ကြက်ဥဈေးတစ်လုံး ၇၀၀ ဖြစ်လာခြင်းရဲ့ နောက်ကွယ်မှာ ဘာရှိလဲ

အနီရောင်အင်္ကျီဝတ်ထားတဲ့ သက်လတ်ပိုင်း မြန်မာအမျိုးသမီးတစ်ဦး ကြက်ဥဗန်းတွေနောက်မှာ ပိုက်ဆံအချို့ကို ရေတွက်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

မြန်မာမှာ ကြက်ဥတစ်လုံးကို ငွေကျပ် ၇၀၀ ပေးဝယ်ရတဲ့ခေတ်ကို ရောက်လာပါပြီ။ ၂၀၂၁ စစ်အာဏာမသိမ်းခင် အခြေအနေနဲ့ နှိုင်းယှဥ်ရင် အခု ၆ နှစ်နီးပါးအတွင်းမှာ ၇ ဆ စျေးတက်သွားတာပါ။

အခြေခံစားသောက်ကုန်တစ်မျိုးရဲ့ ဈေးနှုန်း ဒီလိုစျေးခုန်တက်လာတာဟာ ငွေကြေးဖောင်းပွမှုတင်မကပါဘူး။ နေပြည်တော်ခေါင်းဆောင်ဦးမင်းအောင်လှိုင်ရဲ့ အမေရိကန်ဒေါ် လာထိန်းချုပ်တဲ့မူဝါဒ၊ သွင်းကုန်လိုင်စင်တင်းကျပ်ထားတာတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နေတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ စီးပွားရေးပညာရှင်တချို့က သုံးသပ်ကြပါတယ်။

မြန်မာမှာ ကြက်ဥစျေးနှုန်းမြင့်တက်လာတဲ့အခြေခံအကြောင်းအချက်တွေကို ရှင်းပြထားပါတယ်။

ကြက်ဥဈေး ဘာကြောင့်တက်

ဥစားကြက်ခြံမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ကြက်မွေးမြူရေးလုပ်ငန်းတချို့ ပိတ်ကုန်လို့ ဥစားကြက်အရေအတွက် ကျဆင်းနေတာက ကြက်ဥဈေးတက်ရတဲ့အကြောင်းရင်းတစ်ရပ်ဖြစ်နေပါတယ်

လူဦးရေ ၇ သန်းနေထိုင်တဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာ ၂၀၂၆ ဇွန်လက ကြက်ဥအရွယ်အစားအလိုက် ကျပ် ၃၅၀ ကနေ ၅၅၀ ကြား ပေးဝယ်ခဲ့ရပါတယ်။ တစ်လအတွင်း ဇူလိုင်မှာ ကြက်ဥတစ်လုံးဈေးဟာ ကျပ် ၁၅၀ လောက် ခုန်တက်ပြီး အရွယ်အစားပေါ်မူတည်ကာ ကျပ် ၆၀၀ ကနေ ၇၀၀ အထိ ရောက်လာပါတယ်။

နေ့စဉ်အခြေခံစားသောက်ကုန်တစ်မျိုး ဖြစ်တဲ့ ကြက်ဥဈေး မြင့်တက်လာတာကြောင့် စားသုံးသူတွေကလည်း ဝယ်ယူပုံကို ပြောင်းလဲလိုက်ကြရပါတယ်။

"အရင်စားနေကျ အရွယ်ဆို တစ်လုံး ကျပ် ၇၀၀ ဖြစ်သွားတော့ အခုတော့ ဈေးသက်သာတဲ့ ကျပ် ၅၅၀ နဲ့ ရနိုင်တဲ့ အလုံးသေးကိုပဲ ဝယ်စားရတယ်။ ကျောင်းသားရှိတော့ အိမ်မှာ ကြက်ဥက မရှိမဖြစ်လိုတယ်" လို့ ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီက အနည်းဆုံး အိမ်ရှင်မ ၃ ဦးလောက်နဲ့ စကားပြောခဲ့မေးခဲ့ပေမဲ့ လွတ်လပ်စွာထုတ်ပြောခွင့် အကန့်အသတ်ရှိနေတဲ့ မြန်မာရဲ့အခြေအနေကြောင့် သူတို့နာမည်တွေကို သုံးစွဲဖို့ငြင်းဆိုပါတယ်။

ကြက်ဥဟာ မြန်မာမှာ ဈေးအသက်သာဆုံး ပရိုတင်းရင်းမြစ်တွေထဲက တစ်ခုဖြစ်သလို မုန့်ဖုတ်လုပ်ငန်းနဲ့ အစားအစာထုတ်လုပ်ရေးမှာလည်း မရှိမဖြစ် ကုန်ကြမ်းတစ်ခု ဖြစ်ပါတယ်။ ဒီလို ဝယ်လိုအားမြင့်တဲ့ ကြက်ဥဈေးက ဘာကြောင့် တစ်လအတွင်း သိသိသာသာ မြင့်တက်လာရတာလဲ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဇူလိုင် ၁၇ ရက်ကလုပ်တဲ့ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးမှာ မွေးမြူရေးလုပ်ငန်းရှင်တွေက အကြောင်းရင်း လေးချက်ကို ထောက်ပြထားပါတယ်။

  • ကာကွယ်ဆေးနဲ့ အစာကုန်ကြမ်းသွင်းအားစုလိုအပ်ချက်တွေကြောင့်မွေးမြူရေးထုတ်ကုန်တွေရဲ့ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်လာတာ
  • အရင်နှစ်တွေက ဥစားကြက်ပေါက်ထုတ်လုပ်မှုနဲ့ ဝယ်လိုအားတို့ အချိန်နဲ့တပြေး ညီမဖြစ်ခဲ့တာ
  • ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက ကြက်တွေရောဂါကျရောက်ဖြစ်ပွားတာ
  • ကျောင်းဖွင့်ရာသီမှာ ကြက်ဥလိုအပ်ချက်မြင့်မားလာတာကြောင့် ဝယ်လိုအားနဲ့ ရောင်းလိုအား ကွာဟချက်ဖြစ်တာ

ကြက်မွေးမြူရေးရဲ့မရှိမဖြစ် ကြက်အစာဈေးတွေက တစ်လကို နှစ်ခါတက်နေတယ်လို့ တိရစ္ဆာန်အစာနဲ့ ဆေးဆိုင်ဖွင့်ထားသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ ပြည်တွင်းမှာ ထုတ်လုပ်ဖြန့်ချိတဲ့ကြက်စာတွေရှိပေမဲ့ အများစုက ပြည်ပက တင်သွင်းနေတာဖြစ်တယ် လို့ သူကပြောပါတယ်။

၂၀၂၀ ခုနှစ်က ကြက်စာတစ်အိတ်ကို ကျပ် ၄ သောင်းဝန်းကျင်ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းနှစ်တွေမှာ တရိပ်ရိပ်မြင့်တက်လာတဲ့အစာစျေးနှုန်းက တစ်အိတ်ကို ကျပ် တစ်သိန်းကျော် ပေးလာရပါတယ်။

"အခုနှစ် အစပိုင်းမှာ ကြက်စာတစ်အိတ်ကို ကျပ် တစ်သိန်းနှစ်သောင်းလောက်ရှိတယ်။ အခုဒီလထဲမှာတော့ တစ်သိန်း ခုနှစ်သောင်းလောက်ဖြစ်လာပြီ" လို့ ဆိုပါတယ်။

ကြက်မွေးမြူရေးအတွက် ကာကွယ်ဆေးတွေမှာလည်း EDS ကာကွယ်ဆေးဆိုရင် တစ်လုံးကို ကျပ် ၅ သိန်းဝန်းကျင်ဖြစ်လာတယ်လို့ ဈေးကွက်ထဲကနေ စုံစမ်းသိရပါတယ်။ EDS ကာကွယ်ဆေး ဆိုတာ Egg Drop Syndrome (EDS)လို့ခေါ်တဲ့ ဥစားကြက်တွေမှာ ဖြစ်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးကို ကာကွယ်ဖို့ ထိုးပေးတဲ့ ကြက်ကာကွယ်ဆေးဖြစ်ပါတယ်။

"ကျွန်တော့်အတွေ့အကြုံအရတော့ အစာရော၊ ဆေးပါ ဝယ်ရ ခက်လာတာပေ့ါ။ လိုသလောက်မရဘူး။ အရင်က ဆိုလိုတာဝယ်ပြီး တင်ရောင်းရုံပဲ။ အခုတော့ လိုတာရဖို့ ရှာဖွေဝယ်ရောင်းရတယ်" လို့ တိရစ္ဆာန်အစာနဲ့ ဆေးဆိုင်ဖွင့်ထားသူ ကပြောပါတယ်။

သွင်းကုန်ကန့်သတ်ချက်ကြောင့် နိုင်ငံခြားက တင်သွင်းရတဲ့တိရစ္ဆာန်အစာနဲ့ ဆေးဝါးတွေက ဈေးတွေ မြင့်တက်လို့ ထုတ်လုပ်တဲ့စရိတ်တက်လာချိန်မှာ ကြက်ဥဈေးကျသွားလို့ ဒီနှစ်ထဲမှာကြက်ခြံတွေ ပိတ်လိုက်ရတာရှိတယ်လို့ ကြက်ခြံလုပ်ငန်းလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

''ကြက်စာသွင်းတဲ့သူတွေက တခြားသွင်းကုန်သမားလိုပဲ ပို့ကုန်ရငွေပြပြီးမှ သွင်းကုန်သွင်းလို့ရမယ်ဆိုတဲ့ မူဝါဒအတိုင်းပဲ သွားနေတာကြောင့် ဖြစ်လာတာပါ'' လို့ ကြက်မွေးမြူရေးလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ကြက်မွေးမြူရေးသမားနဲ့ အစာ/ဆေးရောင်းတဲ့သူကတော့ CP လို မွေးမြူရေး ထုတ်ကုန်ကုမ္ပဏီကြီးတွေကတဆင့် ပြန်ဝယ်ရယူကြရပါတယ်။ ဒါပေမဲ့ အဲဒီလိုကုမ္ပဏီကြီးတွေကနေ တဆင့်ပြန်ဝင်ရင်တောင် လိုသလောက်ဝယ်မရတဲ့ပြဿနာ ရှိနေပါတယ်။

၂၀၂၆ ခုနှစ် ဧပြီလမှာတော့ ကြက်ဥ တစ်ပိဿာ ထုတ်လုပ်စရိတ်ဟာ ကျပ် ၉,၅၀၀ ဝန်းကျင်ရှိခဲ့ပေမယ့် ခြံအရောင်းဈေးက ကျပ် ၈,၀၀၀ အထိ ထိုးကျခဲ့ပါတယ်။

ကြက်ခြံတွေက ကြက်ဥကို ပိဿာအလိုက် ရောင်းချကြပြီး တစ်ပိဿာမှာ ကြက်ဥအရွယ်အစားပေါ်မူတည်ကာ ပျမ်းမျှ ၂၆ လုံးကနေ ၃၀ လုံးအထိ ပါဝင်ပါတယ်။

ထုတ်လုပ်စရိတ်ထက် အရောင်းဈေး ကျဆင်းခဲ့တဲ့အပြင် နိုင်ငံတွင်း တိုက်ပွဲတွေနဲ့ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲတွေကြောင့် ကြက်ဥတွေကို နယ်ဒေသတွေဆီ ဆက်လက်မဖြန့်ဖြူးနိုင်ဘဲ ဒိုင်တွေမှာ ပုံနေခဲ့တယ်လို့ ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ ကြက်ဥဒိုင်တချို့က ပြောပါတယ်။

အဲဒီနောက် ဒိုင်တွေက အဝယ်ရပ်နားခဲ့တာကြောင့် ဈေးကွက်လည်း ရပ်တန့်သွားခဲ့ပါတယ်။

"အဲဒီကာလကစလို့ အရှုံးကို တောင့်ခံနိုင်တဲ့ လက်ကြီးသမားတွေကလွဲရင် ခြံသမားတော်တော်များများ ရပ်ကုန်တယ်" လို့ ကြက်မွေးမြူရေးနဲ့ ကြက်သားပေါက် ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

မွေးမြူရေးလုပ်ငန်း ပြန်လည်နာလန်ထူဖို့ ကြိုးစားနေချိန်မှာလည်း ရာသီဥတုပူပြင်းလာမှုကြောင့် ဥစားကြက်တွေ ရောဂါဖြစ်ပွားပြီး သေဆုံးမှုတွေ ထပ်မံကြုံခဲ့ရတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

"အရင်နှစ်ကထက် သေတဲ့အကောင်ရေ ပိုများတယ်။ ရန်ကုန်ဘက်မှာ ပိုဖြစ်တယ်။ ရာသီဥတုကြောင့်လည်း ပါမယ်။ ဥစားကြက်တွေက အပူဒဏ်ကို မခံနိုင်ဘူး" လို့ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒီလို ခြံတွေလျော့နည်းသွားတာနဲ့ ဥစားကြက် သေဆုံးမှုတွေကြောင့် ဈေးကွက်ထဲ ဝင်လာတဲ့ ကြက်ဥ ရောင်းလိုအားလည်း ကျဆင်းသွားပါတယ်။

တစ်ဖက်မှာတော့ ဝယ်လိုအားက ဆက်လက်ရှိနေတဲ့အတွက် ရောင်းလိုအားနဲ့ ဝယ်လိုအား မညီမျှတော့ဘဲ ကြက်ဥဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာခဲ့တာဖြစ်တယ်လို့ လုပ်ငန်းရှင်တချို့က ရှင်းပြပါတယ်။

"ဒိုင်ကြီးကနေ ယူရတဲ့ဈေးက မနေ့နဲ့ ဒီနေ့တောင် မတူဘူး။ မနေ့က တစ်လုံး ၅၃၀ ကနေ ၅၅၀ နဲ့ ဝယ်ရတယ်။ ဒီနေ့တော့ ၅၄၀ ကနေ ၅၆၀ ဖြစ်သွားပြီ။ လက်လီရောင်းတဲ့သူကလည်း တက်ဈေးအတိုင်း လိုက်ရောင်းရတော့ နောက်ဆုံးစားသုံးသူပဲ ဝန်ပိတာပေါ့" လို့ ရန်ကုန်၊ လသာမြို့နယ်က ကြက်ဥလက်ကား/လက်လီဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

ကြက်ဥဈေး ပြန်ကောင်းလာတာကြောင့် ဥစားကြက်မွေးမြူရေးကို ပြန်စချင်သူတွေ ရှိလာပေမယ့် ကြက်ပေါက်ဈေးကလည်း မြင့်တက်နေပါတယ်။

"ဖေဖော်ဝါရီ၊ မတ်လတုန်းက ဘယ်သူမှ မမွေးချင်ကြတော့လို့ ကြက်ပေါက်ဈေး ကျခဲ့တယ်။ အခု ကြက်ဥဈေး ပြန်ကောင်းလာတော့ ပြန်မွေးချင်တဲ့သူ များလာပြီး ဈေးကွက်ထဲမှာ ကြက်ပေါက် မလုံလောက်တော့ဘူး" လို့ ကြက်ပေါက် ဖောက်ရောင်းသူတစ်ဦးက ပြောပါတယ်။

ဈေးကွက်အတွင်း စုံစမ်းချက်အရ ဥစားကြက်ပေါက်တစ်ကောင်ဈေးဟာ ကျပ် ၅,၀၀၀ ဝန်းကျင်ရှိနေပါတယ်။ ပြည်တွင်းမှာ အသုံးပြုတဲ့ကြက်မျိုးရင်းတွေကိုလည်း ပြည်ပက တင်သွင်းရတာဖြစ်တဲ့အတွက် မွေးမြူရေးလုပ်ငန်း ပြန်စမယ်ဆို သွင်းအားစု ပြဿနာက ဆက်ရှိနေပါတယ်။

မွေးမြူရေးလုပ်ငန်းရှင်တချို့ကတော့ ပြည်ပကတင်သွင်းရတဲ့ ကြက်စာကုန်ကြမ်း၊ ဆေးဝါးနဲ့ ကြက်မျိုးရင်းတွေ ရရှိရေး ပြဿနာတွေ ဆက်ရှိနေသရွေ့ ထုတ်လုပ်မှုပြန်တိုးဖို့ ခက်ခဲနေဦးမယ်လို့ သုံးသပ်ကြပါတယ်။

ဒါကြောင့် လတ်တလောမှာ ကြက်ဥဈေးဟာ သိသိသာသာ ပြန်ကျဆင်းဖို့ထက် လက်ရှိဈေးတန်းမှာ ဆက်ရှိနေနိုင်သလို ဆက်လက်မြင့်တက်နိုင်တယ်လို့ ဈေးကွက်အတွင်း ရောင်းဝယ်နေသူတွေက ခန့်မှန်းကြပါတယ်။

၂၀၂၃ ခုနှစ် ကကောက်ယူခဲ့တဲ့ ကြားဖြတ်တိရစ္ဆာန်ကောင်ရေ စာရင်းအရ မြန်မာမှာ ဥစားကြက်၊ အသားစားကြက်နဲ့ တိုင်းရင်းကြက်အပါအဝင် ကြက်ကောင်ရေ စုစုပေါင်း ၈၀ ဒသမ ၈၆ သန်းရှိပါတယ်။ အဲဒီအထဲမှာ တိုင်းရင်းကြက်က ၅၄ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ထက်ဝက်ကျော် ရှိပါတယ်။

စီးပွားဖြစ် ဥစားကြက်နဲ့ အသားစားကြက် မွေးမြူရေးခြံ အများစုကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးလို မြို့ကြီးတွေမှာရှိကြပြီး အဲဒီခြံတွေကို အလုံပိတ်စနစ် ဒါမှမဟုတ် ခြံစနစ်နဲ့ မွေးမြူကြပါတယ်။

ကြက်ဥစားတာ ရပ်လိုက်ရင် ဈေးကျလာမလား

ကြက်ဥတိုက်ရိုက်ရောင်းချတဲ့အစီအစဥ်ဗီနိုင်းစာရွက်ချိတ်ထားတဲ့ ကားနောက်ခန်းမှာ တန်းစီရပ်ပြီး ကြက်ဥဝယ်နေသူတွေ

ဓာတ်ပုံ ရင်းမြစ်, မွေးမြူရေးလုပ်ငန်းရှင်များအသင်း

ဓာတ်ပုံ ပုံစာ, ရန်ကုန်ကဈေးတွေကို အလှည့်ကျစနစ်နဲ့ သွားရောက်ပြီး ကြက်ဥတစ်လုံး ၅၅၀ ကျပ်နဲ့ လူတစ်ဦးကို ၁၀ လုံးစီ ရောင်းချပေးကာ ဈေးဆက် မတက်အောင် ထိန်းညှိတာရှိပါတယ်

လူမှုကွန်ရက်ပေါ်မှာတော့ ကြက်ဥကို နှစ်ပတ်လောက် မဝယ်စားဘဲ နေလိုက်ရင် ဈေးကျနိုင်တယ်ဆိုတဲ့ပြောဆိုချက်တချို့ ပျံ့နှံ့နေပါတယ်။

ဒါပေမဲ့ NLD အစိုးရလက်ထက် စီးပွားရေးပညာရှင်၊ ဒုတိယဝန်ကြီးဟောင်း ဒေါက်တာဆက်အောင်ကတော့ "ကြက်ဥလို မရှိမဖြစ် စားသောက်ကုန်တွေဟာ ဝယ်လိုအား ပြောင်းလဲမှုနည်းတဲ့ ကုန်ပစ္စည်းတွေဖြစ်လို့ ခဏတာမဝယ်ရုံနဲ့ ဈေးကွက်တစ်ခုလုံးရဲ့ဈေးနှုန်းကို ပြောင်းလဲနိုင်မှာမဟုတ်ပါဘူး" လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ သုံးသပ်ထားပါတယ်။

နေပြည်တော်ကတော့ နိုင်ငံခြားသုံးငွေ အထူးသဖြင့် အမေရိကန်ဒေါ်လာ အသုံးပြုတာကို လျှော့ချဖို့ သွင်းကုန်လိုင်စင်တွေ ချမပေးဘဲ တင်းကျပ်ထားတယ်လို့ သွင်းကုန်လုပ်ငန်းရှင်တချို့က ပြောပါတယ်။

သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေရဲ့ပြောဆိုချက်အရ ကြက်ဥဈေး မြင့်တက်လာရတဲ့အကြောင်းရင်းဟာ ဝယ်လိုအား တစ်ခုတည်းကြောင့် မဟုတ်ဘဲ ထုတ်လုပ်မှုအဆင့်ဆင့်မှာ ကြုံနေရတဲ့အခက်အခဲတွေနဲ့ ပိုသက်ဆိုင်နေပါတယ်။

ကြက်စာကုန်ကြမ်း၊ တိရစ္ဆာန်ကာကွယ်ဆေး၊ အားဆေးနဲ့ ကြက်သားပေါက် မျိုးရင်းတွေလို ပြည်ပက တင်သွင်းရတဲ့သွင်းအားစုတွေ လုံလောက်စွာ မရရှိတော့တာဟာ ထုတ်လုပ်မှုကို တိုက်ရိုက်ထိခိုက်စေတယ်လို့ ဆိုပါတယ်။

ဒီလို သွင်းအားစုရရှိမှု အခက်အခဲတွေက ထုတ်လုပ်မှု ကျဆင်းလာစေပြီး၊ ထုတ်လုပ်မှုကျဆင်းတာက ဈေးကွက်ထဲ ရောင်းလိုအားလျော့နည်းလာစေတဲ့ ဒိုမီနို အကျိုးဆက်တစ်ခု ဖြစ်လာပါတယ်။

အဲဒီအကျိုးဆက်ကို နောက်ဆုံး ခံစားရသူကတော့ စားသုံးသူတွေ ဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်ရဲ့ အနည်းဆုံးလုပ်ခ တစ်ရက် ကျပ် ၇,၈၀၀ ကို အခြေခံတွက်ချက်မယ်ဆိုရင် အလုပ်သမားတစ်ဦးဟာ တစ်ရက် ၈ နာရီ အလုပ်လုပ်ပြီး ကြက်ဥ ၁၁ လုံးခန့်သာ ဝယ်ယူနိုင်တဲ့အခြေအနေ ရှိနေပါတယ်။

ဈေးနှုန်းမြင့်တက်မှုကို လျှော့ချဖို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ကတော့ ရန်ကုန်မြို့အတွင်း ဈေးတွေမှာ ကြက်ဥတစ်လုံးကို ကျပ် ၅၅၀ နဲ့ အလှည့်ကျ ရောင်းချပေးနေတယ်လို့ကြေညာပါတယ်။

ဇူလိုင် ၂၀ ရက်ကစပြီး မနက် ၇ နာရီကနေ ၁၀ နာရီအထိ လူတစ်ဦးကို ကြက်ဥ ၁၀ လုံးနှုန်း ရောင်းချပေးနေတယ်လို့ ကြက်ဥရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

"အရင်းနီးပါးဈေးအတိုင်းပဲ ပြန်ရောင်းပေးနေရတာ" လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဒေါက်တာဆက်အောင် ကတော့ ဒီလိုလုပ်ဆောင်ချက်ဟာ ရေတိုဖြေရှင်းနည်းသာ ဖြစ်ပြီး ဈေးနှုန်းမြင့်တက်စေတဲ့ အရင်းခံအကြောင်းရင်းကို မဖြေရှင်းနိုင်ဘူးလို့ သုံးသပ်ပါတယ်။

ကြက်ဥတစ်လုံးကို ၅၅၀ ကျပ်နဲ့ ရောင်းစေတာဟာ ဈေးနှုန်းမလျော့နိုင်ဘဲ ရောင်းလိုအားသာ ပိုလျော့သွားစေနိုင်တယ်လို့ ဆိုပါတယ်။

"တိရစ္ဆာန်အစာ၊ ဆေး၊ ကုန်ကြမ်းနဲ့ အခြားထုတ်လုပ်ရေး လိုအပ်ချက်တွေ မလုံလောက်သရွေ့ ထုတ်လုပ်မှု တိုးဖို့ မဖြစ်နိုင်ဘူး။ ထုတ်လုပ်မှုမတိုးရင် ရောင်းလိုအားလည်း မတက်ဘူး။ ဝယ်လိုအားက အရင်အတိုင်းရှိနေသရွေ့ ဈေးနှုန်းကျဖို့ အကြောင်း မရှိပါဘူး။ ဒါက အခြေခံစီးပွားရေး သဘောတရားပဲ" လို့ သူက ပြောပါတယ်။

ဈေးနှုန်းကို အုပ်ချုပ်ရေးနည်းလမ်းနဲ့ ထိန်းချုပ်ဖို့ ကြိုးစားတာဟာ ကုန်ပစ္စည်းရှားပါးမှုကို ပိုဆိုးစေနိုင်တယ်ဆိုတဲ့ထောက်ပြချက်တွေလည်း ရှိနေပါတယ်။

ဒါ့အပြင် ကြက်ဥဈေးမြင့်တက်လာတာဟာ သွင်းကုန်ကန့်သတ်ချက်တစ်ခုတည်းကြောင့် မဟုတ်ဘဲ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ဆက်တိုက်ကြုံလာရတဲ့ မက်ခရိုစီးပွားရေး မတည်ငြိမ်မှုတွေရဲ့နောက်ဆက်တွဲဆိုးကျိုးတစ်ခုလို့လည်း သုံးသပ်ကြပါတယ်။

"လက်ရှိလုပ်နေတဲ့အရာတွေ မှားနေတယ်ဆိုတာကို သိဖို့လိုတယ်။ ပြန်ပြင်ချင်တဲ့ ဆန္ဒလည်း ရှိဖို့လိုတယ်။ ပြီးတော့ တကယ်ပြန်ပြင်ဖို့ လုပ်ငန်းစဉ်တွေလည်း ရှိဖို့လိုတယ်" လို့ ဒေါက်တာဆက်အောင်က ပြောပါတယ်။