့ တရုတ်က ၂၀၁၇ ခုနှစ်ကတည်းက ပြောခဲ့ပါတယ်။
နောက်ပိုင်းနှစ်တွေမှာတော့ အေအိုင်နဲ့ ဖန်တီးထားတဲ့လူမှုမီဒီယာ အကြောင်းအရာတွေကို ဒါက အေအိုင်နဲ့လုပ်ထားကြောင်း ဖော်ပြထားဖို့ တရုတ်က သတ်မှတ်ခဲ့သလို အရွယ်မရောက်သေးသူတွေအတွက် အေအိုင် ပုံရိပ်ယောင်အဖော် (virtual partner)တွေကို မသုံးဖို့ ပိတ်ပင်ခဲ့ပြီး သတင်းမှားတွေဖြန့်ဖို့ အလွန်အမင်းတုပထားတဲ့ (deepfake)တွေ သုံးတာကိုလည်း တားမြစ်ခဲ့ပါတယ်။
Hong Kong City University က ပါမောက္ခလည်းဖြစ် အမေရိကန်-တရုတ် AI ဆွေးနွေးပွဲတွေမှာလည်း အလွတ်သဘော ပါဝင်ခဲ့သူလည်း ဖြစ်တဲ့ Zeng Jinghan ကတော့ အမေရိကန်ဘက်နဲ့ နှိုင်းယှဉ်ရင် တရုတ်အစိုးရ အေဂျင်စီတွေနဲ့ မူဝါဒအကြံပေးဆိုင်ရာတွေမှာ "လက်ခံနိုင်စရာ ဖွံ့ဖြိုးမှုဆိုတဲ့အပေါ် ဓိပ္ပာယ် သတ်မှတ်ချက်တွေကို လုပ်နိုင်တဲ့အာဏာ အတော်လေး ရှိပါတယ်" လို့ ပြောပါတယ်။
အေအိုင်က လူသားထိန်းချုပ်မှုကနေ လွတ်ထွက်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေအပေါ် တရုတ်သမ္မတ ရှီကျင့်ဖျင်က တုံ့ပြန်တဲ့အနေနဲ့ "ဒီနည်းပညာဟာ လူသားထိန်းချုပ်မှုအောက်မှာ အမြဲရှိနေရမယ်" လို့ ဇူလိုင်လအတွင်းမှာ သတိပေးခဲ့ပါတယ်။
အေအိုင် စီမံအုပ်ချုပ်မှုဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးမှုတွေကို မြှင့်တင်ဖို့အတွက် တရုတ်က တည်ထောင်ထားတဲ့ ကမ္ဘာ့ဉာဏ်ရည်တုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(World Artificial Intelligence Cooperation Organization)မှာ သူက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
တရုတ်ရဲ့ အင်တာနက် စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ (Cyberspace Administration)က စက်တင်ဘာလအတွင်းမှာ ထုတ်ပြန်တဲ့ အေအိုင် လုံခြုံရေးမူဘောင်အသစ်မှာတော့ အေအိုင်ဟာ "လူသားလောကရဲ့ရှင်သန်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု"ကို ခြိမ်းခြောက်လာတမျိုး မဖြစ်ရအောင် ကြိုတင်ကာကွယ်တဲ့ မူဝါဒတွေ လိုအပ်တယ်လို့ ပြောထားပါတယ်။
ထိန်းချုပ်နိုင်တဲ့နည်းပညာလား
တရုတ်အာဏာပိုင်တွေက အေအိုင်ဟာ လူသားထိန်းချုပ်မှုကနေ လွတ်ထွက်သွားနိုင်တဲ့ အန္တရာယ် ရှိတယ်ဆိုတာကို အသိအမှတ်ပြုထားကြပေမဲ့၊ လူသားမျိုးနွယ်ကို ပျက်သုဥ်းစေနိုင်တဲ့ အန္တရာယ်အဖြစ် မြင်တဲ့ သဘောထားကတော့ အမေရိကန်မှာလောက် များများစားစား မတွေ့ရပါဘူး။
ဘေဂျင်းက ဒီအန္တရာယ်ကို အစိုးရမူဝါဒနဲ့ ကိုင်တွယ်ဖြေရှင်းရမယ့် အရေးကိစ္စ အများအပြားထဲက တစ်ခုအဖြစ် သဘောထားပါတယ်။
"တရုတ်ရဲ့ အေအိုင် စီမံအုပ်ချုပ်မှုက စီးပွားရေးဖွံ့ဖြိုးမှုကို ပံ့ပိုးဖို့၊ နည်းပညာနဲ့ လူမှုရေးဆိုင်ရာ အန္တရာယ်တွေကို စီမံဖြေရှင်းဖို့နဲ့ နိုင်ငံရေးအာဏာနဲ့ ထိန်းချုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက် အများအပြားနဲ့ တစ်ချိန်တည်းမှာ ဆောင်ရွက်နေတာပါ" လို့ ပါမောက္ခ Zeng က ရှင်းပြပါတယ်။
လူမှုအသိုက်အ၀န်းအတွက် ဉာဏ်ရည်တုနဲ့ စက်ရုပ်နည်းလေ့လာရေးဆိုင်ရာ ရှန်ကျန်း အင်စတီကျု(Shenzhen Institute of Artificial Intelligence and Robotics for Society)က ဒါရိုက်တာ ဒေါက်တာ Shaoshan Liu ကလည်း အဲဒီအမြင်ကို သဘောတူပါတယ်။
"တရုတ်ဘက်က ဆွေးနွေးမှုတွေဟာ ထိန်းချုပ်နိုင်မှု၊ အလွဲသုံးမှုနဲ့ လူမှုရေး အကျိုးဆက်တွေကို ပိုပြီး အလေးထားကြပါတယ်။ အမေရိကန်ဘက်မှာတော့ ထိန်းချုပ်မှု ပျောက်ဆုံးသွားနိုင်တဲ့ သို့မဟုတ် လူသားတွေ ပျက်သုဥ်းပျောက်ကွယ်သွားနိုင်တဲ့ အနုမာန ယူဆချက်တွေကို ပိုပြီး ဆွေးနွေးလာကြပါတယ်" လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်အရာရှိတွေဟာ အေအိုင်ရဲ့အန္တရာယ်တွေကို စိုးရိမ်ကြပေမဲ့ တရုတ်စီးပွားရေး အရှိန်ကျလာနေတဲ့ ကာလမှာ အေအိုင်ဟာ စီးပွားရေးတိုးတက်မှုအတွက် အရေးကြီးတဲ့ မောင်းနှင်အား ဖြစ်လာမယ်ဆိုတဲ့ယုံကြည်ချက်လည်း ရှိပါတယ်။
Tencent၊ Alibaba၊ Baidu နဲ့ ByteDance တို့ရဲ့ အေအိုင် မိုဒယ်တွေဟာ ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နေကြပါတယ်။
ထိပ်တန်း နည်းပညာ မော်ဒယ်တချို့ကို 01.AI၊ DeepSeek၊ MiniMax၊ Moonshot AI နဲ့ Z.ai တို့လို start-up အစပျိုး ကုမ္ပဏီတွေက ဖန်တီးထားတာပါ။
ဒီကုမ္ပဏီတွေက ဘီဘီစီရဲ့ မှတ်ချက်တောင်းခံမှုကို တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။
ဒေါက်တာ Liu က ဘေဂျင်းဟာ AI လုပ်ငန်းဖွံ့ဖြိုးမှုကို အားပေးရင်း ပေါ်ပေါက်လာတဲ့ အန္တရာယ်တွေကိုလည်း စီမံဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်လို့ ပြောပါတယ်။
"ဒါဟာ နည်းပညာတိုးတက်နေမှုကို ရပ်တန့်သင့်တယ်လို့ ပြောတာမျိုးနဲ့ မတူပါဘူး" လို့ သူက ဆိုပါတယ်။
''AI မှာနိုင်တဲ့သူက အနိုင်ရမှာပဲ"
တရုတ်မှာ သူ့ရဲ့ပြည်တွင်း ဦးစားပေးကိစ္စတွေအပြင် ပထဝီနိုင်ငံရေးဆိုင်ရာ တွက်ချက်မှုတွေလည်း ရှိနေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အေအိုင် ဖွံ့ဖြိုးတိုးတက်မှုကို တရုတ်နဲ့ ယှဉ်ပြိုင်ရတဲ့ အရေးကြီးပြိုင်ပွဲတစ်ခုအဖြစ် သဘောထားပါတယ်။
"အေအိုင်မှာ ကျွန်တော်တို့က တရုတ်ထက် ကျောနေပါတယ်။ ဒီလိုပဲ ဆက်ရှိနေစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အေအိုင်မှာ နိုင်တဲ့သူက အနိုင်ရမှာလေ" လို့ သူက ပြောခဲ့ပါတယ်။
စက်တင်ဘာလအတွင်း တရုတ်နိုင်ငံပိုင်ဂျာနယ်တစ်စောင်က ဆောင်းပါးတစ်ပုဒ်မှာ တရုတ်ရဲ့ ထိပ်တန်း ထောက်လှမ်းရေးအရာရှိ Chen Yixin ကလည်း အေအိုင် ဖွံ့ဖြိုးမှုကို ပထဝီနိုင်ငံရေး ရှုထောင့်ကနေ ဖော်ပြခဲ့ပြီး "အင်အားကြီးနိုင်ငံတွေကြား မဟာဗျူဟာ ယှဉ်ပြိုင်မှု နယ်ပယ်သစ်" လို့ ခေါ်ဆိုခဲ့ပါတယ်။
အေအိုင် ဖွံ့ဖြိုးမှု အရှိန်လျှော့ဖို့ တောင်းဆိုမှုတွေဟာ အမေရိကန် အစိုးရအရာရှိတွေဆီကနေ လာတာမဟုတ်ဘဲ အမေရိကန် နည်းပညာလုပ်ငန်းနယ်ပယ်ရဲ့ခေါင်းဆောင်တွေဆီကနေ လာတာဖြစ်ပေမဲ့ ဘေကျင်းကတော့ အဲဒီလိုတောင်းဆိုချက်တွေကို သတိနဲ့ကြည့်နေပါတယ်။
အေအိုင်ရဲ့အန္တရာယ်တွေအကြောင်း Amodei ရဲ့သတိပေးချက် မထွက်လာခင်လေး ဩဂုတ်လထဲမှာ တရုတ်နိုင်ငံပိုင်မီဒီယာတွေက Anthropic ပူးတွဲတည်ထောင်သူကို အမေရိကန်ရဲ့ ပထဝီနိုင်ငံရေး အကျိုးစီးပွားနဲ့ကိုက်ညီအောင် ဆောင်ရွက်နေတဲ့သူလို့ စွပ်စွဲခဲ့ပါတယ်။
နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန CCTV ရဲ့လူမှုမီဒီယာအကောင့် Yuyuantantian ကတော့ "Amodei ရဲ့ အတွေးအခေါ်ဟာ 'ငါ့နိုင်ငံက မှန်တယ်' ဆိုတာကနေ 'ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့သူတွေကို နှိပ်ကွပ်သင့်တယ်' ဆိုတဲ့အဆင့်အထိ ပြောင်းလဲလာနေပါတယ်" လို့ ရေးသားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
Amodei ရဲ့မကြာသေးခင်က အေအိုင်အရှိန်လျှော့ဖို့ ပန်ကြားချက်ကြောင့် တရုတ်နိုင်ငံပိုင်မီဒီယာတွေရဲ့ဝေဖန်မှုတွေ ထပ်ပြီး ပေါ်ထွက်လာခဲ့ပါတယ်။ သူက တရုတ် အေအိုင် တိုးတက်မှုကို တားဆီးဖို့ လုပ်တာလို့ အဲဒီမီဒီယာတွေက ထောက်ပြခဲ့ကြပါတယ်။
ယုံကြည်မှု အားနည်းနေသေးပေမဲ့ ဒီလနှောင်းပိုင်း ဝါရှင်တန် ဒီစီမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရှီကျင့်ဖျင် နဲ့ ဒေါ်နယ် ထရမ့်တို့ရဲ့ ထိပ်သီးအစည်းအဝေးကနေ သဘောတူညီချက်တချို့ ထွက်ပေါ်လာနိုင်မယ်ဆိုတဲ့မှန်းဆမှုတွေလည်း ရှိပါတယ်။
ရိုက်တာသတင်းဌာနရဲ့ရေးသားချက်အရ တရုတ်အရာရှိတွေက အေအိုင်ကို ဆွေးနွေးမယ့် အဓိက ခေါင်းစဉ်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။
PRIO က ဒေါက်တာ Carrozza ကတော့ နိုင်ငံမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ အေအိုင် အလွဲသုံးစားပြုမှု ဒါမှမဟုတ် အေအိုင် အထောက်အကူပြု ဆိုက်ဘာတိုက်ခိုက်မှုတွေလို ကိစ္စတွေမှာ နှစ်နိုင်ငံကြား နားလည်မှုတစ်ရပ် ရနိုင်ခြေရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အေအိုင် ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို တိုက်ရိုက်ကန့်သတ်တဲ့သဘောတူညီချက်မျိုး ရရှိဖို့ကတော့ ခက်ခဲဖို့ များပါတယ်။
"နှစ်နိုင်ငံအကြား စီမံခန့်ခွဲနိုင်တဲ့ နယ်ပယ်တွေက သဘောတူညီချက်တစ်ခု ရရှိဖို့အတွက် စစ်ဆေးအတည်ပြုဖို့ မလိုတဲ့ ဒါမှမဟုတ် ကုမ္ပဏီတွေရဲ့ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေကို ဖော်ထုတ်စရာ မလိုတဲ့အကြောင်းအရာတွေ ဖြစ်နိုင်ပါတယ်" လို့ မစ္စ Carrozzaက ပြောပါတယ်။
"အေအိုင် မိုဒယ်တွေကို ဘယ်လောက်အမြန်နှုန်းနဲ့ပဲ တည်ဆောက်သင့်တယ်ဆိုတာကို ကန့်သတ်မယ့် သဘောတူညီချက်မျိုးကိုတော့ နှစ်ဖက်စလုံးက လုပ်မယ့်ပုံ မရှိပါဘူး" လို့ သူက ဆိုပါတယ်။
















