မြန်မာသံအမတ်နေရာမှာ ဦးကျော်မိုးထွန်းကိုဆက်ရွေးချယ်ဖို့ ကုလကို NLD အိတ်ဖွင့်ပေးစာပို့

ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the United Nations
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားပြု သံအမတ်နေရာမှာ ဆက်ထားရှိဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) က ကုလသမဂ္ဂကို အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က ကုလရုံးချုပ်မှာ ကမ္ဘာ့ခေါင်းဆောင်တွေတက်ရောက်တဲ့ ၈၁ ကြိမ်မြောက် အထွေထွေ ညီလာခံ စတင်ကျင်းပနေချိန်မှာပဲ NLD ပါတီဗဟိုက အခုလို စာထုတ် တောင်းဆိုတာဖြစ်ပါတယ်။
ဟာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကနေ ဒီမိုကရေစီနည်လမ်းကျ ပေါ်ပေါက်လာတဲ့အစိုးရရဲ့ခန့်အပ်ထားတယ်ဆိုတဲ့အချက်ကို ပါတီက ထောက်ပြပါတယ်။
နောက်ပြီး ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်နေရာမှာ ဆက်ထားရှိရေးဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒသဘောထားတွေနဲ့ ဆက်စပ်နေတယ်လို့လည်း NLD က ပြောပါတယ်။
ကုလသမဂ္ဂက မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံတွေရဲ့ ကိုယ်စားပြုခွင့်ကို စိစစ်ရွေးချယ်မယ့် အရည်အချင်းစစ်ဆေးရေးကော်မတီ(Credentials Committee)ကို နိုင်ငံ ၉ နိုင်ငံနဲ့ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။
ဒီနိုင်ငံတွေကို လက်ရှိအထွေထွေညီလာခံဥက္ကဋ္ဌ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရာမန် အဆိုပြုမှုနဲ့ ရွေးချယ်ခဲ့တာပါ။
ဒီကော်မတီကနေ နိုင်ငံအလိုက် ကိုယ်စားကိုယ်စားပြုမယ့် သံအမတ် သီးသီးကို လာမယ့် စက်တင်ဘာ ၂၈ ရက်မှာ ရွေးချယ်ခန့်အပ်သွားမှာဖြစ်ပါတယ်။
၁၉၅၀ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့ အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၃၉၆ (V) ပါ အခြေခံမူအရ “အဖွဲ့ဝင်နိုင်ငံတစ်ခုကို ကိုယ်စား ပြုဖို့ အာဏာပိုင်တစ်ဦးထက်ပို၍ တောင်းဆိုမှုရှိလာရင် “ပဋိညာဉ်စာတမ်းရဲ့ ရည်ရွယ် ချက်နဲ့ အခြေခံမူတွေအပြင် ဖြစ်စဉ်တစ်ခုချင်း အခြေအနေတွေနဲ့ ကိုက်ညီစွာ” ဆုံးဖြတ်ရမယ်ဆိုတဲ့အချက်ကို NLD က ထောက်ပြပါတယ်။
ဒါကြောင့် ကိုယ်စားပြုအမတ်ရွေးချယ်ရေး စံနှုန်းသတ်မှတ်တဲ့နေရာမှာ နယ်မြေကို ချုပ်ကိုင်ထားနိုင်မှုတစ်ခုတည်းမဟုတ်ဘဲ ပြည်သူတွေရဲ့ ဒီမိုကရေစီ လုပ်ပိုင်ခွင့်နဲ့ လူ့အခွင့်အရေး လေးစားမှုတို့ဟာလည်း ပဋိညာဉ်စာတမ်းနဲ့ ကိုက်ညီတဲ့ တရားဝင်မှုဖြစ်တယ်လို့ NLD က ဆိုပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်ရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် အတိုက်အခံဘက်ကပါဝင်မှု တင်းကျပ်ကန့်သတ်ခံရတာ၊ အဓိကနိုင်ငံရေးပါတီတွေ ဖယ်ထုတ်ခံရတာ၊ မဲပေးသူအရေအတွက် လျော့နည်းတာနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြား မဲပေးစေခဲ့တာကို ဖော်ပြထားပြီး ကုလသမဂ္ဂအနေနဲ့ ဒီလုပ်ငန်းစဉ်ကို ထောက်ခံတာ ဒါမှမဟုတ် စောင့်ကြည့်တာ မလုပ်ခဲ့ဘူးလို့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်ကနေ ကြေညာထားတဲ့အချက်ကိုလည်း NLD က ထည့်ပြောပါတယ်။
အလားတူ ကော်မတီအနေနဲ့ .....
- ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနဲ့ ကုလသမဂ္ဂဆိုင်ရာ မှတ်တမ်းတွေအပြင်
- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်တဲ့ ပြည်သူလူထုကို ဖမ်းဆီး ချုပ်နှောင်ထားတာ
- လေကြောင်းအင်အားသုံးပြီး ဘာသာရေးအဆောက်အအုံများ၊ အရပ်သား မခွဲခြားဘဲ ဖျက်ဆီးသတ်ဖြတ်တာ
စတဲ့အခြေအနေတွေနဲ့လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေကိုပါ စဉ်းစားပေးပြီး သင့်လျော်တဲ့ ဆုံးဖြတ်ချက်နဲ့ အစီရင်ခံတင်ပြမှု ပြုလုပ်ပေးဖို့ NLD က အိတ်ဖွင့်စာထဲမှာ တောင်းဆိုထားပါတယ်။
သံအမတ်နေရာအတွက် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင်က ခန့်အပ်ထားတဲ့ ဦးကျော်မိုးထွန်းကိုပဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က တင်သွင်းထားသလို နေပြည်တော်ကတော့ စစ်သံမှူး ဦးအောင်သူရိန်ကို ၂၀၂၄ ခုနှစ်ကတည်းက နာမည်တင်သွင်းထားပါတယ်။
နေပြည်တော်ကတော့ သံအမတ်ဦးကျော်မိုးထွန်းကို နိုင်ငံတော် ပုန်ကန်မှု အပါအဝင် အမှုပေါင်း ၅ မှုနဲ့ တရားစွဲထားပြီး ဒီအပေါ် အရေးယူနိုင်ဖို့ အမေရိကန် နိုင်ငံအပြင်၊ နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပို နဲ့ပါ သံတမန်ရေး ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ စက်တင်ဘာလထဲမှာပဲ အသိပေးကြေညာထားပါတယ်။


