တိုက်ရိုက်ထုတ်လွှင့်မှု, ကုလမှာ ဆက်ရှိရေး အခြေအနေတွေ သူ့ဘက်ပါနေတယ်လို့ ဦးကျော်မိုးထွန်းပြော

ကုလမှာ ဆက်ရှိရေး အခြေအနေတွေ သူ့ဘက်ပါနေတယ်လို့ ဦးကျော်မိုးထွန်းပြော တဲ့ သတင်းအပါအဝင် မြန်မာ နဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ဆက်ရှိရေး အခြေအနေတွေကောင်းတွေ ရှိနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
  • ဦးမင်းအောင်လှိုင် ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်လာတယ်လို့ ပါတီဝင်တချို့က ပြော
  • စစ်တွေ - ပုဏ္ဏားကျွန်းအစပ်မှာ စစ်တပ်စစ်ကြောင်း ပိတ်မိပြီး အေအေနဲ့တိုက်ပွဲဖြစ်နေ၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေလည်းလုပ်နေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဂျော့ရှုဝါ ဗန် - UFC Flyweight တန်းကို ရေရှည်ကြီးစိုးမယ့်ချန်ပီယံလား

    ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် UFC 331 ပြိုင်ပွဲ အနိုင်ရအပြီး ကြိုး၀ိုင်းပေါ်တက် အောင်ပွဲခံနေတဲ့ ဂျော့ရှု၀ါ ဗန်

    ဓာတ်ပုံ ရင်းမြစ်, AFP Via Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် UFC 331 ပြိုင်ပွဲ အနိုင်ရအပြီး ကြိုး၀ိုင်းပေါ်တက် အောင်ပွဲခံနေတဲ့ ဂျော့ရှု၀ါ ဗန်

    UFC Flyweight ချန်ပီယံ မြန်မာနွယ်ဖွား ချင်းဖိုက်တာ ဂျော့ရှုဝါဗန်ဟာ ပန်တိုဂျာကို ထပ်မံအနိုင်ယူပြပြီး စစ်မှန်တဲ့ ချန်ပီယံတစ်ယောက် ဆိုတာကို သက်သေထူလိုက်ပါပြီ။

    မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက်က အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ ကျင်းပတဲ့ UFC 331 ပြိုင်ပွဲမှာ ဗန်က ပန်တိုဂျာကို ဒိုင်အဆုံးအဖြတ် အမှတ်အသာနဲ့ ဒုတိယအကြိမ် မကြေပွဲမှာပါ အနိုင်ယူပြခဲ့တာပါ။

    ဒီပွဲဟာ ချန်ပီဟောင်းနဲ့ လက်ရှိ ချန်ပီယံတို့ နှစ်ဦး အားပြိုင်မှုဆိုတာထက် ဒီဝိတ်တန်းကို ကြီးစိုးမယ့်သူကိုလည်း ရွေးချယ်ပွဲလည်း ဖြစ်ခဲ့တာပါ။

    ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ UFC ဥက္ကဋ္ဌ ဒေနာဝှိုက်က "ဗန်က ပွဲတိုင်း ပိုပိုပြီး ကောင်းလာတယ်။ ဒါက ဒီဝိတ်တန်းမှာ ရေရှည် အုပ်စိုးနေဦးမယ့် ချန်ပီယံတစ်ယောက်ရဲ့လက္ခဏာပဲ" လို့ ပြောလိုက်ပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  2. စစ်တွေ - ပုဏ္ဏားကျွန်းအစပ်မှာ စစ်တပ်စစ်ကြောင်း ပိတ်မိပြီး အေအေနဲ့တိုက်ပွဲဖြစ်နေ

    စစ်တွေမြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် တိုက်ပွဲတွေအတွင်း အေအေက ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေ

    ဓာတ်ပုံ ရင်းမြစ်, AA Info Desk

    ဓာတ်ပုံ ပုံစာ, စစ်တွေမြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် တိုက်ပွဲတွေအတွင်း အေအေက ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေ

    ရခိုင်ပြည်နယ်ထဲ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ စစ်တပ်စစ်ကြောင်း ပိတ်မိနေပြီး အာရက္ခတပ်တော်(အေအေ)နဲ့ တိုက်ပွဲတွေဖြစ်နေတယ်လို့ အေအေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီကနေ သိရှိရပါတယ်။

    “အခု စစ်ကြောင်းထိုးတဲ့အဆင့်တော့ မရှိတော့ဘူး။ သူတို့စစ်ကြောင်းထိုးတဲ့ သူတွေက နောက်ပြန် ဆုတ်လမ်းမရှိဘဲ ပိတ်မိနေတာ” လို့ သူကပြောပါတယ်။

    လက်ရှိ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကြားက နေရာ သုံးခုမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရှိရတဲ့အကြောင်း သူက ပြောပါတယ်။

    စစ်တွေမြို့နယ်၊ အမြင့်ကျွန်းရွာနဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာကြားတစ်နေရာ၊ စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာ အနီးပတ်ဝန်းကျင်တစ်နေရာနဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောရွာ၊ ရဲရိုးပြင်ရွာ၊ အောင်မြေကုန်းရွာ၊ ဆားကုန်ပို့ရွာအနီးတဝိုက်တွေမှာ တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။

    ဒီတိုက်ပွဲဖြစ်နေတဲ့ ရွာတွေဟာ ကပ်လျက်ရှိနေတဲ့ ရွာတွေဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

    စစ်တပ်ဟာ မနေ့ နဲ့ ဒီနေ့မှာ ဒီရွာတွေအနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

    စက်တင်ဘာ ၁၆ ရက်နေ့ကဆိုလည်း စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နဲ့ အမြင့်ကျွန်းကျေးရွာကြား တိုက်ပွဲမှာ ပခုက္ကူအခြေစိုက် အမှတ် ၁၀၁ တပ်မဌာနချုပ်လက်အောက်ခံ၊ ခလရ ၂၅၇ တပ်ရင်းက စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော်က မနေ့က ထုတ်ပြန်ထားပါတယ်။

    အေအေထုတ်ပြန်တဲ့ရုပ်သံထဲမှာ စစ်သုံ့ပန်းတစ်ဦးကတော့ ကွမ်းတောင်နဲ့ အမြင့်ကျွန်းရွာ အနီးတဝိုက်ကနေ စစ်တပ်က ပြန်ဆုတ်သွားတဲ့အချိန်မှာ ကျန်ခဲ့ပြီး ဖမ်းမိခဲ့တာလို့ ပြောထားပါတယ်။

    နောက်ပြီး အေအေထုတ်ပြန်တဲ့ဓာတ်ပုံတွေထဲမှာ ရွှံ့နွံထဲဖုံးနေတဲ့စစ်တပ်တပ်ဖွဲ့ဝင် ရုပ်အ‌လောင်းတွေကိုလည်း တွေ့ရပါတယ်။

    စစ်တပ်ဟာ စက်တင်ဘာ ၄ ရက်ကစလို့ အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့နေရာတွေကို ပြန်လည်ထိန်းချုပ်ဖို့ အကြီးစားထိုးစစ်တစ်ခုကို စတင်ခဲ့တယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေက ပြောပါတယ်။

    စစ်တပ်ထောက်ခံသူတွေကတော့ ‘၄၉၂၆ စစ်ဆင်ရေး’ လို့ အမည်ပေး ပြောဆိုနေကြပြီး စစ်တပ်ကတော့ ရခိုင်က စစ်ဆင်ရေးနဲ့ပတ်သက်လို့ တရားဝင်မထုတ်ပြန်ပါဘူး။

  3. ဦးမင်းအောင်လှိုင် ကြံ့ခိုင်ရေးပါတီဝင်ဖြစ်လာ

    နေပြည်တော်က ပြည်ထောင်စုလွှတ်တော်မှာ ဧပြီလ ၁၀ ရက်တုန်းက ပြုလုပ်တဲ့ သမ္မတရာထူး ကျမ်းကျိန်ဆိုအပြီးမှာတွေ့ရတဲ့ ဦးမင်းအောင်လှိုင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နေပြည်တော်က ပြည်ထောင်စုလွှတ်တော်မှာ ဧပြီလ ၁၀ ရက်တုန်းက ပြုလုပ်တဲ့ သမ္မတရာထူး ကျမ်းကျိန်ဆိုအပြီးမှာတွေ့ရတဲ့ ဦးမင်းအောင်လှိုင်

    အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်ကြံ့ခိုင်ရေးပါတီဝင်ဖြစ်လာပြီလို့ ပါတီဘက်က ပထမဆုံးအကြိမ်လူသိရှင်ကြားထုတ်ပြောပါတယ်။

    မနေ့ကပြုလုပ်တဲ့ပါတီညီလာခံအပြီးသတင်းစာရှင်းလင်းပွဲမှာ ပါတီပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဦးလှသိန်းက ပြောခဲ့တာပါ။

    စစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ် တာဝန် ၁၅ နှစ်ယူခဲ့စဉ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူက ပါတီနိုင်ငံရေး ဝင်ရောက်ဆောင်ရွက်ခွင့် မရှိခဲ့ပါဘူး။

    ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ခေါင်းဆောင်အနေနဲ့ နိုင်ငံ့အာဏာကို ၅ နှစ်ကျော် ရယူခဲ့ပေမဲ့ ဦးမင်းအောင်လှိုင်ကတော့ သူဟာ တပ်မှာ တာ၀န်ထမ်းနေလို့ ပါတီနိုင်ငံရေး လုပ်ခွင့်မရှိဘူးလို့ အကြိမ်ကြိမ်ပြောခဲ့သူပါ။

    ပြီးခဲ့တဲ့ဧပြီမှာ တပ်ရာထူးကနေ အနားယူခဲ့ပြီး ကြံ့ခိုင်ရေးပါတီက တင်မြှောက်တဲ့သမ္မတနေရာရယူပြီးတဲ့နောက် ဦးမင်းအောင်လှိုင်ပါတီနိုင်ငံရေးထဲ တရားဝင်ဝင်ရောက်လာတာဖြစ်ပါတယ်။

    တပ်နဲ့ မိတ်ဖက်ပါတီဖြစ်တဲ့ကြံ့ခိုင်ရေးပါတီကို တပ်ဘက်ကနေ အရပ်ဘက်ပြောင်းလာတဲ့ ဗိုလ်ချုပ်ကြီးတွေပဲ တောက်လျှောက်ဦးဆောင်ခဲ့ပြီး ဦးမင်းအောင်လှိုင်ပါ ပါတီဝင်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

  4. ကုလမှာ ဆက်ရှိရေး အခြေအနေတွေ သူ့ဘက်ပါနေတယ်လို့ ဦးကျော်မိုးထွန်းပြော

    စက်တင်ဘာ ၁၉ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံပွဲမှာ မိန့်ခွန်းပြောနေတဲ့ ဦးကျော်မိုးထွန်း

    ဓာတ်ပုံ ရင်းမြစ်, NYCBC

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၉ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံပွဲမှာ မိန့်ခွန်းပြောနေတဲ့ ဦးကျော်မိုးထွန်း

    ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ဆက်ရှိနိုင်ဖို့ အခြေအနေတွေကောင်းတွေ ရှိနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ ရုံးချုပ်အနီးမှာ ပြုလုပ်တဲ့ အမေရိကန်ရောက် မြန်မာနွယ်ဖွားတွေရဲ့ ဆန္ဒဖော်ထုတ်ပွဲမှာ ထုတ်ပြောသွားပါတယ်။

    စက်တင်ဘာ ၁၉ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်အနီးမှာ ကျင်းပတဲ့ ဆန္ဒထုတ်ဖော်ပွဲကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်လည်း တက်ရောက်ပါတယ်။

    “အခုအနေအထားအထိ သိရှိ၊ ကြားသိထားရတဲ့အချက်အလက်တွေအရ အရင်နှစ်တွေကလို ပုံစံမျိုးနဲ့ သွားဖို့ ဆက်ရှိနေမယ်။ လွယ်လွယ်ပြောရရင် Status ကို ဆက်ရှိနေမယ်ဆိုတာမျိုးတော့ ကြားသိနေရတာ ရှိပါတယ်” လို့ ဦးကျော်မိုးထွန်းကပြောပါတယ်။

    နောက်ပြီး စက်တင်ဘာ ၈ ရက်နေ့က နေ စတင်ကျင်းပနေတဲ့ ၈၁ ကြိမ်မြောက် ကုလအထွေထွေညီလာခံအစည်းအဝေးတွေကိုလည်း စတင်တက်ရောက်လျက်ရှိတယ်လို့ ပြောပါတယ်။

    အဖွဲ့ဝင် ၉ နိုင်ငံပါတဲ့ ကုလသမဂ္ဂ အရည်အချင်းစိစစ်ရေးကော်မတီဟာ အငြင်းပွားမှုဖြစ်တဲ့ ကိုယ်စားပြုမှုတွေကို စက်တင်ဘာ ၁၈ ရက်ကနေ ၂၈ ရက်အတွင်း ပြန်သုံးသပ်သွားဖို့ရှိနေပါတယ်။

    ဒီအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို ကုလအထွေထွေညီလာခံကို ပေးပို့သွားမှာဖြစ်ပါတယ်။

    ဒီပွဲကို တက်ရောက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်ရှိဖို့မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

    စက်တင်ဘာ ၁၉ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံပွဲမှာ မိန့်ခွန်းပြောနေတဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်

    ဓာတ်ပုံ ရင်းမြစ်, Sethu Win

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၉ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံပွဲမှာ မိန့်ခွန်းပြောနေတဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်

    အခုဆိုရင် တောင်ကိုရီးယား၊ ကနေဒါ၊ ဩစတေးလျနိုင်ငံတွေအပါအဝင် ကမ္ဘာတဝန်းမှာရှိတဲ့ မြန်မာတွေက ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ဆက်ရှိရေး ထောက်ခံဆန္ဒထုတ်ဖော်ပွဲတွေ ဆက်တိုက်ပြုလုပ်နေကြပါတယ်။

    အမေရိကန်ပြည်ထောင်စုမှာသာမက တောင်ကိုရီးယား၊ ဂျပန်နဲ့ ဥရောပမှာဆို ပြင်သစ်တို့မှာလည်း ဦးကျော်မိုးထွန်းကို သံတမန်အဖြစ်ဆက်ထားရှိရေးအတွက် ထောက်ခံကြောင်းပြသတဲ့ ဆန္ဒဖော်ထုတ်ပွဲတွေ ပြုလုပ်သွားတာ တွေ့ရပါတယ်။

    ကုလက မြန်မာကိုယ်စားပြုမှုကို စိစစ်သွားဖို့ရှိနေချိန်မှာပဲ နေပြည်တော်ဟာ ဦးကျော်မိုးထွန်းကို ဖမ်းဆီးဖို့ အင်တာပိုရဲတပ်ဖွဲ့ နဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ စက်တင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

    ဦးကျော်မိုးထွန်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ မတရားအသင်းအက်ဥပဒေပုဒ်မတို့အပါအဝင် အမှု ၅ ခုနဲ့ စွဲချက်ဖွင့် တရားစွဲထားတယ်လို့ လည်း နေပြည်တော်က နိုင်ငံပိုင်သတင်းမီဒီယာတွေကနေ ကြေညာခဲ့ပါတယ်။

    ဒါ့အပြင် ဦးကျော်မိုးထွန်းကို နိုင်ငံ့ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ပြီးဖြစ်ပေမဲ့ ဘဏ်ငွေစာရင်းထဲက နိုင်ငံပိုင်ဘဏ္ဍာငွေ ကန်ဒေါ်လာ ၂ ဒသမ ၇၆ သန်းနဲ့ ယူရို ၃၈,၀၀၀ ကျန်ငွေကိုလည်း ခွင့်ပြုချက်မရှိဘဲ ထုတ်ယူသုံးစွဲမှုနဲ့ ကိုယ်ကျိုးအတွက် အလွဲသုံးမှုတွေလုပ်ခဲ့တယ်လို့ နေပြည်တော်က စွပ်စွဲထားပါတယ်။

    ကုလသမဂ္ဂဟာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုသူ နေရာကို မြန်မာမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ဆုံးဖြတ်ချက် ရွှေ့ဆိုင်းခဲ့တာဖြစ်လို့ အရင်သံအမတ် ဦးကျော်မိုးထွန်းကပဲ မြန်မာကိုယ်စားပြုသူနေရာမှာ ဆက်ရှိနေတာဖြစ်ပါတယ်။

  5. မင်္ဂလာပါ။ စက်တင်ဘာ ၂၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။