လိင်ပိုင်းစော်ကားတဲ့ကျောင်းအုပ်ကြီးအကြောင်း ဖွင့်ချရင်း ဖူးစာဆုံတဲ့မောင်နှံ

ဇီယာ နဲ့ ယူဆရွန်တို့ ကင်မရာကို ပြုံးကြည့်နေကြပါတယ်။ ဇီယာက ပန်းရောင်ဖျော့ ဟီဂျာဘ်ဝတ်ထားပြီး နေကာမျက်မှန်ကို ခေါင်းပေါ်တင်ထားပါတယ်။ ယူဆရွန် က လည်ပင်းဖွင့် အဖြူရောင်ရှပ်အင်္ကျီ ဝတ်ထားပါတယ်။
ဓာတ်ပုံ ပုံစာ, ဇီယာနဲ့ ယူဆရွန်တို့ဟာ လွန်ဘွတ်က အစ္စလာမ္မစ် ဘော်ဒါကျောင်းကို တက်ခဲ့ကြသူတွေပါ
    • ရေးသားသူ, အန်ဒန် နာဒင်
    • ရေးသားသူ, ရေဘက်ကာ ဟန်စကီး
    • ရာထူးတာဝန်, BBC Eye Investigations
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၈

ဖုန်းတစ်ဖက်က အသံကို ကြားလိုက်ရချိန်မှာ ယူဆရွန် အဇာဟီဒီရဲ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပါတယ်။

သူ့ညီမက အရေးတကြီး ပြန်ခေါ်ဖို့ စာပို့ထားတာကြောင့် သူက ညီမရဲ့ဖုန်းနံပါတ်ကို ပြန်ခေါ်ခဲ့တာပါ။ ဒါပေမဲ့ ဖုန်းတစ်ဖက်မှာ ရှိနေတာက သူ့ညီမ မဟုတ်ဘဲ ယူဆရွန်ရဲ့ အရင်တုန်းက ကျောင်းအုပ်ဆရာကြီးဖြစ်နေပါတယ်။

အဲဒီဆရာကြီးက ယူဆရွန်တို့ မိသားစုအိမ်ကို ရောက်နေပါတယ်။

"သူ ဘာအကြောင်း ပြောချင်လဲဆိုတာ ကျွန်တော် သိတယ်။ သိကို သိနေတာ" လို့ ယူဆရွန်က ပြောပါတယ်။

ကျောင်းသားတွေက "အဘ" (အဖေ) လို့ တလေးတစား ခေါ်လေ့ရှိတဲ့ အာမက် အီမန်နျူဒင် ဆူမားဟာ သူ့ဂုဏ်သိက္ခာကို အဖတ်ဆယ်ချင်နေသူပါ။

သူဟာ အင်ဒိုနီးရှားနိုင်ငံ၊ လွန်ဘွတ်ကျွန်းပေါ်က အစ္စလာမ္မစ် ဘော်ဒါဆောင် ကျောင်းတစ်ကျောင်းရဲ့ လူရိုသေ ရှင်ရိုသေ ကျောင်းအုပ်ကြီးဖြစ်ပါတယ်။

ယူဆရွန်နဲ့ သူ့ကျောင်းနေဖက်ဟောင်းတွေဟာ ကျောင်းအုပ်ကြီးက လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တယ်လို့ ရင်ဖွင့်ထားကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ထွက်ဆိုချက်တွေကို စုဆောင်းနေတာကို အဘ သိသွားတာကြောင့် သူတို့ အိမ်အထိ ရောက်လာတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး အမျိုးသားအဆင့် ကော်မရှင်က အစ္စလာမ္မစ် ဘော်ဒါဆောင် ကျောင်းတွေထဲက လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုကို "နိုင်ငံအဆင့် အရေးပေါ်ပြဿနာ" လို့ သတ်မှတ်ထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ ဥပဒေပညာရှင်တွေကတော့ အမှုအများစုဟာ တရားရုံးကို မရောက်ကြဘူးလို့ ပြောကြပါတယ်။ အကြောင်းကတော့ နစ်နာသူတွေကို စွပ်စွဲချက်တွေ ပြန်ရုပ်သိမ်းဖို့ ဖျောင်းဖျတာ ဒါမှမဟုတ် အသံမထုတ်ဖို့ ဖိအားပေးတာတွေရှိနေတာကြောင့် ဖြစ်ပါတယ်။

အခု အဘကလည်း ယူဆရွန်ကို ဖုန်းဆက်ပြီး အဲဒီလိုပဲ တောင်းဆိုနေခဲ့ပါတယ်။

"မင်းရဲ့ဆရာရဲ့အရှက်ကို ဖုံးပေးပါ ကလေးရေ။ လူတိုင်း အမှားလုပ်တတ်ကြပါတယ်" လို့ သူက ငိုသံပါပြီး ပြောခဲ့ပါတယ်။

ဒါပေမဲ့ ယူဆရွန်ဟာ သူပြောသမျှ စကားတိုင်းကို အသံဖမ်းထားတယ်ဆိုတဲ့အချက်ကိုတော့ သူ မသိခဲ့ပါဘူး။

ယူဆရွန်ဟာ အဘကို စုံစမ်းစစ်ဆေးမှု စတင်ခဲ့တာ တစ်နှစ်လောက်ရှိပါပြီ။ အဲဒါက သူ့အတန်းဖော်ဟောင်း ဇီယာဒါတာ ရာမာက တစ်ညမှာ ပြောပြခဲ့တဲ့အကြောင်းအရာတစ်ခုကြောင့် ဖြစ်ပါတယ်။

သူတို့နှစ်ယောက်လုံးဟာ လွန်ဘွတ်က အဘူ ဘာရိုကတ် ကျောင်းက ထူးချွန်ကျောင်းသား ကျောင်းသူတွေဖြစ်ခဲ့ကြပါတယ်။

အဲဒီအချိန်မှာ ယူဆရွန်က ဂျကာတာမြို့မှာ ရှိတဲ့တက္ကသိုလ်တစ်ခုမှာ တက်နေပြီး ဇီယာဒါတာကတော့ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာ ပညာသင်နေပါတယ်။ သူတို့ဟာ ဖုန်းပြောရင်း ကျောင်းသားဘဝ အမှတ်တရတွေကို ပြန်ပြောနေကြတာပါ။

သူငယ်ချင်းတွေက ဇီယာ လို့ ချစ်စနိုးခေါ်လေ့ရှိတဲ့ ဇီယာ ဒါကာက သူ အသက် ၁၆ နှစ်အရွယ်မှာ အဘရဲ့လိင်ပိုင်းဆိုင်ရာစော်ကားမှုကို ခံခဲ့ရကြောင်း ယူဆရွန်ကို တစ်ညမှာ ရင်ဖွင့်ခဲ့ပါတယ်။

အတန်းချိန်မှာ အိမ်သာသွားဖို့ လုပ်တဲ့ ဇီယာကို အဘက ကျောင်းဥယျာဉ်ထဲမှာ သူ့ကို တားဆီးပြီး ကျောင်းဝင်းထဲမှာရှိတဲ့သူ့အိမ်ကို လိုက်ခဲ့ဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

အိမ်ထဲ ရောက်သွားတဲ့အခါ သူ့ကို ချစ်တယ်လို့ အဘက ပြောခဲ့ကြောင်း ဇီယာက ဆိုပါတယ်။

"သူက ကျွန်မကို သူ့ပေါင်ပေါ် ထိုင်ရအောင် ဆွဲချတယ်။ ပြီးတော့ စ နမ်းတယ်။ ကျွန်မရဲ့ ခန္ဓာကိုယ်ကို ပွတ်သပ် ကိုင်တွယ်တယ်" လို့ ဇီယာက ဘီဘီစီကမ္ဘာတလွှားအစီအစဉ်ကို ပြောပြခဲ့ပါတယ်။

အဘက သူ့ကို ဘယ်သို့ဘယ်ပုံ ပြန်လုပ်ဖို့ပြောခဲ့တယ်လို့လည်း သူက ရှင်းပြပါတယ်။

ကံကောင်းစွာနဲ့ပဲ အဘရဲ့ကလေးတစ်ယောက်က သော့ခတ်ထားတဲ့အိမ်တံခါးကို လာခေါက်ခဲ့တယ်လို့ ဇီယာက ပြောပါတယ်။

အဘက ထွက်သွားဖို့ အချက်ပြလိုက်ပြီး သူက နောက်တံခါးကနေ ပြေးထွက်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီဖြစ်ရပ်က သူ့အပေါ် သက်ရောက်မှု အရိပ်မည်းကြီး ထိုးခဲ့ပါတယ်။

"ကျွန်မ အရမ်းညစ်ပတ်သွားသလို ခံစားရတယ်။ ဘဝပျက်သွားသလို ခံစားရတယ်။ လမ်းပျောက်သွားခဲ့တယ်။"

ဇီယာရဲ့ပြောပြချက်ကို ကြားပြီးတဲ့နောက် ယူဆရွန်က ဘာလုပ်ရမလဲဆိုတာ မသေချာခဲ့ပါဘူး။

သူတို့ကျောင်းရဲ့ ဆောင်ပုဒ်ကိုယ်တိုင်က "Sami'na wa ata'na" ("ကျွန်တော်တို့ကြားနာတယ်၊ နာခံတယ်") ဆိုတာဖြစ်ပါတယ်။

ယူဆရွန်က ကင်မရာကို မတ်တပ်ရပ် ကြည့်နေပြီး နောက်ခံမှာ ပင်လယ်ကို မြင်ရပါတယ်။ သူက အနက်ရောင် ဟူဒီ၊ အဖြူရောင် ဘောင်းဘီနဲ့ အနက်ရောင် kopiah ဦးထုပ် ဝတ်ထားပါတယ်။ လက်တွေကို အိတ်ကပ်ထဲ ထည့်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Yusron Azzahidi

ဓာတ်ပုံ ပုံစာ, ယူဆရွန်ဟာ ဘော်ဒါဆောင်ကျောင်းမှာ ပညာသင်နေစဉ်က သူ့ကျောင်းအုပ်ဆရာကြီးကို အမြဲ အားကျခဲ့သူ ဖြစ်ပါတယ်

ဒါပေမဲ့ အဲဒီအကြောင်းကို သူ မေ့မရနိုင်ခဲ့ပါဘူး။

ဒါကြောင့် သူနဲ့ ဇီယာ၊ ပြီးတော့ ဇီယာရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ၀မ်ဒါ ဟာမီဒါ နဲ့ မာဟီမာ အက်ကာ တို့ ပူးပေါင်းပြီး ဇီယာရဲ့ထွက်ဆိုချက်ကို ထောက်ခံနိုင်မယ့်အထောက်အထားတွေ စုဆောင်းကြဖို့ အကြံပေးခဲ့ပါတယ်။

သူတို့က အတန်းဖော်ဟောင်းတွေကို တဖြည်းဖြည်း ဆက်သွယ်လာတာနဲ့အမျှ အခြား ဖြစ်ရပ်တွေ၊ ကြုံတွေ့ခဲ့ရတာတွေလည်း ထပ်မံ ပေါ်ထွက်လာခဲ့ပါတယ်။ တွေ့ရှိချက်တွေကို WhatsApp မှာ အချင်းချင်း မျှဝေခဲ့ကြပါတယ်။

၀မ်ဒါရဲ့သူငယ်ချင်းတစ်ယောက်ရဲ့ပြောပြချက်က အရေးအကြီးဆုံး ဖြစ်ခဲ့ပါတယ်။

သူက နောက်ဆုံးနှစ်တုန်းက ညနက်ပိုင်းမှာ ကျောင်းအိမ်သာထဲမှာ ငိုနေတဲ့ အသက်ငယ်ငယ် မိန်းကလေးတစ်ယောက်ကို တွေ့ခဲ့တယ်လို့ ပြန်ပြောပြပါတယ်။

အဘက မျက်နှာနီပြီး အသက်ရှူပြင်းပြင်းနဲ့ အဲဒီကောင်မလေးကို လိုက်ရှာနေခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီမိန်းကလေးက ဆူခ်မာ ရိုဟာဒါ ဖြစ်ပြီး အဲဒီအချိန်က ကျောင်းမှာပဲ ရှိနေဆဲဖြစ်ပါတယ်။

ဆူခ်မာက သူ ကြုံခဲ့ရတဲ့အဖြစ်အပျက်ကို ဘီဘီစီကို ပြောပြခဲ့ပါတယ်။

ဆူခ်မာ က အနက်ရောင် ဟီဂျာဘ်ကို ပြင်နေပြီး ကိုယ်ကို ကုန်းထားပါတယ်။ စိတ်ပင်ပန်းနေသလို မြင်ရပါတယ်။ အပြာရောင် အင်္ကျီပေါ်မှာ အဖြူရောင် ပန်းပွင့်လေးတွေ ပါပါတယ်။
ဓာတ်ပုံ ပုံစာ, အဘဟာ သူ့ကို မုဒိမ်းကျင့်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆူခ်မာ

ဆူခ်မာက အသက် ၁၇ နှစ်အရွယ်မှာ အဘက နှစ်သစ်ကူးဆုတောင်းပွဲအတွက် သူနဲ့အတူ လိုက်ဖို့ ပြောခဲ့တယ်လို့ဆိုပါတယ်။

အဘရဲ့အိမ်ထဲ ဝင်သွားချိန်မှာ သူက ပါးစပ်ကို ပိတ်လိုက်ပြီး လှဲခိုင်းခဲ့တယ်လို့ ဆူခ်မာက ပြောပါတယ်။ နောက်ပိုင်းမှာလည်း ခါးအောက်ပိုင်း အဝတ်အစားတွေကို ချွတ်ခဲ့တယ်လို့ ဆိုပါတယ်။

"သူက သူ့စိတ်ကို မထိန်းနိုင်တော့ဘူးလို့ ဆက်တိုက် ပြောနေတယ်" လို့ ဆူခ်မာ က ဆိုပါတယ်။

"သူက ကျွန်မရဲ့အတွင်းခံပေါ်ကနေ ခန္ဓာကိုယ်ကို ကိုင်တွယ်တယ်။ ကျွန်မကို မုဒိမ်းကျင့်ဖို့ ကြိုးစားခဲ့တယ်။"

အဲဒီနောက် သူ့ဗိုက်ကို အားပြင်းပြင်းနဲ့ ကန်လိုက်နိုင်တဲ့သတ္တိကို ရခဲ့ပြီး ထွက်ပြေးခဲ့တယ်လို့ သူက ပြောပါတယ်။

ပြေးနေချိန်မှာ နောက်ပြန်လှည့်ကြည့်မိတော့ အဘရဲ့ဓာတ်မီးအလင်းက သူ့ကို လိုက်ရှာနေတာကိုမြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလို အထောက်အထားတွေ ပေါ်ထွက်လာတာနဲ့အမျှ ယူဆရွန်က စုစည်းခဲ့ပါတယ်။ စွပ်စွဲချက် တင်ထားတဲ့ကျောင်းသား၊ ကျောင်းသူတွေကို ပြန်ဆက်သွယ်ပြီး အသေးစိတ် မှတ်စုတွေ ရေးသားခဲ့ပါတယ်။

ဆူခ်မာ၊ ဇီယာနဲ့ တခြားကျောင်းသူဟောင်း လေးဦးအပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေကို ဖော်ပြထားတဲ့စာမျက်နှာ ခုနစ်မျက်နှာပါ စာတမ်းတစ်စောင်ကိုလည်း ပြုစုခဲ့ပါတယ်။

၀မ်ဒါက ကျောင်းကို စီမံခန့်ခွဲတဲ့ အင်အားကြီးအဖွဲ့ NWDI က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပွဲတစ်ခု စီစဉ်ခဲ့ပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေ ပြောပြချက်အရ အဲဒီအစည်းအဝေးက အဆင်ပြေခဲ့ပြီး NWDI ဘက်က အမှုကို ရဲတပ်ဖွဲ့ထံ တင်ပို့နိုင်အောင် ကူညီမယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ သုံးပတ်အကြာမှာ ယူဆရွန်ရဲ့ညီမဆီက အရေးတကြီး စာရောက်လာပြီး ပြန်ဖုန်းခေါ်လိုက်တဲ့အခါ အဘက မိသားစုအိမ်ကနေ ဖုန်းပြောနေတာကို သိလိုက်ရပါတယ်။ အဲဒီအခါ NWDI က ယူဆရွန် ရေးသားထားတဲ့စာတွေကို အဘဆီ ပို့ပေးခဲ့ကြောင်း ထင်ရှားသွားခဲ့ပါတယ်။

"ဒါသာ မီဒီယာတွေထဲ ပေါက်ကြားသွားရင် ကျွန်တော့်ဘ၀ ပျက်သွားလိမ့်မယ်" လို့ ဘက က ပြောထားတဲ့အသံဖမ်းမှတ်တမ်းထဲမှာ ကြားရပါတယ်။

သူက ယူဆရွန်ကို လိမ်ပြောဖို့ တောင်းဆိုပြီး အထောက်အထား စာတမ်းကို ပြန်ရုပ်သိမ်းနိုင်ဖို့ အကြောင်းပြချက် အမျိုးမျိုး ပေးခဲ့ပါတယ်။

ထို့နောက် ဇီယာကိုလည်း ဖုန်းဆက်ပြီး အလားတူ ဖိအားပေးခဲ့ပါတယ်။

ယူဆရွန်လိုပဲ ဇီယာ ကလည်း ဖုန်းခေါ်ဆိုမှုကို အသံဖမ်းထားခဲ့ပါတယ်။

အဲဒီအသံဖိုင်ထဲမှာ အဘက ဇီယာကို စော်ကားခဲ့ကြောင်း ဝန်ခံထားပြီး အပြင်ထုတ်မပြောဖို့ မေတ္တာရပ်ခံပါတယ်။

ကျောင်းသားတွေက "အဘ" လို့ ခေါ်တဲ့ အာမက် အဘ ဆူမာက ဇီယာနဲ့ ဆူခ်မာတို့ကို သူတို့ရဲ့ ကြုံတွေ့မှုတွေကို မပြောဖို့ တောင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Abu Barokat Facebook

ဓာတ်ပုံ ပုံစာ, ကျောင်းသားတွေက "အဘ" လို့ ခေါ်တဲ့ အာမက် အဘ ဆူမာက ဇီယာနဲ့ ဆူခ်မာတို့ကို သူတို့ရဲ့ ဖြစ်ရပ်တွေကို ထုတ်မပြောဖို့ တောင်းဆိုခဲ့ပါတယ်

ဆူခ်မာကတော့ အဘရဲ့အိမ်ကို ခေါ်ခံရပြီး ရဲအရာရှိ နှစ်ဦးနဲ့ NWDI ရှေ့နေတစ်ဦး စောင့်နေကြတာကို တွေ့ခဲ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

သူတို့က စွပ်စွဲချက်အားလုံး မမှန်ကြောင်း ရေးထားတဲ့စာရွက်တစ်စောင်မှာ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ သူက ဆိုပါတယ်။

နောက်ပိုင်းမှာ အဘ ရဲ့ဇနီး ဟာမီယာတီကို မေးမြန်းစိန်ခေါ်စဉ် လျှို့ဝှက် အသံဖမ်းထားတဲ့ မှတ်တမ်းတစ်ခုကလည်း ဆူခ်မာရဲ့ပြောဆိုချက်နဲ့ ကိုက်ညီနေပါတယ်။

ဟာမီယာတီ က "ဘာမှ မဖြစ်ခဲ့ဘူး" ဆိုတဲ့ "သဘောတူညီချက်" ကို လေးစားဖို့ ပြောနေပြီး "ဒီအကြောင်းက မင်းကို တစ်သက်လုံး ခြောက်လှန့်နေစေချင်တာလား။ မင်း ရှေ့မှာ အိမ်ထောင်ပြုမယ့်အခါ ထိခိုက်သွားစေချင်လား''လို့ ပြောနေသံ ကြားရပါတယ်။

ဖိအားပေးမှုက ဒီလောက်နဲ့ မရပ်ခဲ့ပါဘူး။

အဘက ယူဆရွန်ရဲ့မိဘတွေကို ဂျကာတာမြို့အထိ လေယာဉ်နဲ့ တက်လာခိုင်းပြီး တက္ကသိုလ်မှာ ယူဆရွန်ကို လိုက်ရှာခိုင်းခဲ့ပါတယ်။

သူတို့ မတွေ့ခဲ့ကြပါဘူး။ အဲဒီအချိန် ယူဆရွန် က ဟိုတယ်တစ်ခုမှာ ပုန်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီအဖြစ်ဟာ ယူဆရွန်ရဲ့မိခင်အတွက် အတော်ကို ခက်ခဲလွန်းခဲ့ပါတယ်။ "စိတ်ဖိစီးလွန်းလို့ သေတော့မလိုတောင်ဖြစ်နေရပြီ" လို့ မိခင်ဖြစ်သူက ပြောခဲ့ပါတယ်။

ဒါကြောင့် ယူဆရွန်ဟာ သူ စုံစမ်းရေးလုပ်နေတာတွေကို မရပ်ချင်ဘဲ ရပ်တန့်ခဲ့ရပါတယ်။

တစ်ချိန်တည်းမှာပဲ သူနဲ့ ဇီယာ တို့ တဖြည်းဖြည်းနဲ့ ပိုရင်းနှီးလာကြပါတယ်။

သူတို့နှစ်ဦးရဲ့ သူငယ်ချင်းမေတ္တာဟာ အ၀ေးရောက်သူတို့ရဲ့ ဆက်ဆံရေးလိုဖြစ််နေတာကြောင့် မကြာခဏ ဖုန်းပြောဖြစ်ခဲ့ကြပါတယ်။

"သူ အရမ်း ခက်ခဲနေတာကို ကျွန်တော် မြင်တယ်။ အဘ လုပ်ခဲ့တဲ့အကြောင်းတွေကို ငါဘာလို့ အကြိမ်ကြိမ် ပြန်တွေးမိနေတာလဲဆိုတာမျိုးကိုလည်း သူပြောပြတတ်တယ်''

ယူဆရွန်ဟာ သူ မေတ္တာသက်၀င်စ ပြုလာတဲ့မိန်းကလေးနဲ့ မိခင်ကို ပေးထားတဲ့ ကတိကြားမှာ ဗျာများရပါပြီ။

အဲဒီနောက် ရှစ်လအကြာမှာတော့ အစ္စလာမ္မစ် ကျောင်းတွေထဲက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုအကြောင်း အသိပညာပေးနေတဲ့ အဖွဲ့တစ်ဖွဲ့အကြောင်း ယူဆရွန် သိလာခဲ့ပါတယ်။

အဲဒီအဖွဲ့ကို အယု မာရူရို ဆိုတဲ့အမျိုးသမီးငယ်တစ်ဦး တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

အာယုက အခြားကျောင်းတစ်ကျောင်းက ဆရာ မို့ချ် ဆပ်ချီ အဇယ် ဆာနီရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံခဲ့ရတဲ့သူငယ်ချင်းတစ်ယောက် တရားမျှတမှုရအောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။

ကြုံခဲ့ရတာတွေကို ထုတ်ဖော်ပြောဆိုဖို့ လိုအပ်ကြောင်း အာယုက လူမှုကွန်ရက်ပေါ်မှာ တက်ကြွစွာ ရေးသားမျှဝေနေခဲ့ပါတယ်။

ဒါကပဲ ဇီယာအတွက် သူ့အတွေ့အကြုံကို အွန်လိုင်းပေါ် တက်ရေးဖို့ အားဖြစ်စေခဲ့ပါတယ်။ အင်ဒိုနီးရှား ကျောင်းသား၊ ကျောင်းသူတွေထဲက အလားတူ ကြုံတွေ့ခဲ့ရသူတွေ ဆက်သွယ်ပေးဖို့ အင်စတာဂရမ်ပေါ်မှာ သူ ဖိတ်ခေါ်စာ တင်ခဲ့ပါတယ်။

အဘဟာ သူ တောင်းပန်ခဲ့သလို ပြောင်းလဲမယ်လို့ ကတိပေးခဲ့ပေမဲ့ နောက်ထပ် ထပ်မံ ကျူးလွန်ခဲ့ပုံရကြောင်း ဇီယာ သိလာခဲ့ပါတယ်။

ဇီယာတို့ ကျောင်းက တစ်ယောက်က ဆက်သွယ်လာပြီး သူလည်း အဘရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို ခံခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

စွပ်စွဲထားတဲ့ ဖြစ်ရပ်ဟာ ဇီယာနဲ့ ယူဆရွန်ကို အဘ ကတိပေးပြီး တစ်နှစ်နီးပါး အကြာမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

"အဘက တကယ် ပြောင်းလဲမသွားခဲ့ဘူးဆိုတာ ကျွန်မ သိလိုက်ရတယ်။ ရပ်မယ်ဆိုပြီး ပြောခဲ့သမျှ အားလုံးက လိမ်တာပဲ" လို့ ဇီယာက ပြောပါတယ်။

နောက်ဆုံးမှာ ယူဆရွန်ရဲ့ မိဘတွေက ဇီယာ နဲ့ ဆူခ်မာတို့ တရားမျှတမှု ရှာဖွေရေးကို ဆက်ကူညီဖို့ သဘောတူခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီတစ်ခါတော့ နည်းလမ်းပြောင်းဖို့ သူတို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သူတို့ အယုကို ဆက်သွယ်ခဲ့ပြီး အာယုက ရှေ့နေ ငှားဖို့ အကြံပေးခဲ့ပါတယ်။

အာယုက လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရသူတွေကို ကိုယ်စားပြု အမှုလိုက်ပေးရာမှာ အတွေ့အကြုံရှိတဲ့ရှေ့နေတစ်ဦးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

အဲဒီရှေ့နေက ဆူခ်မာ ရဲ့အမှုက ရာဇဝတ်ကြောင်းအရ အရေးယူနိုင်ဖို့ အခိုင်မာဆုံး ဖြစ်တယ်လို့ အကြံပေးခဲ့ပါတယ်။

ဘီဘီစီက အဘနဲ့ ဟာမီယာတီ ကို စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဆက်သွယ်ခဲ့ပေမဲ့ တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။

NWDI အဖွဲ့ကတော့ စွပ်စွဲချက်တွေကို အတွင်းပိုင်း စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ပြောပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်တွေကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တယ်ဆိုတာ ငြင်းဆိုပါတယ်။

"တစ်ဦးချင်းစီရဲ့စွပ်စွဲခံရတဲ့လုပ်ရပ်တွေကြောင့် အဖွဲ့အစည်း ဂုဏ်သိက္ခာ မထိခိုက်စေရန် ကာကွယ်ရမယ့် တာဝန်ရှိတယ်" လို့ NWDI က ပြောပါတယ်။

ဆူခ်မာက ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီမှာ အဘကို ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။

အခုထိ ရဲဘက်က အရေးမယူသေးသလို အဘကလည်း ရာထူးမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

"ကျွန်မ ကြုံခဲ့ရတာမျိုးကို တခြား ကျောင်းသား၊ ကျောင်းသူတွေ မကြုံစေချင်ဘူး။ ကျွန်မ တရားမျှတမှု လိုချင်တယ်" လို့ သူက ဘီဘီကို ပြောပါတယ်။

ဒါပေမဲ့ ဒီစုံစမ်းမှုက ဇီယာနဲ့ ယူဆရွန်ကို ပိုပြီး နီးစပ်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီမှာ စာပို့ဆက်သွယ်ပြီး သုံးနှစ်ကြာ စကားပြောခဲ့ကြတဲ့ နောက် ယူဆရွန်က ဇီယာနဲ့ အတူနေရဖို့ ကိုင်ရိုမြို့ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဇီယာက ကောက်ရိုးအိတ် လွယ်ထားပြီး အဖြူရောင် အင်္ကျီနဲ့ ပန်းရောင် ဟီဂျာဘ် ဝတ်ထားပါတယ်။ သူ့လက်ကို ယူဆရွန်ရဲ့ ခေါင်းပေါ် တင်ထားပါတယ်။ ယူဆရွန် က သူ့ကို လက်နဲ့ ဖက်ထားပြီး မီးခိုးရောင် ဘောင်းဘီနဲ့ အနက်ရောင် တီရှပ် ဝတ်ထားပါတယ်။
ဓာတ်ပုံ ပုံစာ, ကိုင်ရိုမှာရှိတဲ့ ဇီယာ နဲ့ ယူဆရွန်တို့ဟာ သူတို့ ကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေကြောင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်

"ကျွန်တော် အရမ်း ပင်ပန်းနေခဲ့တယ်။ ဂျကာတာမှာ ရဲအမှုနဲ့ပတ်သက်ပြီး အမြဲရင်ဆိုင်နေရလို့ အားထုတ်ရတယ်။ ဒါကြောင့် ဇီယာ ကို တွေ့လိုက်ရချိန်မှာ ဆေးတစ်ခွက် သောက်လိုက်ရသလို ခံစားရတယ်" လို့ ယူဆရွန်က ဘီဘီစီကို ပြောပါတယ်။

ဇီယာ ကတော့ သူ အရမ်း ပျော်ရွှင်ရလို့ စကားတွေကို "စကားတွေ ရေပက်မ၀င် ပြောနေခဲ့မိတယ်" လို့ ဆိုပါတယ်။

"သူ တကယ် အလေးအနက်ထားတယ်ဆိုတာ အဲဒီအချိန်မှာ သိလိုက်ရတယ်။ ကျွန်မ အီဂျစ်အထိတောင် လာခဲ့တာပဲ။ ကျွန်မ သူ့ကို ယုံကြည်တယ်။ အဲဒါကြောင့် ကျွန်မ သူနဲ့ အတူ ရှိနေတာပါ။"

ဒီယုံကြည်မှုဟာ တရားမျှတမှုကို အတူတကွ ရှာဖွေခဲ့ကြတဲ့အတွေ့အကြုံပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းက သူတို့ လက်ထပ်လိုက်ကြပါတယ်။

သူတို့ရဲ့ ရှေ့နေ ဂျိုကို ဂျူမာဒီကတော့ ထုတ်ဖော်ဖွင့်ချတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့သတ္တိ ဗြတ္တိကို လေးစားမိတယ်လို့ ပြောပါတယ်။

တိတ်ဆိတ်နေဖို့ ဖိအားပေးခံခဲ့ရတဲ့အကြောင်း ကျောင်းသားတွေ လျှို့ဝှက် စုဆောင်းထားတဲ့အသံဖမ်းမှတ်တမ်းတွေဟာ အဖိုးတန်တယ်လို့ သူက ဆိုပါတယ်။

"ကျူးလွန်သူ လူပုဂ္ဂိုလ် တစ်ယောက်တည်းက နစ်နာသူအများအပြားရဲ့ နာမည်ကို ထုတ်ပြောထားတာဖြစ်လို့ ဒါတွေက အရေးပါတဲ့ အထောက်အထားတွေ ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။

ရှေ့နေ ဂျိုကိုနဲ့ သူ့အဖွဲ့ဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း အနောက် နျူဆာ တန်ဂါရာပြည်နယ်မှာ အစ္စလာမ္မစ် ဘော်ဒါဆောင်ကျောင်းတွေနဲ့ ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု အမှုပေါင်း ၂၀ ကို ကိုင်တွယ်ခဲ့ပါတယ်။

သူ့အမြင်အရတော့ ဒီအခြေအနေတွေဟာ "ရေပေါ် ပေါ်နေလို့ အနည်းငယ်သာမြင်ရတဲ့ ရေခဲစိုင်ကြီးတစ်ခုရဲ့အစွန်အဖျားလေး" သာ ဖြစ်သေးတယ်လို့ ဆိုပါတယ်။