ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, ဧရာဝတီ၊ လေးမျက်နှာမှာရေကြီးပေမဲ့ ရခိုင်ရိုးမနဲ့အစပ်မှာ အေအေနဲ့စစ်တပ်တိုက်ပွဲဖြစ်နေ

ရခိုင်ရိုးမအစပ်မှာရှိတဲ့ ဧရာဝတီတိုင်းက ရေကြည်နဲ့ သာပေါင်းမြို့နယ်တွေထဲမှာတိုက်ပွဲတွေဖြစ်တဲ့သတင်းအပါအဝင် ဩဂုတ် ၅ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ဖမ်းဆီးခံ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ NLD နဲ့ CRPH သဘောထားထုတ်ပြန်
  • ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ထဲကို မနေ့ ညက စစ်တပ်က လေယာဉ်အုပ်ဖွဲ့တိုက်ခိုက်
  • မြန်မာစစ်တပ်မှာ လေချုပ်သစ် အပြောင်းအလဲလုပ်ပြီးတဲ့နောက် လေကြောင်းဗုံးကြဲမှု ပိုတိုးလုပ်သလို လေယာဥ်အုပ်ဖွဲ့ပြီး ဗုံးကြဲတဲ့အလေ့ရှိလာ
  • ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ နိုင်ငံတော်သစ်ကိုတည်ဆောက်ဖို့ ငြိမ်းချမ်းရေး လိုအပ်တယ်ဆိုပြီး ဦးမင်းအောင်လှိုင်က "ဝ" နဲ့ တွေ့ဆုံချိန်မှာပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးမှာ ဖမ်းဆီးလွှဲပြောင်းနိုင်ရေး BROUK က အာဂျင်တီးနားတရားရေးကို တောင်းဆို

    ယူကေအခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်း (BROUK) က ဦးမင်းအောင်လှိုင် ကိုသူ့ရဲ့ ထိုင်းခရီးစဥ်အတွင်း ဖမ်းဆီးပြီး အာဂျင်တီးနားတရားရုံးကို လွှဲပြောင်းနိုင်ရေး ထိုင်းနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ အာဂျင်တီးနားတရားရေးအာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။

    နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ဩဂုတ် ၆ ရက်နဲ့ ၇ ရက်မှာ ထိုင်းနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားချိန်မှာ ယူကေအခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားနေတဲ့ BROUK က အခုလို တောင်းဆိုလိုက်တာပါ။

    မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်ပြစ်မှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ဥပဒေ - universal jurisdiction အမှုကို ၂၀၁၉ ခုနှစ်ကတည်းက BROUK က တိုင်ကြားထားတာဖြစ်ပါတယ်။

    အဲဒီစွဲချက်တွေနဲ့ ဆက်စပ်ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ အာဂျင်တီးနားတရားရုံးက ဦးမင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ် ထိပ်တန်းအရာရှိတချို့အပေါ် နိုင်ငံတကာဖမ်းဝရမ်း ထုတ်ပြန်ခဲ့တယ်လို့ BROUK က ပြောပါတယ်။

    BROUK ဥက္ကဋ္ဌ ဦးထွန်းခင် ကတော့ ဦးမင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုမှာ အဓိက တာဝန်ရှိသူတစ်ဦးဖြစ်သလို၊ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်မှုတွေကို ဦးဆောင်ခဲ့သူဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

    ဒါ့အပြင် ထိုင်းနဲ့ အာဂျင်တီးနားကြား တရားခံလွှဲပြောင်းရေးသဘောတူစာချုပ် မရှိပေမယ့် ထိုင်းရဲ့ ၂၀၀၈ ခုနှစ် တရားခံလွှဲပြောင်းရေးဥပဒေအရ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် လွှဲပြောင်းပေးနိုင်တယ်လို့ BROUK က ဆိုပါတယ်။

    အာဂျင်တီးနားမှာ စတင်ထားတဲ့ ဒီအမှုဟာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ ပထမဆုံး universal jurisdiction အမှုဖြစ်တယ်လို့လည်း BROUK က ပြောထားပါတယ်။

    ဒါပေမယ့် လက်ရှိအချိန်အထိ ဦးမင်းအောင်လှိုင်ကို ထိုင်းနိုင်ငံက ဖမ်းဆီးမယ်၊ ဒါမှမဟုတ် အာဂျင်တီးနားကို လွှဲပြောင်းပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ထွက်ပေါ်ထားခြင်း မရှိသေးပါဘူး။

    ထိုင်းနိုင်ငံက ဦးမင်းအောင်လှိုင်ကို ဘန်ကောက်မှာ လက်ခံတွေ့ဆုံဖို့ ရက်ပိုင်းအလိုမှာပဲ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးန်က မြန်မာနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ အာဆီယံကို ထပ်မံတိုက်တွန်းထားသလို ထိုင်းအစိုးရအနေနဲ့လည်း မြန်မာနဲ့ ဆက်ဆံရေးမှာ 'အဆင့်လိုက် သုံးသပ်ပြီးလိုက်လျောညီထွေတဲ့ ပြန်လည်ထိတွေ့ဆက်ဆံရေး' (calibrated re-engagement) ချဉ်းကပ်မှုကို ထောက်ခံတယ်လို့ ပြောထားပါတယ်။

  2. Spider-Man ရုပ်ရှင်အသစ် စပြတဲ့တစ်ပတ်အတွင်း လက်မှတ်ရောင်းချရငွေ ဒေါ်လာသန်း ၉၀၀ ကျော်ရ

    ဟောလိဝုဒ်ရဲ့ နာမည်ကျော် စုံတွဲ တွမ် ဟော်လန်နဲ့ ဇန်ဒေးယာတို့ပါဝင်သရုပ်ဆောင်ထားတဲ့ Spider-Man: Brand New Day ရုပ်ရှင်ဇာတ်ကားအသစ်ဟာ ရုံတင်ပြသတဲ့ပထမဆုံးသီတင်းပတ်မှာပဲ ကမ္ဘာတဝန်းလက်မှတ်ရောင်းချရာကနေ ဝင်ငွေ ဒေါ်လာ ၉၂၇ သန်း (ပေါင် ၆၈၇ သန်း) အထိရရှိထားပါတယ်။

    ဒါဟာ ပထမအပတ်မှာတင် ကမ္ဘာတဝန်းမှာလက်မှတ်ရောင်းချရငွေ ဒုတိယအများဆုံးရရှိတဲ့ ဇာတ်ကားအဖြစ် စံချိန်တင်သွားခဲ့ပါပြီ။

    ပထမအပတ်ဝင်ငွေ ဒေါ်လာ ၁.၂ သန်း ရရှိခဲ့တဲ့ ၂၀၁၉ ခုနှစ်ရုံတင်ဇာတ်ကား Avengers: Endgames ပြီးရင် အများဆုံးဝင်ငွေရရှိတဲ့ဇာတ်ကားလည်းဖြစ်လာပါတယ်။

    တွမ်နဲ့ ဇန်ဒေးယာဇနီးမောင်နှံတို့ပဲပါဝင်သရုပ်ဆောင်ထားတဲ့ The Odyssey ဇာတ်ကားရဲ့ ဝင်ငွေစံချိန်ကိုပါ Spider-Man ရုပ်ရှင်အသစ်ကကျော်သွားခဲ့တာပါ။

    Box Office Mojo စာရင်းမှာလည်း ဇွန်လကပြသခဲ့တဲ့ Toy Story 5 ဇာတ်ကားပြီးရင် Spider-Man ရုပ်ရှင်အသစ်က နံပါတ် ၂ နေရာမှာယူထားပြီး The Odyssey ဇာတ်ကားကတော့ နံပါတ် ၅ နေရာမှာ ရှိနေပါတယ်။

    လေးနှစ်အကြာမှာအသစ်ထွက်လာတဲ့ Spider-Man ရုပ်ရှင်ဇာတ်ကားသစ်ကို မြန်မာအပါအ၀င် အာရှမှာ ဇူလိုင် ၃၀ ရက်ကစပြီး ရုံတင်ပြသနေပါတယ်။

  3. မိုးကြီးကာလဖြစ်ပေမဲ့ ရခိုင်-ဧရာဝတီအစပ်မှာတိုက်ပွဲတွေဆက်ရှိနေတယ်လို့ အေအေပြော

    ရခိုင်-ဧရာဝတီအစပ် စစ်မျက်နှာပြင်မှာ ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာတာအပြင် ရာသီဥတုအခြေအနေပေါ်မူတည်ပြီး နှစ်ဖက်ထိုးစစ်၊ ခံစစ်တွေ အနိမ့်အမြင့်ရှိခဲ့တယ်လို့ အာရက္ခတပ်တော် (အေအေ) က ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

    အခုသြဂုတ်လဆန်းအထိ ရခိုင်ရိုးမအစပ်မှာရှိတဲ့ ဧရာဝတီတိုင်းက ရေကြည်နဲ့ သာပေါင်းမြို့နယ်တွေထဲမှာတိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း အေအေက ဓာတ်ပုံနဲ့တကွထုတ်ပြောတာပါ။

    အေအေရဲ့ဖော်ပြချက်အရ သူတို့သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ထဲကို ထိုးစစ်ဆင်နိုင်ဖို့အတွက် သြဂုတ် ၂ ရက်နေ့မှာ တပ်မ ၆၆ လက်အောက်ခံ အမှတ် ၁ နဲ့ ၁၁ ခြေလျင်တပ်ရင်းတွေဟာ ရေကြည်၊ ရုံးပင်ရွာ အနောက်မြောက်ဘက်ကို စစ်ကြောင်းဖြန့်ထိုးလို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

    ရုံးပင်ရွာအနောက်မြောက်ဘက်က ၃.၃ ကီလိုမီတာခန့်အကွာနဲ့ ၃.၇ ကီလိုမီတာခန့်အကွာတွေမှာ တိုက်ပွဲတွေဖြစ်ခဲ့တာလို့ အေအေက ပြောပါတယ်။

    သြဂုတ် ၁ ရက်နေ့မှာတော့ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးရွာရဲ့ အရှေ့ဘက် ၁.၀၆ ကီလိုမီတာခန့်အကွာမှာတိုက်ပွဲဖြစ်ခဲ့ကြောင်း အေအေရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    “ဧရာဝတီတိုင်းမှာရေကြီးနေတာက ပုသိမ် - မုံရွာကားလမ်းရဲ့အရှေ့ဘက်ခြမ်းမှာပါ။ တိုက်ပွဲက ကားလမ်းအနောက်ဘက် ဂွနဲ့အစပ်မှာဖြစ်နေတယ်။ ရာသီဥတုအငိုက်ယူပြီး အင်အားသုံး စစ်ကြောင်းထိုးချင်တဲ့သဘောပါ” လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။

    စစ်တပ်ဆီကသိမ်းဆည်းရမိကြောင်း အေအေကထုတ်ပြန်တဲ့လက်နက်ခဲယမ်းစာရင်းတွေမှာ ရှေ့ထွက်မိုင်း၊ ၆၀ မမ တာဝေးစိန်ပြောင်းတွေမှာသုံးတဲ့ မီးလောင်ဗုံးတွေပါ ပါဝင်နေပြီး ဒါဟာ ထိုးစစ်ဆင်ပြီး ခြေကုပ်နေရာရရင် ခံစစ်ပြင်ဖို့ ကြိုတင်ပြင်ဆင်လာတာလို့ သူက ဆက်ပြောပါတယ်။

    လက်ရှိမှာ ရေကြည်မြို့ပေါ်နဲ့ မိုင် ၂၀ ကျော်သာကွာဝေးတဲ့ လေးမျက်နှာမြို့နယ်မှာ ငဝန်ရေကာတာ ကျိုးတာကြောင့် ရပ်ကွက် ၅ ရပ်ကွက်နဲ့ ကျေးရွာ ၁၀၆ ရွာက ပြည်သူ ၃ သောင်းကျော် ရေဘေးသင့်နေပါတယ်။

    တာကျိုးလို့ မြစ်ရေတွေဆက်စီးဝင်နေတာကြောင့် ရေကြည်၊ ငါးသိုင်းချောင်းဘက်အထိ ရေတွေ ဝင်ရောက်လာနိုင်တယ်လို့ ဧရာဝတီတိုင်းနေပြည်သူတွေရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားဖော်ပြနေကြပါတယ်။

    စစ်တပ်ကတော့ အေအေနဲ့တိုက်ပွဲသတင်းတွေအကြောင်း ဒီနေ့ နေ့လယ် ၂ နာရီအထိ တစုံတရာ ထုတ်ပြန်လာတာမရှိပါဘူး။

  4. SpaceX Falcon 9 ဒုံးပျံအစိတ်အပိုင်း လနဲ့ တိုက်မိဖို့ရှိ၊ ကမ္ဘာမြေအတွက် အန္တရာယ်မရှိလို့ NASA ပြော

    အီလွန် မက်စ်ရဲ့ အာကာသနည်းပညာကုမ္ပဏီ SpaceX က Falcon 9 ဒုံးပျံရဲ့ ခွဲထုတ်ထားတဲ့ အပေါ်ဆုံးအဆင့် အစိတ်အပိုင်းတစ်ခုဟာ ဒီနေ့ လမျက်နှာပြင်နဲ့ တိုက်မိဖို့ ရှိနေပါတယ်။

    NASA ကတော့ ဒီတိုက်မိမှုကြောင့် ကမ္ဘာမြေအတွက် ဘာအန္တရာယ်မှ မရှိဘူး လို့ ပြောပါတယ်။

    ဒီဒုံးပျံအစိတ်အပိုင်းဟာ တစ်နာရီကို ၈,၆၉၀ ကီလိုမီတာ၊ ဒါမှမဟုတ် မိုင် ၅,၄၀၀ လောက် အမြန်နှုန်းနဲ့ လဆီကို ဦးတည်သွားနေတာ ဖြစ်ပါတယ်။

    NASA ရဲ့ ခန့်မှန်းချက်အရတော့ ဗြိတိန်စံတော်ချိန် မနက် ၇ နာရီ ၃၅ မိနစ် လောက်မှာ လနဲ့ တိုက်မိမှာ ဖြစ်ပါတယ်။

    NASA ပြောရေးဆိုခွင့်ရှိသူ ဂျင်မီ ရပ်ဆဲလ် (Jimi Russell) က ဒီဖြစ်ရပ်ကို သိပ္ပံဆိုင်ရာ လေ့လာမှုတွေအတွက် ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်ပေမယ့် ကမ္ဘာမြေအတွက်တော့ ဘာအန္တရာယ်မှ မရှိဘူး လို့ ပြောပါတယ်။

    သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ လနဲ့ တိုက်မိချိန်မှာ ဖုန်မှုန့်နဲ့ ကျောက်အစအန အမြောက်အများ လွင့်စင်လာနိုင်ပေမယ့် ကမ္ဘာမြေပေါ်က သာမန်မျက်စိနဲ့တော့ မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် စွမ်းဆောင်ရည်မြင့် တယ်လီစကုပ်တွေ ရှိရင်တော့ လမျက်နှာပြင်ပေါ်မှာ အလင်းတစ်ချက် လင်းသွားတာကို မြင်နိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

    ဒီအစိတ်အပိုင်းဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလက လွှတ်တင်ခဲ့တဲ့ SpaceX Falcon 9 ဒုံးပျံကနေ အာကာသယာဉ်ကို လွှတ်တင်ပြီးနောက် ခွဲထုတ်ခဲ့တဲ့ အပေါ်ဆုံးအဆင့် ဖြစ်ပါတယ်။

    ဗြိတိန်နိုင်ငံ Kent တက္ကသိုလ်မှ ဂြိုဟ်သိပ္ပံပညာရှင် ဒေါက်တာ David Rothery ကတော့ လနဲ့ တိုက်မိချိန်မှာ လမျက်နှာပြင်က ဖုန်မှုန့်နဲ့ ကျောက်အစအန စုစုပေါင်း ကီလိုဂရမ် ၁ သန်းခန့် အာကာသထဲကို လွင့်စင်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

    ဒီဖြစ်ရပ်ဟာ လမျက်နှာပြင်ပေါ်ကို အရာဝတ္ထုကြီးတစ်ခု တိုက်မိတဲ့အခါ ဘာတွေဖြစ်ပေါ်သလဲဆိုတာကို လေ့လာနိုင်မယ့် ရှားပါးတဲ့ အခွင့်အရေးတစ်ခု ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

  5. ဝ တပ်ဖွဲ့ ဦးဆောင်သူနေရာ ဘယ်သူတွေ အမွေဆက်ခံမလဲ

    ၃၇ နှစ်ကြာ သက်တမ်းရှိလာတဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဟာ သူ့ရဲ့ ခေါင်းဆောင်ပိုင်းကို မျိုးဆက်သစ်တွေ နဲ့ အပြောင်းအလဲလုပ်နေခဲ့တာ ပြီးခဲ့တဲ့နှစ်တွေကတည်းကဖြစ်ပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ 'ဝ' ခေါင်းဆောင်ပိုင်းရဲ့ မျိုးဆက်သစ်တွေ ပွဲထွက်လာမှုကို ပိုသတိထားမိခဲ့ကြတာ ဖြစ်ပါတယ်။

    အဲဒီထဲမှာ 'ဝ ' ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP အထွေထွေအတွင်းရေးမှူး ပေါက်ယူချန်းရဲ့သား ဒုတိယအထွေထွေအတွင်းရေးမှူး ပေါက်အိုက်ခမ်း ကိုပိုပြီးသတိထားမိကြပါတယ်။

    အခုနှစ် သြဂုတ် ၃ ရက်နဲ့ ၄ ရက် ' ဝ' တပ်ဖွဲ့ရဲ့ နေပြည်တော်ခရီးစဥ်တွေမှာ ပေါက်အိုက်ခမ်း ပါခဲ့ပါတယ်။ 'ဝ' တပ်ဖွဲ့ ဦးဆောင်သူနေရာ ဘယ်သူတွေ အမွေဆက်ခံမလဲ ဆိုတဲ့အကြောင်း ဘီဘီစီက ၂၀၂၄ ခုနှစ်က တင်ဆက်ခဲ့တဲ့ ဒီဆောင်းပါး မှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

  6. သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး NLD ထပ်ပြော

    မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းနိုင်မယ့် နည်းလမ်းဟာ ပြည်သူရဲ့ ဒီမိုကရေစီဆန္ဒကို လေးစားဖို့၊ အကြမ်းဖက်မှုတွေချက်ချင်းရပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ဖို့နဲ့ သက်ဆိုင်သူအားလုံးပါတဲ့ နိုင်ငံရေးဆွေးနွေးမှုအကောင်အထည်ဖော်ဖို့ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ထုတ်ပြန်ပါတယ်။

    ဖမ်းဆီးခံ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာကြိုးပမ်းမှုကို အသိအမှတ်ပြုကြောင်း NLD ရဲ့ ဒီနေ့ မနက်ထုတ်ပြန်ချက်မှာ အဲဒီလိုထည့်ပြောထားတာပါ။

    ဒါပေမဲ့ အခုလို တွေ့ဆုံမှုတရပ်တည်းအပေါ်မူတည်ပြီး မြန်မာရဲ့ နိုင်ငံရေးအကျပ်အတည်းဟာ အပြုသဘောဆောင်တဲ့ အလှည့်အပြောင်းတရပ်ဖြစ်ပေါ်လာတယ်လို့ ဆောလျင်စွာ ကောက်ချက် ချခြင်းမပြုကြဖို့လည်း သတိပေးထားပါတယ်။ ICRC အနေနဲ့ လုပ်ငန်းတာဝန်တွေကို အပြည့်အဝ ဆက်လက်ဆောင်ရွက်နိုင်ခွင့်ရှိ၊ မရှိနဲ့ လက်တွေ့ကျတဲ့ တိုးတက်မှုတွေကို ဆက်လက်စောင့်ကြည့်သင့်ကြောင်းလည်း တိုက်တွန်းထားပါတယ်။

    ဒါဟာ အားလုံးပါဝင်တဲ့ဆွေးနွေးရေးမရှိမဖြစ်လိုကြောင်း နှစ်ပတ်ကျော်အတွင်း NLD က ဒုတိယအကြိမ် ထပ်ပြောလာတာလည်းဖြစ်ပါတယ်။

    အာဆီယံဘုံသဘောတူညီချက် (၅) ချက်ကို မြန်မာ့အရေးဖြေရှင်းရေးရဲ့ အဓိကမူဘောင်အဖြစ် ဆက်လက်တည်ရှိကြောင်း အာဆီယံရဲ့ပြောဆိုခဲ့မှုကို ကြိုဆိုကြောင်း ဇူလိုင် ၂၀ရက်က ထုတ်ပြန်ချက်မှာလည်း အလားတူထည့်ပြောထားပါတယ်။

    ဒါအပြင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အခြေခံပြီး အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အဓိပ္ပာယ်ရှိတဲ့ထိတွေ့ဆက်ဆံမှုတွေဖြစ်လာဖို့ကိုတိုက်တွန်းသလို ကိုယ်စားလှယ်ရဲ့ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အပါ သက်ဆိုင်သူအားလုံးနဲ့ လွတ်လွတ်လပ်လပ်တွေ့ခွင့်ရေးကိုပါ NLD ပါတီက တောင်းဆိုပါတယ်။

    ဒီလိုနိုင်ငံရေးဆွေးနွေးမှုတွေဖြစ်ထွန်းလာတာကတဆင့် လက်တွေ့ကျတဲ့ခြေလှမ်းတွေ ပေါ်ပေါက်လာမှသာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းက တိုးတက်လာမှု အညွှန်းကိန်းတွေအဖြစ် သတ်မှတ်နိုင်မယ်လို့ ဆိုပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရအမတ်တွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံတာဟာ ပြည်သူတွေနဲ့ နိုင်ငံတကာက ဖိအားပေးတောင်းဆိုမှုတွေရဲ့ အောင်မြင်မှုလို့ ဒီမနက်ပိုင်းမှာပဲ ထုတ်ပြန်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အတွက်တိကျသေချာတဲ့ဘေးကင်းလုံခြုံမှုကိုသက်သေပြဖို့၊ ကျန်းမာရေးအခြေအနေအပါအဝင် မိသားစုနဲ့ လွတ်လွတ်လပ်လပ်တွေ့ခွင့်ပေးဖို့ကိုပါ CRPH ကထည့်ပြောပါတယ်။

    ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း CRPH က ဆက်တောင်းဆိုထားပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲကို NLD ပါတီကိုအနိုင်ရရှိခဲ့ပြီး အဲဒီရွေးကောက်ပွဲမှာ မဲသမာမှုရှိတယ်လို့ အကြောင်းပြကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။

  7. ရုရှားကမ်းခြေကို ယူကရိန်းဒရုန်းတိုက်ခိုက်မှု ၇ ဦး သေဆုံး၊ ၄၀ ဦး ဒဏ်ရာရ

    ရုရှားတောင်ပိုင်းက လူစည်ကားတဲ့ ကမ်းခြေတစ်ခုကို ဒရုန်းတစ်စင်း ထိမှန်ခဲ့ရာ ကလေးသုံးဦးအပါအဝင် လူခုနစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။

    ဘီဘီစီက အတည်ပြုထားတဲ့ လူမှုကွန်ရက်ဗီဒီယိုမှတ်တမ်းမှာတော့ ဒရုန်းတစ်စင်းဟာ ကမ်းပါးဘက်ကို အရှိန်ပြင်းစွာ ပျံသန်းလာပြီးနောက် ကမ်းခြေအောက်ဘက်မှာ မီးလောင်ပေါက်ကွဲသွားတာကို တွေ့ရပါတယ်။

    အဲဒီအချိန်မှာ ခရီးသွားတွေက ကမ်းခြေပေါ်နဲ့ ရေထဲကနေ ကြည့်ရှုနေကြတာကိုလည်း မြင်တွေ့ရပါတယ်။

    ခရာစ်နိုဒါဒေသ အုပ်ချုပ်ရေးမှူး ဗင်နီယာမင် ကွန်ဒရာတီယက်ဗ် ကတော့ ဒဏ်ရာရသူ စုစုပေါင်း ၄၀ ဦးရှိပြီး အဲဒီအထဲက ၁၇ ဦးကို ဆေးရုံတင်ထားရတယ်လို့ ပြောပါတယ်။

    အပြည့်အစုံကို ဒီလင်ခ့် မှာဖတ်နိုင်ပါတယ်။

  8. မြောက်ဦးမြို့ လေကြောင်းတိုက်ခိုက်ခံရမှု စစ်သုံ့ပန်းတွေထားတဲ့ ၅၄၀ ခြေမြန်တပ်ရင်းကို ဗုံးကျ

    အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ထဲကို မနေ့ သြဂုတ် ၄ ရက် ည ၉ နာရီကျော်အချိန်မှာ စစ်တပ်က လေယာဉ်အုပ်ဖွဲ့ပြီး ဗုံးအလုံးရေဆယ်နဲ့ချီသုံးကာ ဆက်တိုက်ဗုံးကြဲ ခဲ့တယ်လို့ အခြေအနေသိရှိသူ တချို့ဆီကသိရပါတယ်။

    “စစ်တပ် ၅၄၀ တပ်ရင်းထဲကို ကျတယ်၊ အဲဒီထဲက စစ်သုံ့ပန်းတွေထားတယ်လို့ ကနဦးသိရတယ်။ စစ်သုံ့ပန်းထားတော့ ကိုယ့်တပ်ဖွဲ့ဝင်တွေလည်းရှိတဲ့သဘောပေါ့။ အခြားဘယ်နေရာတွေကို ထပ်ကျလဲဆိုတာ အသေးစိတ်မသိရသေးဘူး” လို့ အေအေစစ်ရေးအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    ဒါဟာ မြောက်ဦးမြို့တွင်းမှာ မြန်မာစစ်တပ်အခြေစိုက်ခဲ့တဲ့ အမှတ် ၅၄၀ ခြေမြန်တပ်ရင်းထဲ ဗုံးကျခဲ့တာပြီး ထိခိုက်ဒဏ်ရာရရှိမှုရှိ၊ မရှိနဲ့ စစ်သုံ့ပန်းထားရှိတဲ့နေရာ ဆိုတာနဲ့ ပတ်သက်ပြီးဘီဘီစီက အေအေနဲ့မေးမြန်းပြီဂ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

    မနေ့ညကမြောက်ဦးကို စစ်တပ်က ၂ ကြိမ်လေကြောင်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ပထမအကြိမ်မှာ ဗုံးအလုံးရေ ဆယ်ချီသုံးခဲ့ပြီး ည ၁၁ နာရီ ဒုတိယအကြိမ်တိုက်ခိုက်မှုအခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း သတင်းအရင်းအမြစ်ဆီကပြောပါတယ်။

    အခုသြဂုတ်လအစ ၅ ရက်အတွင်းမှာတင် အေအေထိန်းချုပ်တဲ့ ရခိုင်ကမြို့နယ်တွေကို စစ်တပ်က လေကြောင်းနဲ့ဆက်တိုက်တိုက်ခိုက်တာဖြစ်ပြီး ၃ ရက်နေ့တုန်းက သံတွဲမြို့နယ်၊ ငပလီမြို့ပေါ် ကိုလည်း ဗုံးအလုံးရေ ၆၀ နီးပါးကြဲချခဲ့ကြောင်း အေအေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ဒါအပြင် မြန်မာစစ်တပ်မှာ လေချုပ်သစ် အပြောင်းအလဲလုပ်ပြီးတဲ့နောက် လေကြောင်းဗုံးကြဲမှု ပိုတိုးလုပ်သလို လေယာဥ်အုပ်ဖွဲ့ပြီး ဗုံးကြဲတဲ့အလေ့ရှိလာကြောင်း အေအေဘက်ကလည်း ဧပြီလထဲမှာထုတ်ပြောထားပါတယ်။

    အခုမြောက်ဦးဖြစ်စဉ်နဲ့ပတ်သက်လို့ အေအေရော စစ်တပ်ဘက်ကပါ ဒီနေ့မနက် ၁၀ နာရီဝန်းကျင် အထိ တစုံတရာထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။

    စစ်တပ်သတင်းတွေကို ဖော်ပြတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ မနေ့ညမြောက်ဦးဖြစ်စဉ်မှာ အထိအခိုက်များကြောင်း ရေးသားနေကြပါတယ်။

  9. ဒေသတွင်း ကျားဖြန့်ပပျောက်အောင်လုပ်ဖို့ နေပြည်တော်ရောက် ဝ အဖွဲ့ကို ဦးမင်းအောင်လှိုင်ပြော

    “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌဦးဆောင်တဲ့အဖွဲ့ကို ဦးမင်းအောင်လှိုင်က နေပြည်တော်မှာတွေ့ဆုံချိန် “ဝ” ဒေသမှာ ကျားဖြန့်ပပျောက်ရေးနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးတွေ ဖိဖိစီးစီးလုပ်ဖို့ပြောပါတယ်။

    “ဝ” ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ဒုတိယမြောက်နေ့မနေ့တုန်းက နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ကြောင်း နေပြည်တော်ဘက်က သတင်းထုတ်ပြန်ပါတယ်။

    ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ နိုင်ငံတော်သစ်ကိုတည်ဆောက်ဖို့ ငြိမ်းချမ်းရေး လိုအပ်တယ်ဆိုပြီး ဦးမင်းအောင်လှိုင်က “ဝ” နဲ့ တွေ့ဆုံချိန်မှာထည့်ပြောခဲ့ပါတယ်။

    နယ်စပ်မှာရှိနေတဲ့ “ဝ”အဖွဲ့ နဲ့တွေ့ဆုံမှုဟာ တရုတ် - မြန်မာဆက်ဆံရေးအတွက် အရေးကြီးတဲ့ အထောက်အပံ့ ဖြစ်ကြောင်းလည်း အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း ပြောပါတယ်။

    မနေ့တုန်းကပဲ NSPNC နဲ့ “ဝ” ကိုယ်စားလှယ်တွေ ဒုတိယနေ့အစည်းအဝေးဆက်လုပ်ခဲ့ပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အခုလိုပြောခဲ့တာပါ။

    ပြည်ထောင်စုမပြိုကွဲရေးနဲ့ ခွဲမထွက်ရေးအပါအဝင် “ဝ” ဒေသရဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးတို့အတွက်ပါဆွေးနွေးခဲ့ပြီး NSPNC နဲ့ UWSP ကြား ညှိနှိုင်းရရှိချက်တွေကို လက်မှတ်ရေးထိုးကြတယ်လို့ နေပြည်တော်ကပြောပါတယ်။

    ဒီတွေ့ဆုံမှုမှာ UWSP ဘက်က ပြည်နယ်တောင်းဆိုမှုကိုဆက်ဆွေးနွေးတယ်လို့ ဘီဘီစီ သတင်းရင်းမြစ်တချို့ဆီက သိရပါတယ်။ ဒါပေမဲ့ “ဝ” ကတော့ နှစ်ရက်တာတွေ့ဆုံမှုနဲ့ပတ်သက်လို့ ထုတ်မပြောသလို လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကိုလည်း ဘီဘီစီက ဆက်တိုက်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမရှိပါဘူး။

    နေပြည်တော်ကို UWSP ပါတီဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်း၊ ဒုအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်အိုက်ခမ်း၊ ၁၇၁ စစ်ဒေသနိုင်ငံရေးမှူး ဦးထင်ဆမ်ရုန်း၊ တပ်မဟာ ၄၈၅ တပ်မဟာမှူး ဦးပေါက်ကျွင်းလုံ၊ တပ်မဟာ ၄၆၈ နိုင်ငံရေးမှူး ဦးကျောက်ရှောက်ဖူ၊ ဒုတိယစစ်ဦးစီးမှူး ဦးလီကော်ဖျင်နဲ့ ဦးညီရမ်းတို့ သွားရောက်ခဲ့ပြီး စစ်တပ်နဲ့ ဆွေးနွေးခဲ့တာပါ။

    ဒါဟာ “ဝ”အဖွဲ့ရဲ့ စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင်တွေ လိုက်ပါသွားတဲ့သဘောလည်းဖြစ်ပါတယ်။ “ဝ”ရဲ့တပ်မဟာ ၄၆၈ ဟာ ဒေသမြောက်ပိုင်းမှာအခြေစိုက်ပြီး ၁၇၁ စစ်ဒေသကတော့ တောင်ပိုင်းဖြစ်တဲ့ ထိုင်း - မြန်မာနယ်စပ်မှာအခြေစိုက်ပါတယ်။

  10. မင်္ဂလာပါ။ ဩဂုတ် ၅ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။