ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ ပေးတွေ့ရုံနဲ့ မလုံလောက်ဘဲ အပြီးသတ်လွှတ်ပေးဖို့ ယူကေ၊ အီးယူပြော

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ICRCနဲ့ ပေးတွေ့တာဟာ အသက်ရှင်နေ‌သေးတဲ့ သက်သေအထောက်အထားဖြစ်ပေမဲ့ ဒီအချက်တစ်ခုတည်းနဲ့မလုံလောက်ဘူးလို့ ယူကေအစိုးရပြောတဲ့သတင်းအပါအဝင် ဩဂုတ် ၄ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • CNO/CNDF ဥက္ကဋ္ဌပူးဒေးဗစ် အဖွဲ့အစည်းအသိမပေးဘဲ NSPNCနဲ့အိန္ဒိယမှာ တွေ့ဆုံတာကြောင့် တာဝန်က ရပ်စဲ
  • ၁၀ နှစ်နေထိုင်ခွင့်ရနိုင်တဲ့မှတ်ပုံတင်ကတ် ခေါ် တောင်ပေါ်သားကတ်အလွဲသုံးစားလုပ်သူတွေကို ရဲအင်အား ၁၃၀ ကျော်နဲ့ ဒီနေ့ မဲဆောက်မှာ ဖမ်းဆီးနေ
  • ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနဲ့ ပေးတွေ့အပြီး ယူကေနဲ့ အီးယူဘက်က ခြွင်းချက်မရှိလွှတ်ပေးဖို့ ဆက်တိုက်တွန်း

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဝမ်းတွင်းအင်္ဂါတွေ အပြင်ထွက်နေတဲ့ သန္ဓေသားကို သားအိမ်အတွင်း ပထမဆုံးခွဲစိတ်ကုသ

    ကိုယ်ဝန်ဆောင်နေချိန်မှာပဲ သားအိမ်အတွင်းက သန္ဓေသားလောင်းရဲ့ မွေးရာပါ ချို့ယွင်းချက်ကို သားအိမ်အတွင်းမှာပဲ ခွဲစိတ်ကုသပြီး အောင်မြင်စွာ ပြုပြင်နိုင်ခဲ့တယ်လို့ အမေရိကန် ဆရာဝန်တွေက ကြေညာပါတယ်။

    လန်ဒန်မြို့က မေစီ ဆာဗေ့ဂျ်ဟာ ကိုယ်ဝန် ၂၆ ပတ်ရှိချိန်မှာ အမေရိကန်နိုင်ငံက ဆရာဝန်တွေရဲ့ သားအိမ်အတွင်း ခွဲစိတ်ကုသမှုကို ခံယူခဲ့ပါတယ်။

    အခုဆို အသက်ငါးလရှိပြီး ကျန်းကျန်းမာမာ ကြီးပြင်းနေတဲ့ သီယိုမှာ Gastroschisis လို့ခေါ်တဲ့ မွေးရာပါချို့ယွင်းမှု ရှိခဲ့ပါတယ်။ အဲဒီအခြေအနေမှာ ချက်ကြိုးပေါက် (ဝမ်းဗိုက်အပေါက်) က ပုံမှန်အတိုင်း မဖွံ့ဖြိုးတဲ့အတွက် သန္ဓေသားရဲ့ အူတွေဟာ ခန္ဓာကိုယ်အပြင်ဘက်မှာ ဖြစ်ပေါ်နေပါတယ်။

    သားအိမ်ထဲက သန္ဓေသားလောင်းကိုဘယ်လိုခွဲစိတ်ကုသပေးခဲ့လဲ ဆိုတာ ဒီဆောင်းပါးလင်ခ့်မှာ ဖတ်နိုင်ပါပြီ။

  2. ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ ပေးတွေ့ရုံနဲ့ မလုံလောက်ဘဲ အပြီးသတ်လွှတ်ပေးဖို့ ယူကေ၊ အီးယူပြော

    မနေ့က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနဲ့ ပေးတွေ့တာဟာ အသက်ရှင်နေ‌သေးတဲ့ သက်သေအထောက်အထားဖြစ်ပေမဲ့ ဒီအချက်တစ်ခု တည်းနဲ့မလုံလောက်ဘူးလို့ ယူကေအစိုးရက သြဂုတ် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

    ‘‘ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားတဲ့အပေါ် အလွန်အမင်း စိုးရိမ်ပူပန်ပြီး သူ အပါအဝင် မြန်မာနိုင်ငံမှာ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ယူကေအစိုးရအနေနဲ့ ထပ်မံတောင်းဆိုပါတယ်’’လို့ ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီးက ပြောပါတယ်။

    ဒီလိုတွေ့ဆုံပေးတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိသားစုဝင်တွေနဲ့ ထောက်ခံအားပေးသူတွေ အတွက် အချိန်အတော်ကြာ မသေချာမှုတွေ၊ စိုးရိမ်ပူပန်ရာတွေဖြစ်စေခဲ့တဲ့နောက် အသက်ရှင်နေသေးကြောင်း အတည်ပြုနိုင်တဲ့သက်သေကို ယူဆောင်လာခဲ့ပါတယ်လို့ ယူကေ ဘက်ကပြောထားပါတယ်။

    ဒါပေမဲ့ ဒီအချက်တစ်ခုတည်းနဲ့ မလုံလောက်ဘူးလို့ ဆိုထားတာပါ။

    ဥရောပသမဂ္ဂကလည်း ဒီလိုတွေ့ဆုံခဲ့တာကို ကြိုဆိုတယ်လို့ဆိုပါတယ်။

    ဒီခြေလှမ်းက တိုးတက်မှုဖြစ်ပေမဲ့ မိသားစုတွေ၊ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်အပါအဝင် ဆက်တွေ့ဆုံခွင့် ရဖို့က အလွန်အရေးကြီးနေဆဲဖြစ်တယ်လို့ ဥရောပသမဂ္ဂကပြောပါတယ်။

    ဒီကနေ့ ရန်ကုန်မြို့က EU ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး ကို ခြွင်းချက်မရှိလွှတ်ပေးဖို့ ဆက်လက်တိုက်တွန်းထားပါတယ်။

  3. အာဆီယံတွေ့ခွင့်တောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ICRC နဲ့ ပေးတွေ့

    ဒေါ်အောင်ဆန်းစုကြည် ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မီတီ (ICRC) ကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပြုမှုဟာ ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် မစတင်ခင် ရက်ပိုင်းအလိုမှာဖြစ်ပေါ်လာပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC အကြီးအကဲတို့ တွေ့ဆုံခဲ့တာကို ကြိုဆိုကြောင်း ထုတ်ပြောပါတယ်။

    ဒီတွေ့ဆုံမှုဟာ ဇူလိုင် ၁၂ ရက်က ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ အလွတ်သဘော တွေ့ဆုံမှုအပြီး၊ အခုလာမယ့် ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်မတိုင်ခင် ထွက်ပေါ်လာတာဖြစ်တယ်လို့လည်း သူက ထည့်ပြောပါတယ်။

    ''ထိုင်းနိုင်ငံအနေနဲ့ မြန်မာအစိုးရက ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရရှိဖို့အတွက် အခုထက်ပိုတဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ မျှော်လင့်ထားပါတယ်''

    ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ ပေးတွေ့ ခဲ့တဲ့နောက်ခံအချက်တွေအကြောင်း ဒီသုံးသပ်ချက်ဆောင်းပါး မှာဖတ်ရှုနိုင်ပါပြီ။

  4. ထိုင်းရဲ့ ၁၀နှစ်နေထိုင်ခွင့်ကတ် အပေါ် အလွဲသုံးစားလုပ်သူတွေကို မဲဆောက်မှာ စီမံချက်နဲ့ဖမ်းဆီး

    ထိုင်းနိုင်ငံမှာ ၁၀ နှစ်နေထိုင်ခွင့်ရနိုင်တဲ့မှတ်ပုံတင်ကတ် ခေါ် တောင်ပေါ်သားကတ်အလွဲသုံးစား လုပ်သူတွေကို ရဲအင်အား ၁၃၀ ကျော်နဲ့ ဒီနေ့ မဲဆောက်မှာ ဖမ်းဆီးနေတယ်လို့ မဲဆောက်ခရိုင်ရဲ တပ်ဖွဲ့က ထုတ်ပြန်သလို မဲဆောက်မှာနေထိုင်တဲ့ မြန်မာတချို့ကလည်းပြောပါတယ်။

    ထိုင်းသတင်းဌာနတချို့ရဲ့ ဖော်ပြချက်အရ မဲဆောက် မြူနီစပယ် ဝန်ထမ်းဟောင်း ၁ ဦး၊ လက်ရှိဝန်ထမ်း ၃ ဦးနဲ့ နိုင်ငံခြားသား ၁၂ ဦးကို ရှာဖွေဖမ်းဆီးမှာဖြစ်တယ်လို့သိရပါတယ်။

    အဖမ်းအဆီးသတင်းတွေကြောင့် မဲဆောက်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ ဒီရက်ပိုင်းသတိထားသွားလာကြဖို့ကိုလည်း မြန်မာနိုင်ငံသားအရေးလုပ်ဆောင်နေသူတချို့က သတိပေးထားကြပါတယ်။

    “မနက် ၆ နာရီခွဲကတည်းက အိမ်မျက်စောင်းထိုးက ဆိုင်တစ်ခုကိုဝင်စစ်တာတွေ့တယ်။ အခုစစ်တာက အကြမ်းဖက်နှိမ်နင်းရေးပါပါတော့ ကိုယ့်နိုင်ငံသားတွေ ယုန်ထောင်ကြောင်မိ ဖြစ်မှာစိုးလို့ သတိပေးတာပါ” လို့ အဝေးရောက်ဧရာဝတီအသင်းဦး‌ဆောင်သူ ကိုဖိုးသင်္ကြန်က ဘီဘီစီကိုပြောပါတယ်။

    မဲဆောက်ထဲက လူကုန်ကူးမှုတွေနဲ့ ဆက်စပ်ပြီး ထိုင်း ၁၀ နှစ်နေထိုင်ခွင့်ကတ်ကို အလွဲသုံးစားလုပ်ရယူသူနဲ့ လာဘ်ယူကာထုတ်ပေးတဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးဖို့ လုပ်ဆောင်တဲ့ စီမံချက်ဖြစ်ပါတယ်။

    ဒီစီမံချက်မှာ ထိုင်းရဲတပ်ဖွဲ့အပြင် လူဝင်မှုကြီးကြပ်ရေး၊ အကြမ်းဖက်နှိမ်နင်းရေး၊ အမျိုးသားမှတ်ပုံတင်ရာဇဝတ်မှုတိုက်ဖျက်ရေးအဖွဲ့တွေလည်း ပါဝင်တာတွေ့ရပါတယ်။

    ဒီလိုဖမ်းဆီးမှုမျိုးကို ဇူလိုင်လအစပိုင်းတုန်းက ဆူရတ်ဌာနီခရိုင်မှာလည်း လုပ်ခဲ့ပါသေးတယ်။ အဲ့ဒီတုန်းက ဖမ်းဆီးခံရသူ ၁၁ ဦးထဲမှာ မြန်မာ ၇ ဦးလည်းပါဝင်တယ်လို့ ထိုင်းသတင်းဖော်ပြချက်အရသိရပါတယ်။ ထိုင်းဘတ်ငွေ ၅ သောင်းပေးပြီး ကတ်ရယူထားတဲ့ မြန်မာ ၂၄၀ ဦးရဲ့ အမှုကိုလည်း ပြန်လည်စစ်ဆေးသွားမယ်လို့ အဲဒီတုန်းက ထိုင်းသတင်းဖော်ပြချက်မှာ တွေ့ရပါတယ်။

  5. အိန္ဒိယမှာ နေပြည်တော်ငြိမ်းချမ်းရေးအဖွဲ့နဲ့ တွေ့တဲ့ CNO/CNDF ဥက္ကဋ္ဌ တာဝန်ကရပ်စဲခံရ

    အဖွဲ့အစည်းက သိရှိတာဝန်ပေးအပ်တာမရှိဘဲ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှာ နေပြည်တော် ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC) ၊စစ်တပ်တို့နဲ့တွေ့ဆုံခဲ့တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ပူးဒေးဗစ်ကို တာဝန်က ရပ်စဲလိုက်တယ်လို့ CNO/CNDF က သြဂုတ် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ နယူးဒေလီတွေ့ဆုံမှုမှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးနဲ့ စစ်ရေးသဘောတူညီချက်၊ ကတိကဝတ်၊ နားလည်မှုတွေ လုံးဝမရှိခဲ့ဘူးလို့ သိရှိရကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    အခုတာဝန်ကရပ်စဲလိုက်တဲ့ ဥက္ကဋ္ဌအပြင် တွေ့ဆုံမှုမှာပါဝင်တဲ့ အဖွဲ့ရဲ့ထိပ်ပိုင်းခေါင်းဆောင်တချို့ကို လည်း အရေးယူဖို့ ရှိ၊ မရှိကို ဘီဘီစီက CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်ကို မေးမြန်းပေမဲ့ ဖြေဆိုတာမရှိပါဘူး။

    “လောလောဆယ်တော့ ထုတ်ပြန်ချက်မှာပါတဲ့အတိုင်းပဲဖြစ်ပါတယ်” လို့ သာ CNO/CNDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    CNO ဟာ ချင်းပြည်တောင်ပိုင်းကိုထိန်းချုပ်ထားတဲ့ ချင်းညီနောင် (CB) ထဲပါဝင်တဲ့ တပ်ဖွဲ့ ဖြစ်ပြီး စတင်ဖွဲ့စည်းချိန်ကတည်းက ပါဝင်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ ဒါကြောင့် ICNCC/CB နဲ့ မဟာမိတ်အင်အားစုတွေရဲ့ သဘောထား၊ ဆုံးဖြတ်ချက်မပါဘဲ စစ်တပ်နဲ့ တစ်ဖက်သတ် တွေ့ဆုံတာ၊ ဆွေးနွေးတာမလုပ်ဘူးလို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

    CNO/CNDF နဲ့ နေပြည်တော်တို့ တွေ့ဆုံမှုရှိနေတာကို ဇူလိုင် ၃၁ ရက်က ဦးမင်းအောင်လှိုင်ရဲ့ အစိုးရ ရက်၁၀၀ မိန့်ခွန်းမှာ ထည့်သွင်း ဖော်ပြခဲ့တာကနေ သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနေ့ကတော့ ချင်းညီနောင်နဲ့ CNO/CNDF အဖွဲ့ဝင်တချို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းချိန်မှာ တွေ့ဆုံမှုကို မသိရှိထားဘူးလို့ ဖြေပါတယ်။

    အဲဒီအချိန်ကစလို့ CNO/CNDF က အရေးပေါ်အစည်းအဝေးတွေခေါ်ယူခဲ့တဲ့နောက် အခုလို ဥက္ကဋ္ဌ ပူးဒေးဗစ်ကို တာဝန်က ရပ်စဲမှုထွက်လာတာလို့ နားလည်ရပါတယ်။ CNO/CNDF ဟာ ချင်းပြည်နယ်ဖလမ်းမြို့နယ်ထဲမှာ အခြေစိုက်တဲ့ ချင်းတော်လှန်ရေး တပ်ဖွဲ့ ဖြစ်ပါတယ်။

  6. မင်္ဂလာပါ။ ဩဂုတ် ၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။