အာဆီယံတွေ့ခွင့်တောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ICRC နဲ့ ပေးတွေ့

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း အထောက်အထားပြသဖို့ သားဖြစ်သူက နိုင်ငံတကာသိ လှုပ်ရှားမှု တွေလုပ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း အထောက်အထားပြသဖို့ သားဖြစ်သူက နိုင်ငံတကာသိ လှုပ်ရှားမှု တွေလုပ်နေပါတယ်။
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မီတီ (ICRC) ကိုယ်စားလှယ်နဲ့ ဩဂုတ် ၃ ရက် မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခွင့်ပြုခဲ့ပါတယ်။

ဒီတွေ့ဆုံမှုဟာ နေပြည်တော်မှာ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် မစတင်ခင် သုံးရက်အလိုမှာ ဖြစ်ပေါ်လာတာပါ။

တစ်ဖက်မှာလည်း ပြီးခဲ့တဲ့ နှစ်နှစ်ခွဲလောက်က အင်္ဂလန်က သားဖြစ်သူထံ စာပေးပို့ခဲ့ပြီးတဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ရှိနေကြောင်း အတည်ပြုနိုင်တဲ့ ပြင်ပနဲ့ ပထမဆုံး ဆက်သွယ်မှုလည်း ဖြစ်လာပါတယ်။

ဒီတွေ့ဆုံမှုဟာ အာဆီယံနဲ့ နိုင်ငံတကာက နှစ်ရှည်လများ တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပေးရေးအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်မလား။ ဒါမှမဟုတ် သံတမန်ရေးဖိအားကို လျှော့ချဖို့ တွက်ချက်ထားတဲ့ နေပြည်တော်ရဲ့ ခြေလှမ်းတစ်ရပ်ပါလား။

ICRC ကိုယ်စားလှယ်နဲ့ တွေ့ဆုံစကားပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဓာတ်ပုံမှာ တွေ့ရပြီး၊ မကြာသေးမီက နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar Military Information Committee

ဓာတ်ပုံ ပုံစာ, ICRC ကိုယ်စားလှယ်နဲ့ တွေ့ဆုံစကားပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဓာတ်ပုံမှာ တွေ့ရပြီး၊ မကြာသေးမီက ပြောင်းရွှေ့ချုပ်နှောင်ထားတဲ့ နေအိမ်တစ်ခုမှာလို့ ယူဆရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပြုခဲ့တာဟာ လေးနှစ်နီးပါးအတွင်း အစိုးရအဖွဲ့ဝင်မဟုတ်သူတွေနဲ့ ပထမဆုံး အတည်ပြုနိုင်တဲ့ တွေ့ဆုံမှု ဖြစ်ပါတယ်။

ICRC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Arnaud de Baecque နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်နေပုံ ပေါ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ကျန်းမာရေးအခြေအနေ အသေးစိတ်နဲ့ တွေ့ဆုံချိန်အတွင်း ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။

ICRC ကတော့ "ဒီတွေ့ဆုံမှုကို လွတ်လပ်ခွင့် ဆုံးရှုံးထားသူများထံ သွားရောက်တွေ့ဆုံရာမှာ ICRC ရဲ့ စံနှုန်းနဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့် စကားပြောခွင့်လည်း ပါဝင်ပါတယ်" လို့ ထုတ်ပြန်ပါတယ်။

ICRC ရဲ့ လုပ်ငန်းဆောင်ရွက်ပုံအရ အခုလို ထိန်းသိမ်းခံထားရသူတွေဆီ သွားရောက်တွေ့ဆုံမှုတွေက မိသားစုဝင်တွေနဲ့ သတင်းစကား အပြန်အလှန်ပေးပို့နိုင်တဲ့ အခွင့်အရေးလည်း ရရှိပြီး၊ တွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကိုတော့ ထိန်းသိမ်းထားတဲ့ အာဏာပိုင်တွေဆီကိုသာ သီးသန့်နဲ့ လျှို့ဝှက်စွာ မျှဝေသွားမယ်လို့ ICRC က ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မိခင်ဖြစ်သူကို ICRC က သွားရောက်တွေ့ဆုံတဲ့ သတင်းကို လန်ဒန်က သားဖြစ်သူ ကင်မ် အဲရစ်စ် က ကြိုဆိုခဲ့ပြီး "ဒါဟာ ကျွန်တော့်အမေအတွက် ငါးနှစ်ကျော်အတွင်း ပထမဆုံး အပြုသဘောဆောင်တဲ့ တိုးတက်မှု ဖြစ်ပါတယ်။ ဒါဟာ ပထမခြေလှမ်း ဖြစ်နိုင်ပေမယ့် နောက်ဆုံးခြေလှမ်းတော့ မဖြစ်သင့်ပါဘူး" လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

နေပြည်တော်က ထုတ်ပြန်တဲ့ ဓာတ်ပုံလေးပုံထဲက နှစ်ပုံမှာ ဒေါ်အောင်ဆန်းစုကြည်ကို ICRC ကိုယ်စားလှယ် Arnaud de Baecque နဲ့အတူ ကုလားထိုင်နှစ်လုံးနဲ့ စားပွဲတစ်လုံးသာရှိတဲ့ သစ်သားနံရံကာ အခန်းတစ်ခုအတွင်း တွေ့ရပါတယ်။

နောက်ထပ် ဓာတ်ပုံတစ်ပုံမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့နာမည် ရေးသားထားတဲ့ မွေးနေ့ကိတ်ကို လှီးနေတာ တွေ့ရပြီး၊ နောက်ခံမှာ အဝတ်ချိတ်စင်တစ်ခုနဲ့ ပစ္စည်းသိုလှောင်တဲ့ ပလတ်စတစ်ပုံးတွေကို တွေ့မြင်ရပါတယ်။

စတုတ္ထမြောက် ဓာတ်ပုံကတော့ "Happy Birthday Aunty Suu 19.6.2026" လို့ ရေးသားထားတဲ့ မွေးနေ့ကိတ်ကို အနီးကပ်ရိုက်ထားတဲ့ ပုံဖြစ်ပါတယ်။

အဲဒီမွေးနေ့ကိတ်ကို နေပြည်တော်က ကိတ်မုန့်ဆိုင်တစ်ခုက ပြုလုပ်ပေးခဲ့ကြောင်း အဲဒီဆိုင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဇူလိုင် ၂၄ ရက်က တင်ထားခဲ့ပေမယ့်၊ ဒီနေ့မှာတော့ အဲဒီကိတ်မုန့်နဲ့ ပတ်သက်တဲ့ ဓာတ်ပုံ ကို ဖြုတ်ချလိုက်ပါတယ်။

ICRC ကိုယ်စားလှယ်နဲ့ နှုတ်ဆက်စကားပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ICRC ကိုယ်စားလှယ်နဲ့ နှုတ်ဆက်စကားပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ဟာ အိမ်နီးချင်းနိုင်ငံတွေကို တရားဝင်ခရီးစဉ်တွေ ဆက်တိုက်သွားရောက်ပြီး သံတမန်ရေးအရ အထီးကျန်နေတဲ့ အခြေအနေကို လျှော့ချဖို့ ကြိုးပမ်းနေပါတယ်။

ဒါပေမဲ့ အာဆီယံအပါအဝင် နိုင်ငံတကာက နေပြည်တော်ကို အဓိကတောင်းဆိုနေတဲ့ အချက်တွေကတော့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ဖြစ်ပါတယ်။

အဲဒီတောင်းဆိုချက်တွေကို အခုအချိန်အထိ အကောင်အထည်မဖော်သေးတာကြောင့် တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ မဟာမိတ်နိုင်ငံတချို့က လွဲပြီး အာဆီယံနိုင်ငံအများစုနဲ့ အနောက်နိုင်ငံတွေက နေပြည်တော်အစိုးရကို သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုတွေမှာ ဆက်လက်ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

အဲဒီတောင်းဆိုချက်တွေကို နေပြည်တော်က ဆက်လက်ငြင်းဆန်နေဆဲဖြစ်ပေမယ့် ICRC ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုလိုက်တာဟာ အနည်းဆုံး ဒီကိစ္စတစ်ခုမှာတော့ လိုက်လျောမှု ပြသလိုက်တဲ့ အရိပ်အယောင်တစ်ရပ်ဖြစ်တယ်လို့ ဘီဘီစီ ရဲ့ အရှေ့တောင်အာရှသတင်းထောက် ဂျိုနသန် ဟက်က သုံးသပ်ပါတယ်။

ဒီတွေ့ဆုံမှုဟာ ဦးမင်းအောင်လှိုင်ရဲ့ သြဂုတ် ၆ ရက်နဲ့ ၇ ရက် ထိုင်းနိုင်ငံခရီးစဉ်မတိုင်ခင် ရက်ပိုင်းအလိုမှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုထားသလို မြန်မာစစ်တပ်ကျောထောက်နောက်ခံပြု အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်ဖို့လည်း အချက်ပြထားပါတယ်။

မကြာခင် မြန်မာနိုင်ငံကို အာဆီယံအထူးသံတမန်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို လာရောက်မယ့် ခရီးစဉ်လည်း ရှိနေပါတယ်။

ထိုင်းနိုင်ငံအပြင် တရုတ်၊ အမေရိကန်၊ ဗြိတိန်နဲ့ တခြားနိုင်ငံတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပိုမိုပွင့်လင်းမြင်သာမှုရှိဖို့ နေပြည်တော်ကို ဖိအားပေးနေကြပါတယ်။

နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုမရှိတဲ့ ICRC ကို တွေ့ဆုံခွင့်ပြုခဲ့တာက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးခေါင်းဆောင်တစ်ဦးထက် ထိန်းသိမ်းခံထားရသူတစ်ဦးအဖြစ်သာ ကိုင်တွယ်လိုတဲ့ စစ်အုပ်စုရဲ့ သဘောထားကို ထင်ဟပ်နေတယ်လို့ သုံးသပ်သူတချို့က ရှုမြင်ကြပါတယ်။

ဖက်ဒရယ်စနစ်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း Forum of Federations ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး၊ အာဆီယံရေးရာကျွမ်းကျင်သူ ဦးဝင်းမင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး လူသိရှင်ကြား တွေ့ဆုံမှုအတွက် ICRC ကို နေပြည်တော်က ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့တာလို့ သုံးသပ်ပါတယ်။

"ICRC ကို ရွေးပြီး ပေးတွေ့တာက အာဆီယံနဲ့ နိုင်ငံတကာက တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ပြီး ကျန်းမာနေတယ်ဆိုတာကို သက်သေပြရာရောက်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအဆင့်အတန်းကို မပေါ်လွင်စေဘဲ သာမန်အကျဉ်းသားတစ်ဦးအဖြစ်သာ ပုံဖော်လိုတဲ့ သဘောလည်း ပါတယ်" လို့ ဦးဝင်းမင်းက ဘီဘီစီ ကို ပြောပါတယ်။

ဦးဝင်းမင်းရဲ့ သုံးသပ်ချက်အရ ICRC နဲ့ တွေ့ဆုံခွင့်ပြုလိုက်ပြီးနောက် အာဆီယံအထူးသံတမန်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးလာနိုင်သလို၊ ထိုင်းအစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်ပေးလာနိုင်တဲ့ အလားအလာလည်း ရှိနေတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ဦးမင်းအောင်လှိုင်က သူ့အစိုးရ ရက် ၁၀၀ စီမံချက်နဲ့ ပတ်သက်ပြီး မကြာသေးခင်က လွှတ်တော်ကနေ စကားပြောချိန်မှာ အာဆီယံက မြန်မာအပေါ်ခွဲခြားဆက်ဆံမှုတွေကို မနှစ်မြို့ကြောင်းပြောခဲ့ပြီး ကိစ္စတစ်ခုချင်းစီအလိုက် သင့်တော်သလို တုံ့ပြန်သွားမယ်လို့လည်း ပြောသွားပါတယ်။

ဒါကြောင့် အာဆီယံက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့တောင်းဆိုနေတာကို ICRC ကိုယ်စားလှယ်ကိုပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာရှိနေကြောင်း သက်သေပြခဲ့ပြီးပြီမို့ အာဆီယံနဲ့ပေးတွေ့စရာမလိုတော့ဘူးလို့ ရပ်တည်နိုင်ခြေရှိပါတယ်။

အာဆီယံရဲ့တောင်းဆိုချက်ကို လိုက်လျောဖို့ဆိုရင် မြန်မာဘက်က နိုင်ငံရေးအရ ကိုယ်စားပြုသူကို အာဆီယံစည်းဝေးပွဲတွေတက်ခွင့်ပြုဖို့ ကိစ္စနဲ့ အပေးအယူသဘောမျိုးလုပ်လာနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ICRC ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲတို့ တွေ့ဆုံခဲ့တဲ့ သတင်းနဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာတာကို ကြိုဆိုလိုက်ပါတယ်။

ဒီတွေ့ဆုံမှုဟာ ဇူလိုင် ၁၂ ရက်က ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ အလွတ်သဘော တွေ့ဆုံမှုအပြီး၊ အခုလာမယ့် မြန်မာသမ္မတရဲ့ ထိုင်းနိုင်ငံခရီးစဉ်မတိုင်ခင် ထွက်ပေါ်လာတာဖြစ်တယ်လို့လည်း သူက ထည့်ပြောပါတယ်။

''ထိုင်းနိုင်ငံအနေနဲ့ မြန်မာအစိုးရက ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရရှိဖို့အတွက် အခုထက်ပိုတဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ မျှော်လင့်ထားပါတယ်'' လို့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က သြဂုတ် ၃ ရက်ညနေပိုင်းက ထုတ်ပြန်ချက်မှာထည့်ပြောထားပါတယ်။

၂၀၂၃ ခုနှစ်ကတော့ ထိုင်းနိုင်ငံရဲ့ အဲဒီအချိန်က ထိုင်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက နေပြည်တော်ကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်း အာဆီယံအစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတွေ့ဆုံမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဘယ်ဘက်ကမှ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးလှုပ်ရှားမှုပွဲတစ်ခုမှာတွေ့ရတဲ့ ကင်မ်အဲရစ်

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးလှုပ်ရှားမှုပွဲတစ်ခုမှာတွေ့ရတဲ့ ကင်မ်အဲရစ်

NLD ပါတီအမတ် ဦးဘိုဘိုဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ICRC အပြင် မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ပေးဖို့၊ အာဆီယံနဲ့ ကုလသမဂ္ဂလို နိုင်ငံတကာ ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခွင့်ပြုသင့်တယ်လို့ ပြောပါတယ်။

"ICRC နဲ့ ပေးတွေ့ပြီး ဒီမှာတင် ရပ်သွားတာမျိုး မဖြစ်သင့်ဘူး။ မိသားစုနဲ့လည်း ပေးတွေ့ရမယ်။ အာဆီယံ၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့လည်း ဒီထက်ပိုပြီး တွေ့ဆုံခွင့်ပေးသင့်တယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရမယ်" လို့ ဦးဘိုဘိုဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အခုနှစ် မေလ ၁ ရက် ကဆုန်လပြည့်နေ့ လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဥ်းထောင်ကနေ အိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားကြောင်း နေပြည်တော်က ကြေညာခဲ့ပါတယ်။

တစ်ဖက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို အခုလို ထုတ်ဖော်ပြသလိုက်တာဟာ သူ့ရဲ့ ကျန်းမာရေးနဲ့ အသက်ရှင်နေမှုအပေါ် နိုင်ငံတကာရဲ့ နှစ်ရှည်လများ စိုးရိမ်မှုတွေထဲက အရေးကြီးတဲ့ အချက်တစ်ချက်ကို တုံ့ပြန်လိုက်တာဖြစ်တယ်လို့ သုံးသပ်ချက်တွေရှိပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတဲ့ ပြည်တွင်းပြည်ပ အင်အားစုတွေအတွက် ဒီတွေ့ဆုံမှုဟာ အပြုသဘောဆောင်တဲ့ သတင်းဖြစ်တယ်လို့ ဆိုပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ ဆက်ပြီး ရှိနေဦးမယ်လို့ ကျွန်တော်တို့ မြင်ပါတယ်" လို့ သူက ပြောပါတယ်။