ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှု မပြင်နိုင်သေးရင် လေးမျက်နှာရေဘေး ပိုဆိုးလာနိုင်
ငဝန်မြစ်ရေကာတာရဲ့ အတွင်းတာဘောင်ကျိုးပေါက်လို့ ဧရာဝတီတိုင်းထဲက လေးမျက်နှာတစ်မြို့လုံး အဆိုးဆုံးရေဖုံးလွှမ်းမှုဖြစ်နေတာ ရက်သတ္တပတ် ၁ ပတ် ရှိလာပါပြီ။
ဒါပေမဲ့ တာကျိုးပေါက်တဲ့နေရာကို လုံးဝမပြင်ဆင်နိုင်သေးလို့ ရေကျဖို့ နှောင့်နှေးခက်ခဲနေတယ်လို့ တာဘောင်ပြင်ဆင်ရေးလုပ်ငန်းထဲပါဝင်နေတဲ့ အမည်မဖော်လိုတဲ့ အဆင်မြင့်ဝန်ထမ်းတစ်ဦးနဲ့ ဒေသခံအချို့က ဩဂုတ် ၅ ရက်မှာ ဘီဘီစီကို ပြောပါတယ်။
လက်ရှိမှာ ရေကာတာရဲ့ အပြင်တာဘောင်ကလည်း နိမ့်ဆင်းလာနေသလို ငဝန်မြစ်ရေကလည်း အလုံးအရင်းနဲ့ ဆက်စီးဝင်နေတာကြောင့် တာဘောင် ထပ်မကျိုးဖို့အရေး အားစိုက်ဖြေရှင်းဖို့ကြိုးပမ်းနေကြရပါတယ်။
ရေကြီးမှုကလည်း လေးမျက်နှာမြို့နယ်တင်မက ငါးသိုင်းချောင်း၊ ရေကြည်နဲ့ ကျုံပျော်မြို့နယ်တွေအထိ ပျံ့နှံ့လာနေပါတယ်။ ဒါကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို စတင်ပြောင်းရွှေ့နေကြရပြီလို့ အဲဒီဒေသမှာ နေထိုင်တဲ့ ဒေသခံ သုံးဦးထက်မနည်းက ဘီဘီစီကို ပြောပါတယ်။
ငဝန်မြစ်ရေကာတာရဲ့ အတွင်းတာဘောင် ဘာကြောင့် ကျိုးပေါက်ခဲ့တာလဲ။ ကျိုးသွားတဲ့ တာဘောင်ကို ပြန်ပြင်ဆင်မှုအချိန်ကြာလာတာနဲ့ အမျှ လေးမျက်နှာနဲ့ အနီးတဝိုက်က ဒေသတွေ ဘာတွေဆက်ကြုံရနိုင်လဲ။
တာဘောင် ဘာကြောင့် ကျိုးပေါက်ခဲ့တာလဲ
ဧရာဝတီ၊ လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းရွာအနီးက ငဝန်မြစ်ရေကာတာ ရဲ့ အတွင်းဘောင်ဟာ ဇူလိုင် ၃၀ ရက်မှာ ကျိုးပေါက်ခဲ့တာဖြစ်ပါတယ်။
လုံခြုံရေးအရ အမည်မသုံးလိုတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်တစ်ဦးကတော့ ရေကာတာတာဘောင် ကျိုးပေါက်တာဟာ အကြောင်းရင်းတစ်ခုတည်းကြောင့် မဟုတ်ဘဲ အချက်အလက်ပေါင်းစုံ ကြောင့် ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
- မိုးသည်းထန်စွာ ရွာသွန်းလို့ မြစ်ရေဟာ တာဘောင်ခံနိုင်ရည်ထက် ကျော်လွန်မြင့်တက်လာတာ
- တာဘောင်အောက်ခြေက သဲနဲ့ မြေဆီလွှာ မခိုင်မာတာ
- အတွင်းပိုင်းကို ရေစိမ့်ဝင်ပြီး တိုက်စားမှုဖြစ်လာတာ
- ဆောက်လုပ်ချိန်က ကွန်ကရစ်အရည်အသွေး မပြည့်မီတာ
- နှစ်ရှည်ပြုပြင်ထိန်းသိမ်းမှု အားနည်းတာတွေ ပါဝင်နိုင်တယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ငလျင်လှုပ်ခတ်တာ၊ မြေပြိုတာလို သဘာဝဘေးအန္တရာယ်တွေကလည်း တာဘောင်ကို အားနည်းစေနိုင်တယ်လို့ သူက ထောက်ပြပါတယ်။
တာဘောင်ကျိုးရေဝင်ခဲ့လို့ ရေလွှမ်းမိုးနေတာ ၆ ရက်မြောက်လာတဲ့အထိ ဘာကြောင့်မပြင်နိုင်သေးတာလဲဆိုတဲ့ မေးခွန်းက အားလုံးမှာရှိနေပါတယ်။
ကျိုးပေါက်သွားတဲ့ နေရာဟာ ပေ ၁၀၀ ကျော် ကျယ်ဝန်းပြီး မြစ်ရေစီးအားသန်နေတာကြောင့်လို့ တာဘောင်ပြင်ဆင်ရေးမှာ ပါဝင်နေတဲ့အဆင်မြင့်အရာရှိတစ်ဦးက ရှင်းပြပါတယ်။
"မြစ်ရေစီးအား အရမ်းသန်နေလို့ အတွင်းတာဘောင်ကို မပြင်နိုင်သေးပါဘူး။ အပြင်တာဘောင်ကိုတော့ မကျိုးအောင် အရေးပေါ်ပြင်ဆင်နေပါတယ်။" လို့ သူကဆိုပါတယ်။
၁၉၉၁ ခုနှစ် ဧရာဝတီတိုင်းမှာ စံချိန်တင် ရေကြီးမှုဖြစ်ပြီးတဲ့နောက် ငဝန်မြစ်ရေကာတာရဲ့ အပြင်တာဘောင်ကို ထပ်မံတည်ဆောက်ခဲ့ပေမယ့် လက်ရှိမှာလည်း တချို့နေရာတွေ နိမ့်နေတဲ့အတွက် မြစ်ရေကျော်ဝင်နေတယ်လို့ သူက ပြောပါတယ်။
"အပြင်တာဘောင်ပါ ကျိုးသွားရင် ထိခိုက်မှု ပိုကြီးနိုင်တာကြောင့် အဲဒီဘောင်ကို အဓိက ကာကွယ်နေပါတယ်။" လို့သူကဆက်ပြောပါတယ်။
အစိုးရသစ်အဖွဲ့ရဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးအေးကျော်ကတော့ တိုင်းအစိုးရနဲ့ သက်ဆိုင်ရာဌာနတွေ ပူးပေါင်းပြီး ရေဝင်နေတဲ့နေရာကို တစ်ပတ်အတွင်း ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ဩဂုတ် ၄ ရက်က ထုတ်ပြန်ပြောဆိုထားပါတယ်။
"ရေဘေးကတော့ ဖြစ်သွားပြီပေါ့။ တာနိမ့်နေတဲ့နေရာကို ဆည်မြောင်းဦးစီဌာန၊ ဆောက်လုပ်ရေး၊ မြစ်ချောင်းဆိုင်ရာ တာဝန်ရှိသူတွေ ဝိုင်းပြီးကြိုးစားနေပါတယ်" လို့ တိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
ဒါပေမဲ့ တာဘောင် ဘာကြောင့်ကျိုးပေါက်ခဲ့လဲဆိုတဲ့ အချက်နဲ့ လက်ရှိမှာ ဘယ်အတိုင်းအတာအထိ ပြင်ဆင်ပြီးပြီလဲဆိုတာကိုတော့ ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားတာ မတွေ့ရပါဘူး။
ငဝန်မြစ်ဟာ လေးမျက်နှာမြို့နယ် အလယ်ပိုင်းကို ဖြတ်သန်းစီးဆင်းတာကြောင့် တာဘောင်ကျိုးပေါက်တိုင်း လေးမျက်နှာမြို့နယ်က အရင်ဆုံးနဲ့ အထိခိုက်ဆုံး ဖြစ်လေ့ရှိတယ်လို့ ၁၉၉၁ ခုနှစ်နဲ့ လက်ရှိရေဘေး နှစ်ကြိမ်စလုံး ကြုံခဲ့ဖူးတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
သူ့အပြောအရ ၁၉၉၁ ခုနှစ် စံချိန်တင်ရေကြီးမှုမှာလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေနဲ့ တောင်ကျရေ ပေါင်းဆုံကာ ငဝန်မြစ်ရေ မြင့်တက်ခဲ့သလို၊ တာဘောင်ကျိုးပေါက်ပြီး တချို့နေရာတွေက ရေလျှံခဲ့တာကြောင့် လေးမျက်နှာမြို့နယ်မှာ အဆိုးဆုံး ထိခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။
တာဘောင် မပြင်နိုင်သေးရင် ဘာဆက်ဖြစ်နိုင်လဲ
လက်ရှိ ကျိုးပေါက်နေတဲ့ တာဘောင်ကို အမြန်မပြန်လည်ပြင်ဆင်နိုင်သေးရင် လေးမျက်နှာမြို့နယ်အပြင် အနီးဝန်းကျင်က မြေနိမ့်ဒေသတွေအထိ ရေဆက်လက်ဝင်ရောက်ပြီး ရေကြီးရေလျှံမှု ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တချို့က သတိပေးထားပါတယ်။
မုတ်သုံရာသီ မိုးလယ်ကာလမှာ မိုးရွာသွန်းမှု ထပ်မံများလာရင် ငဝန်မြစ်ရေ ထပ်မံမြင့်တက်နိုင်တာကြောင့် အထူသတိပေးနေကြတာဖြစ်ပါတယ်။
ဒေသခံတွေအနေနဲ့ သတင်းအချက်အလက်တွေကို စောင့်ကြည့်ပြီး လိုအပ်ရင် အချိန်မီ ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ သဘာဝဘေးဆိုင်ရာကူညီကယ်ဆယ်ရေးအဖွဲ့တချို့က တိုက်တွန်းပါတယ်။
သဘာဝဘေးအန္တရာယ် စောင့်ကြည့်လေ့လာနေတဲ့ PSC Myanmar Off-road အဖွဲ့ကလည်း ဩဂုတ် ၃ ရက်ကတည်းက ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်နဲ့ ကျောင်းကုန်းဒေသတွေမှာ ရေထပ်မံကြီးလာနိုင်တဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်ဖို့ သတိပေးထားပါတယ်။
ရေဘေးကို နှစ်ကြိမ်ကြုံခဲ့ဖူးတဲ့ လေးမျက်နှာဒေသခံတစ်ဦးကတော့ တာဘောင်ပြုပြင်ရေး ကြန့်ကြာလာတာနဲ့အမျှ ရေကြည်၊ ကျုံပျော်၊ သာပေါင်း၊ ကန်ကြီးထောင့်နဲ့ ပုသိမ်မြို့နယ်က မြေနိမ့်ပိုင်းဒေသတွေအထိ ရေကြီးရေလျှံမှု ဆက်ဖြစ်လာနိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
"၁၉၉၁ ခုနှစ် ရေကြီးခဲ့တုန်းက ရေဘယ်လောက်အထိ ရောက်ခဲ့တယ်ဆိုတဲ့ အမှတ်အသားတွေကို အခြေခံပြီး ကြိုတင်ပြင်ဆင်တာ၊ လိုအပ်ရင် အချိန်မီပြောင်းရွှေ့တာတွေ လုပ်သင့်ပါတယ်" လို့ သူက ဆိုပါတယ်။
ဒါ့အပြင် မိုးလေဝသနဲ့ ဇလဗေဒဌာနရဲ့ မြစ်ရေသတိပေးချက်တွေကိုလည်း ပုံမှန်စောင့်ကြည့်သင့်တယ်လို့ သူက အကြံပြုပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ဧရာဝတီတိုင်းအပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၀ ခုထက်မနည်းမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး၊ အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာတလျှောက် မိုးထစ်ချုန်းရွာတာ၊ လေပြင်းတိုက်ခတ်တာနဲ့ မိုးသီးကြွေတာတွေဖြစ်နိုင်တဲ့အတွက် သတိပြုကြဖို့ သတိပေးထားပါတယ်။
သြဂုတ် ၅ ရက် မြစ်ရေအခြေအနေ အစီရင်ခံစာအရ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်း၊ သာပေါင်းနဲ့ ပုသိမ်မြို့တွေမှာ စိုးရိမ်ရေမှတ်အောက်မှာပဲ ရှိနေသေးတယ်လို့ မိုးဇလက ဆိုပါတယ်။
ဒါပေမဲ့ လေးမျက်နှာမြို့နယ်မှာ မိုးလေဝသတိုင်းတာရေးစခန်း မရှိဘူးလို့ မိုးဇလ၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဘီဘီစီကို ပြောပါတယ်။ ဒါကြောင့် လေးမျက်နှာဒေသရဲ့ မြစ်ရေအခြေအနေကို စခန်းအခြေပြု တိုင်းတာချက်နဲ့ အတည်ပြုဖော်ပြနိုင်ခြင်း မရှိတဲ့ အခြေအနေလို့နားလည်ရပါတယ်။
"လေးမျက်နှာအနီးတဝိုက်မှာ ငဝန်မြစ်ရေက လက်ရှိ စိုးရိမ်ရေမှတ်အောက်မှာ ရှိနေပါတယ်။ ဒါပေမဲ့ မိုးထပ်ရွာလာရင်တော့ မြစ်ရေထပ်တက်ပြီး အန္တရာယ် ပိုကြီးလာနိုင်ပါတယ်" လို့ ဦးကျော်မိုးဦးက သတိပေးပါတယ်။
ဆက်သွယ်ရေးပြတ်တောက်မှုက ရေဘေးကို သက်ရောက်
လေးမျက်နှာမြို့နယ်ထဲက နေရာအများစုဟာ ရေကြီးမှုမဖြစ်ခင်ကတည်းက စစ်ရေးပဋိပက္ခတွေကြောင့် ဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရတာဖြစ်ပါတယ်။
မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲပြင်းထန်နေတဲ့ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်းနဲ့ ငါးသိုင်းချောင်းမြို့နယ်တွေက နေရာအများစုမှာ လက်ရှိအချိန်အထိ ဆက်သွယ်ရေးလိုင်းတွေ အသုံးမပြုနိုင်သေးဘူးလို့ မြေပြင်အခြေအနေ သိရှိသူတချို့က ဘီဘီစီကို ပြောပါတယ်။
လေးမျက်နှာမြို့နယ်၊ စစ်ကုန်းကျေးရွာက ဒေသခံတစ်ဦးကတော့ ရေမကြီးခင်နဲ့ ရေစတက်ချိန်တွေမှာ ဒေသအာဏာပိုင်တွေဘက်က ရေဘေးလွတ်ရာကို ကြိုတင်ပြောင်းရွှေ့ဖို့ သတိပေးနှိုးဆော်တာမျိုး မရှိခဲ့ဘူးလို့ ပြောပါတယ်။
ဆက်သွယ်ရေး ပြတ်တောက်နေတဲ့အတွက် ရေတက်လာချိန်မှာ အကူအညီတောင်းဖို့ မဆက်သွယ်နိုင်ဘဲ နေအိမ်တွေထဲ ရက်အတော်ကြာ ပိတ်မိနေတဲ့ ဒေသခံတွေလည်း ရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တချို့က ပြောပါတယ်။
တစ်ဖက်မှာတော့ လေးမျက်နှာမြို့နယ်၊ နင်းကြမ်းကျေးရွာက မိုဘိုင်းဆက်သွယ်ရေးစခန်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး အဲဒီစခန်းအနီး နှစ်မိုင်ဝန်းကျင်အတွင်း MPT ဖုန်းလိုင်းတွေ ပြန်လည်အသုံးပြုနိုင်နေပြီလို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့က ဩဂုတ် ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ ထုတ်ပြန်ချက်အရ လေးမျက်နှာမြို့နယ်တစ်ခုလုံးရဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုဟာ ပုံမှန်အခြေအနေရဲ့ ၁၆ ဒသမ ၁၈ ရာခိုင်နှုန်း သာ ပြန်လည်လည်ပတ်နိုင်သေးတယ်လို့ ဆိုပါတယ်။
လူပေါင်း ၃ သောင်းနီးပါးရေဘေးသင့်နေ
နေပြည်တော်က ထုတ်ပြန်တဲ့ ဩဂုတ် ၄ ရက်အထိ စာရင်းတွေအရ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် လူပေါင်း ၂၇,၀၀၀ ကျော် ရေဘေးသင့်နေတယ်လို့ ဖော်ပြပါတယ်။
မြို့ပေါ်ရပ်ကွက် ၅ ခုနဲ့ ကျေးရွာ ၅၇ ရွာ ရေနစ်မြုပ်နေပြီး လယ်ယာမြေ ဧက ၂၇,၁၀၀ ကျော် လည်း ရေမြုပ်သွားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတချို့ကတော့ ရေဟာ လေးမျက်နှာမြို့နယ်အပြင် အနီးဝန်းကျင်က မြို့နယ်တွေနဲ့ ကျေးရွာတွေဆီ ဆက်လက်စီးဝင်နေဆဲဖြစ်ပြီး တာဘောင်ပြုပြင်ရေးလည်း မပြီးသေးတာကြောင့် ရေဘေးသင့်သူဦးရေဟာ ဩဂုတ်လ ပထမပတ်အတွင်း ၃၀,၀၀၀ ကျော် အထိ တိုးလာနိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
နေပြည်တော်ကတော့ ရေဘေးရှောင်သူတွေအတွက် ကယ်ဆယ်ရေးစခန်း ၁၃ ခု ဖွင့်လှစ်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းနဲ့ အခြေခံစားနပ်ရိက္ခာ ထောက်ပံ့တာတွေ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ပိတ်မိနေသူတွေဆက်ရှိနေလို့ ဆက်လက်ကယ်ထုတ်နေရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မြေပြင်မှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ စက်လှေနဲ့ စက်သုံးဆီ မလုံလောက်တဲ့ အခက်အခဲတွေကို အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
လက်ရှိမှာ ရွာခံတွေရဲ့ စက်လှေတွေကို အကူအညီယူပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပေမယ့် ရေဘေးသင့်သူ ပိုများလာရင် စက်လှေ ထပ်မံလိုအပ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။
မြေပြင်အခြေအနေကို သိရှိသူတစ်ဦးကလည်း လက်ရှိ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေသူအများစုဟာ နေအိမ်တွေ လုံးဝနစ်မြုပ်သွားတဲ့ ဒေသခံတွေဖြစ်ပြီး၊ ရေမမြုပ်သေးတဲ့ အိမ်တွေမှာ နေထိုင်နိုင်သေးသူတွေကတော့ နေအိမ်တွေမှာပဲ ဆက်လက်နေထိုင်နေကြတယ်လို့ ပြောပါတယ်။
"ရေဘေးသင့်သူ ပိုများလာရင် ကယ်ဆယ်ရေးစခန်းတွေလည်း ထပ်ဖွင့်ရနိုင်ပါတယ်။ စက်သုံးဆီ မလုံလောက်ရင် ရိက္ခာနဲ့ အကူအညီပစ္စည်းတွေကို စခန်းတွေဆီ အချိန်မီပို့ဖို့ ပိုခက်ခဲလာနိုင်ပါတယ်" လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။