NUG တရားရေးရဲ့ မစီရင်နိုင်သေးတဲ့အမှုတွေ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၈

စစ်ကိုင်းတိုင်းအတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ဖြစ်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဟာ တရားစီရင်ရေး ခေါင်းစဉ်အောက်မှာ တုံ့ဆိုင်းနေဆဲဖြစ်ပါတယ်။

မနှစ်တုန်းက ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်းက PDF အမျိုးသမီးရဲဘော်တစ်ဦးအဓမ္မပြုကျင့်ခံရမှုကို ၆ လကျော်တဲ့အထိ သေချာတိုင်တွယ်မစစ်ဆေးခဲ့ဘူးလို့ အခြေအနေကို သိသူတချို့က ဘီဘီစီကို ပြောပါတယ်။

NUG ဟာ အစိုးရတစ်ရပ်အနေနဲ့ တရားစီရင်ရေးမှာ အားနည်းနေတာဟာ ပြည်သူတွေကို မလေးစားရာကျတယ်ဆိုပြီး အမျိုးသမီးနဲ့ လူ့အခွင့်အရေး အရပ်ဘက်အင်အားစုတစ်ရာကျော်ကလည်း စာထုတ်တောင်းဆိုထားပါတယ်။

ကန့်ဘလူခရိုင်နဲ့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)အဖွဲ့တာဝန်ခံကို သံသယတရားခံအဖြစ် စစ်ဆေးနေတဲ့ မုဒိန်းမှုတစ်ခုကိုလည်း ၃ နှစ်နီးပါးကြာတဲ့အထိ စီရင်ချက်မချရသေးပါဘူး။

NUG ထိန်းချုပ်နယ်ထဲက မုဒိန်းမှုတွေနဲ့ သံသယတရားခံတွေ ဘာဆက်ဖြစ်နေလဲ။ ဒီအမှုတွေကို စစ်ဆေးတဲ့ NUG ရဲ့ ယန္တရားကြန့်ကြာနေတာ ဘာကြောင့်လဲဆိုတာ ဘီဘီစီက ဆန်းစစ်ကြည့်ထားပါတယ်။

ယင်းမာပင် မုဒိန်းမှု

စစ်ကိုင်းတိုင်း၊ ယင်းမာပင်တပ်ရင်း၂၀ အတွင်းမှာဖြစ်ခဲ့တဲ့ မုဒိန်းမှုကိုတော့ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF စစ်ရုံးချုပ် ကနေ တိုက်ရိုက်ကိုင်တွယ်နေပြီလို့ NUG ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

ကျူးလွန်သူတွေနဲ့ ကျူးလွန်ခံရသူတို့ဟာ PDF ရဲဘော်တွေဖြစ်နေတာကြောင့် အရပ်ဘက်မဟုတ်ဘဲ တပ်တွင်းလုပ်ထုံးလုပ်နည်းအတိုင်း စစ်မေးရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

PDF စစ်ရုံးချုပ်ဟာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ ကွပ်ကဲမှုအောက်မှာရှိပါတယ်။

ဒီအမှုရဲ့ သံသယတရားခံတွေဖြစ်ကြတဲ့ ယင်းမာပင်ခရိုင် တပ်ရင်းမှူး ကိုရန်ရှင်းအောင်နဲ့ တပ်ဖွဲ့ဝင်တချို့ကို NUG က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဒါပေမဲ့ ဖမ်းဆီးထားတဲ့ လူအရေအတွက် အတိအကျကိုတော့ MOD က မကြေညာထားပါဘူး။

NUG ပုလဲမြို့နယ် တရားရေးနဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကတော့ ဒီအမှုမှာ မုဒိန်းမှုအပြင် အကြမ်းဖက်ရိုက်နှက်မှုပါ တွဲပါနေပြီး အမှုက ကြီးလေးတာကြောင့် အရပ်ဘက်ကနေ စစ်ရုံးချုပ်ကို လွှဲပေးလိုက်ရတာလို့ ဆိုပါတယ်။

"ရိုက်နှက်မှုတွေ အပြင် လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုတွေရော အစုံပါနေတယ်။ စစ်ရုံးချုပ်ကနေ သံသယတရားခံတွေကို အကုန်ဖမ်းဆီးပြီး လက်လွှဲယူသွားတာ"လို့ သူက ဖြည့်ပြောပါတယ်။

သံသယတရားခံတွေကို ဖမ်းဆီးရေးမှာ ပါဝင်ခဲ့တဲ့ ယင်းမာပင်အခြေစိုက် တပ်ဖွဲ့ဝင်တစ်ဦးကတော့ တပ်ရင်းမှူး ကိုရန်ရှင်းအောင်အပါအဝင် ၆ ဦးကို ဖမ်းဆီးထားဆဲဖြစ်ပြီး ရာထူးကနေ ရပ်ဆိုင်းထားတယ်လို့ ဘီဘီစီကို ဇူလိုင် ၈ ရက်မှာ ပြောပါတယ်။

"လက်နက်တွေလည်း ဖြုတ်သိမ်းထားတယ်၊ စစ်ကိုင်းအထက်ပိုင်းက PDF စစ်ရုံးချုပ် အချုပ်ထောင်ထဲမှာ ဖမ်းထားတာ" လို့ သူက ထပ်ပြောပါတယ်။

NUG ဝန်ကြီးချုပ်ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ ဒီအမှုနဲ့ပတ်သက်လို့ စုံခုံဖွဲ့ပြီးစစ်ဆေးနေတယ်လို့ ဇူလိုင် ပထမအပတ်မှာ ပြောပါတယ်။

သံသယတရားခံတွေကို ဖမ်းဆီးချိန်တုန်းကတော့ အမှုစစ်ဆေးပေါ်ပေါက်မှုအပေါ် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မယ်လို့ သူက ပြောထားပါတယ်။

PDF စစ်ရုံးချုပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ အမှုစစ်ဆေးတဲ့လုပ်ငန်းစဉ်ကို စနစ်တကျ ဆောင်ရွက်နေတာ မရှိသေးဘူးလို့ ဇူလိုင် ၂၉ ရက်မှာ ထုတ်ပြောပါတယ်။

အမှုနဲ့ပတ်သက်ပြီး "အကြမ်းဖျင်းပဲ စစ်ဆေးရသေးတဲ့အခြေအနေ"လို့ သူကဆိုပါတယ်။

သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ စုံခုံဖွဲ့ပြီးမှ စစ်တရားရုံးကိုတင်ရမှာဖြစ်ပြီး"ဘယ်တရားသူကြီး ဒီအမှုကိုကိုင်မလဲ ခုထိမသိရသေးဘူး" လို့ သူက ထပ်ပြောပါတယ်။

ဒီအမှုက နစ်နာသူဘက်ကိုလည်း တစ်ပတ်အတွင်း လူကိုယ်တိုင်လာရောက်ဖို့ NUG ခုံရုံးကနေ မတ်လထဲမှာ ဆင့်ခေါ်ခဲ့တယ်လို့ နစ်နာသူရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ဖွင့်ပြောပါတယ်။

ဒါပေမဲ့ နစ်နာသူအနေနဲ့ စစ်ခုံရုံးက မဆင့်ခေါ်ခင် ကနဦးစုံစမ်းစစ်ဆေးဖို့ဆိုပြီးဆင့်ခေါ်ခံခဲ့ရဖူးပါတယ်။

ခေါ်ယူချိန်မှာ အခုအဖမ်းခံထားတဲ့တပ်ရင်းမှူးက အကြမ်းဖက်ခဲ့တဲ့ဖြစ်စဉ် ရှိခဲ့တယ်လို့ နစ်နာသူဆီက သိထားရတဲ့အခြေအနေကို သူက ရှင်းပြပါတယ်။

အဲဒီအချိန်မှာ တပ်ရင်းမှူးအပါအဝင် တပ်သားတချို့ရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကို ခံခဲ့ရပြီး စိတ်ဒဏ်ရာနဲ့ စိတ်မလုံမခြုံဖြစ်မှုတွေကြောင့် ခုံရုံးကနေ ဆင့်ခေါ်ချိန် လူကိုယ်တိုင် စစ်ဆေးခံဖို့အဆင်မပြေကြောင်း နစ်နာသူဘက်က ငြင်းဆိုခဲ့တယ်လို့ သူနဲ့ ရင်းနှီးသူတစ်ဦးက ပြောပါတယ်။

နစ်နာသူကို တရားမျှတမှုရရေး ဆောင်ရွက်ပေးနေတဲ့ ယင်းမာပင်ခရိုင်ထဲက အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတစ်ဦးကလည်း နစ်နာသူ PDF ရဲဘော်အမျိုးသမီးဟာ အမှုဖြစ်ပြီးနောက် ထပ်မံရိုက်နှက်အကြမ်းဖက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီအချိန်က ခန္ဓာကိုယ်မှာ အညိုအမည်းစွဲနေတဲ့ ဒဏ်ရာတွေကို မျက်မြင်တွေ့ခဲ့ရတယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

ဒီလိုအချက်တွေကြောင့် နစ်နာသူက စစ်ဆေးမှုကို အွန်လိုင်း (Zoom) ကနေတဆင့် ပြုလုပ်ပေးဖို့တောင်းဆိုပေမယ့် ဒီတောင်းဆိုချက်အပေါ် ခုံရုံးကနေ ၄ လနီးပါးကြာတဲ့အထိ အကြောင်းမပြန်ခဲ့ဘူးလို့ နစ်နာသူနဲ့ နီးစပ်သူက ဇူလိုင် ၈ ရက်မှာ ဆိုပါတယ်။

"စိတ်ဒဏ်ရာရနေတဲ့ နစ်နာသူရဲ့ လုံခြုံရေးအတွက် အာမခံချက်ပေးတာမျိုးမရှိတော့ ဘယ်သူက အစစ်ခံရဲမလဲ" လို့ သူက ထောက်ပြပါတယ်။

နစ်နာသူအမျိုးသမီးဟာ အိမ်ထောင်ရှိသူဖြစ်ပြီး အသက် ၅ နှစ်အောက် ကလေးငယ်တစ်ဦးရဲ့ အမေလည်းဖြစ်ပါတယ်။

သူ့ရဲ့ အမျိုးသားကလည်း MOD ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) တစ်ဦးဖြစ်ပါတယ်။

ဒီအမှုရဲ့ ဖြစ်စဉ်အသေးစိတ်အကြောင်းအရာကို ဘီဘီစီမြန်မာပိုင်းကနေ ဆောင်းပါးရေးသားဖော်ပြခဲ့ပြီးဖြစ်သလို အဲဒီအချိန်က နစ်နာသူ အမျိုးသမီးရဲ့ ဖြေကြားချက်တွေကို ဒီဆောင်းပါးမှာ ပြန်ဖတ်ရှုနိုင်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ဘီဘီစီက NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကို ဆက်သွယ်မေးမြန်းထားပေမယ့် ဇူလိုင် ၂၉ ရက်အထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ပြည်ထဲရေးဝန်ကြီးဌာနက ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကတော့ အမှုမှန်ပေါ်ပေါက်ဖို့ရာ နစ်နာသူဘက်ကလည်း စစ်ဆေးတဲ့လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ဖို့ လိုတယ်လို့ မှတ်ချက်ပြုပါတယ်။

"လူကိုယ်တိုင်ပူးပေါင်းဆောင်ရွက်မှ သေသေချာချာမေးမြန်းလို့ရမှာပေါ့" လို့ သူကဖြည့်ပြောပါတယ်။

NUG ရဲ့ စစ်ကိုင်းတိုင်းထဲက တရားရေးအရာရှိတစ်ဦးကတော့ မုဒိန်းမှုကြောင့်စိတ်ဒဏ်ရာရနေတဲ့ နစ်နာသူကို စစ်မေးတဲ့အခါ ဆင့်ခေါ်စာနဲ့တင် မလုံလောက်ဘဲ စာနာနားလည်တဲ့ ချဉ်းကပ်မှုတွေ ကျင့်သုံးဖို့လိုလိမ့်မယ်လို့ ထောက်ပြပါတယ်။

"ဝေဒနာတွေအကြိမ်ကြိမ် မဖြစ်အောင် တစ်ကြိမ်တည်းနဲ့ အပြီးမေးတာမျိုးဖြစ်သင့်တယ်၊ စစ်မေးသူနဲ့ ဆင့်ခေါ်တဲ့သူကိုရွေးချယ်ရာမှာလည်း လိုအပ်ရင် အမျိုးသမီးအရာရှိ ဖြစ်ဖို့လိုတယ်။ စိတ်လုံခြုံမှုပေးပြီး စစ်ဆေးတဲ့နေရာကိုလာအောင်နားချတာမျိုး ဒါမှမဟုတ် နစ်နာသူရှိတဲ့ နေရာအထိသွားပြီး စစ်မေးတာမျိုးလုပ်ရမယ်" လို့ သူက ရှင်းပြပါတယ်။

အမျိုးသမီးအရေးလှုပ်ရှားတဲ့အဖွဲ့တချို့ကလည်း ဒီအမှုနဲ့ပတ်သက်ပြီး ၂၀၂၆ ပထမနှစ်ဝက်ထဲမှာပဲ နစ်နာသူအရေးအတွက် NUG ယာယီသမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။

NUG အနေနဲ့ ဒီလိုအမှုတွေကို အချိန်ဆွဲပြီး ကိုင်တွယ်နေတာဟာ ကြားကာလ တရားစီရင်ရေးရဲ့ ကြီးမားတဲ့ အားနည်းချက်ကို မီးမောင်းထိုးပြနေတယ်လို့ နိုင်ငံရေးအကဲခတ်တချို့က ရှုမြင်ပါတယ်။

ယင်းမာပင်အမှုလိုပဲ နှစ်ချီကြာ အဖြစ်မှန်မပေါ်ပေါက်သေးတဲ့ နောက်ထပ် မုဒိန်းမှုတစ်မှုလည်း ရှိနေပါတယ်။

ကန့်ဘလူက ခရိုင်နဲ့ မြို့နယ် ပအဖခေါင်းဆောင်ကျူးလွန်တယ်ဆိုတဲ့ မုဒိန်းမှု

၂၀၂၃ ခုနှစ်က ကန့်ဘလူနယ်ထဲက NUG ရဲ့ အချုပ်ထောင်ထဲမှာ ဖြစ်ခဲ့တဲ့ မုဒိန်းမှုဟာလည်း ၃ နှစ်နီးပါးကြာတဲ့အထိ စီရင်ချက်မချရသေးပါဘူး။

ဒီမုဒိန်းမှုမှာ အဓိက သံသယတရားခံဖြစ်တဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူ ခရိုင်နဲ့ မြို့နယ် ပအဖခေါင်းဆောင် ဦးမဲခေါင်လို့ လူသိများတဲ့ ဦးမြင့်ဇော်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၇၆ မုဒိန်းမှုနဲ့ အရပ်ဘက်တရားရုံးကနေ ၂၀၂၅ ခုနှစ်ကတည်းက စစ်ဆေးနေတာဖြစ်ပါတယ်။

ဦးမဲခေါင်ဟာ လက်ရှိမှာ ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အမှုတွဲဖြစ်သူ ကန့်ဘလူအချုပ်စခန်းမှုးကိုတော့ တရားသေလွှတ်ပေးလိုက်ပြီလို့ အမှုအခြေအနေကို သိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

သူ့ကိုတော့ အားပေးကူညီမှု ပုဒ်မ ၁၄၄ နဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့တာလို့ ဆိုပါတယ်။

တရားသေလွတ်သွားတဲ့ စခန်းမှူးဟောင်းဟာ "ကန့်ဘလူ အချုပ်ဆောင်ထဲကအကျဉ်းသူ ကျူးလွန်ခံရတာကို အကြောင်းကြားဖို့ ပျက်ကွက်မှု၊ ဦးမဲခေါင်နဲ့ ရင်းနှီးလို့ လျစ်လျူရှုပေးမှုတွေကြောင့် ဖမ်းဆီးခံရတာ" လို့ သူက ဆိုပါတယ်။

ဦးမဲခေါင်ရဲ့ အမှုဟာ ကန့်ဘလူနယ်ထဲမှာ ဖြစ်ခဲ့ပေမယ့် သူဟာ တန့်ဆည်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)ဆီမှာ အဖမ်းခံခဲ့တာကြောင့် တန့်ဆည်မြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။

သူစပြီး အဖမ်းခံခဲ့တဲ့ ၂၀၂၅ ပထမနှစ်ဝက်ပိုင်းကနေ ၂၀၂၆ ဇူလိုင်ပထမပတ်အထိ တန့်ဆည်မြို့နယ် ပလဖရဲ့ အချုပ်ထဲမှာပဲရှိနေတာလို့ တန့်ဆည်မြို့နယ် ပလဖတာဝန်ခံ ကိုအိုင်အိုက ဆိုပါတယ်။

တန့်ဆည်မြို့ဟာ တော်လှန်ရေးနယ်မြေ စစ်ရေးလှုပ်ရှားတဲ့ နယ်မြေဖြစ်တာကြောင့် "ပလဖ စခန်းနဲ့ အချုပ် နေရာတွေ ပြောင်းရွှေ့ရတာတွေ ရှိပေမယ့် ပလဖ အချုပ်ထဲမှာပဲ ဖမ်းဆီးထားပါတယ်" လို့ သူက ထပ်ပြောပါတယ်။

NUG ရဲ့ ပသုံးလုံးယန္တရားမှာ ပလဖအဖွဲ့ဟာ ရဲလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ရတာဖြစ်ပြီး ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက တိုက်ရိုက် ကွပ်ကဲတာဖြစ်ပါတယ်။

ဦးမဲခေါင်ရဲ့ အမှုအတွက် NUG ရဲ့ တန့်ဆည်တရားရုံးကနေ ၂ နှစ်နီးပါးကြာတဲ့အထိ စီရင်ချက်မချနိုင်သေးတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ပြည်ထဲရေးကနေ လုပ်ဆောင်တဲ့ စစ်ဆေးရေး လုပ်ငန်းစဉ် အားလုံးကို ပွင့်ပွင့်လင်းလင်းချပြပြီး တာဝန်ခံ ဖြေရှင်းဖို့ ဒီအမှုကို စောင့်ကြည့်နေသူတွေက ဆော်ဩနေပါတယ်။

ဒီအမှုမှာလည်း နစ်နာသူတွေက ၂၀၂၃ ခုနှစ်ကတည်းက NUG ရဲ့ တရားရေးကို တိုင်ကြားခဲ့ပေမဲ့ တစ်နှစ်ကျော်လောက် အရေးမယူဘဲ လျစ်လျူရှုခံခဲ့ရတယ်လို့ အမှုအခြေအနေကိုသိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

"အွန်လိုင်းပေါ်နဲ့ သတင်းဌာနတွေမှာ ပျံ့နှံ့သွားမှ ဖမ်းဆီးအရေးယူတာတွေလုပ်မယ်ဆိုပြီး ဖြစ်သွားတာ" လို့ သူက ဖြည့်ပြောပါတယ်။

ဒီဖြစ်စဉ်မှာ Non CDM ကျန်းမာရေးဝန်ထမ်း အကျဉ်းသူ ၁ ဦးနဲ့ တစ်လင်တစ်မယားဥပဒေနဲ့ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အကျဉ်းသူ ၁ ဦးတို့ ကျူးလွန်ခံခဲ့ရတာလို့ သတင်းရင်းမြစ်တချို့က အစောပိုင်းကတည်းက ပြောထားပါတယ်။

NUG ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး နစ်နာသူတွေက ပူးပေါင်းဆောင်ရွက်နေတယ်လို့ ၂၀၂၅ ခုနှစ်တုန်းက ဖြေကြားပါတယ်။

တရားရုံးဘက်က‌တော့ တိုင်ကြားတဲ့ နစ်နာသူတွေကို အရင်လပိုင်းတွေအတွင်း ဆင့်ခေါ်တာတွေလုပ်ခဲ့ပေမယ့် ဇွန်လကစပြီး တိုင်ကြားသူတွေ တရားရုံးချိန်းမလာတော့တာ တွေ့ရတယ်လို့ မြို့နယ်ပလဖ တာဝန်ခံ ကိုအိုင်အိုက ပြောပါတယ်။

"ဆင့်ခေါ်စာတွေ ပလဖရုံးကို တစ်စောင်ပြီးတစ်စောင်ရောက်လာတယ်" လို့ သူကဆိုပါတယ်။

တိုင်ကြားသူတွေဟာ အမှုစပြီးစစ်တဲ့ ၂၀၂၅ ခုနှစ်ကတည်းက ရုံးချိန်းတွေကို လာခဲ့ပြီး သူတို့ မလာနိုင်တဲ့ကာလက လပိုင်းပဲ ရှိသေးလို့ သူက ဖြည့်ပြောပါတယ်။

ကိုအိုင်အိုကတော့ ဦးမဲခေါင်အမှု ကြန့်ကြာနေတာဟာ တရားလိုနဲ့ သံသယတရားခံ နှစ်ဖက်လုံးက တင်သွင်းကြတဲ့ သက်သေတွေများတာကြောင့်လို့ ဆိုပါတယ်။

ဒီအမှုကြန့်ကြာနေတဲ့အပေါ် NUG ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို ဘီဘီစီက စာပို့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

NUG ထိန်းချုပ်နယ်မြေအပါအဝင် ပဋိပက္ခနယ်မြေတွေထဲ ၂၀၂၁ ကနေ ၂၀၂၅ မေလအထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကျားမအခြေပြု အကြမ်းဖက်မှုပေါင်း ၉၆၃ မှုရှိခဲ့တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) က ဖော်ထုတ်ခဲ့ပါတယ်။

အဲဒီအမှုတွေမှာ အများစု ကျူးလွန်သူက မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေဖြစ်သလို တချို့ အမှုတွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EROs တွေရဲ့ အဖွဲ့ဝင်တွေက အမြတ်ထုတ်ခဲ့တာလို့ အဲဒီအချိန်တုန်းက WLB ရဲ့ ဖော်ပြချက်ထဲမှာ ထည့်သွင်းရေးသားထားပါတယ်။

၂၀၂၅ တစ်နှစ်တည်းမှာပဲ ပဋိပက္ခနယ်မြေတွေထဲ ဒီလိုအမှုပေါင်း ၂၀၉ မှုဖြစ်ပွားခဲ့တယ်လို့ WLB က ဖော်ပြပါတယ်။

၂၀၉ မှုထဲ မုဒိန်းမှု ၂၈ မှု၊ လိင်ပိုင်ဆိုင်ရာအကြမ်းဖက်၊ နှောင့်ယှက်စော်ကားမှု ၃၆ မှုရှိတယ်လို့ WLB က ဖော်ပြပေမဲ့ ဒီအမှုတွေ ဘယ်ဒေသထဲမှာ ဖြစ်ခဲ့လဲဆိုတာကိုတော့ တိတိကျကျဖော်ပြလာတာ မရှိသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ အစောပိုင်းနှစ်တွေက စာရင်းအရ ၂၀၂၁ ကနေ ၂၀၂၄ ခုနှစ်အထိ ၃ နှစ်တာအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၂၆၅ မှု တိုင်ကြားချက်ရခဲ့ပါတယ်။

စစ်တပ်ဘက်က ကျူးလွန်တဲ့အမှု ၂၁၈ မှု၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် တွေက ကျူးလွန်တဲ့အမှု ၁၇ မှု နဲ့ အရပ်သား ကျူးလွန်တဲ့အမှု ၃၀ ဖြစ်ပါတယ်။

ဒါပေမဲ့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကနေ ၂၀၂၄ - ၂၀၂၅ ခုနှစ်အတွင်း NUG ထိန်းချုပ်နယ်ထဲမှာဖြစ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကို ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

NUG ထိန်းချုပ်နယ်မြေထဲမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ထပ်တိုးလာတာရှိမရှိနဲ့ ဒေသတွင်းက လူထုလုံခြုံရေးနဲ့ စိုးရိမ်ချက်တွေနဲ့ ပတ်သက်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဇူလိုင် ၂၉ ရက်အထိ ဖြေကြားခြင်းမရှိသေးပါဘူး။

NUG တရားစီရင်ရေးကြန့်ကြာနေတာ ဘာကြောင့်လဲ

NUG ထိန်းချုပ်နယ်မြေထဲမှာ လိင်အကြမ်းဖက်မှု၊ မုဒိန်းမှုတွေမှာ တရားစီရင်ရေး ကြန့်ကြာနေတာဟာ နယ်မြေနဲ့ ကိုက်ညီတဲ့ တရားရေး ယန္တရားကို မဖော်ဆောင်နိုင်တာကြောင့်လို့ စစ်ကိုင်းနိုင်ငံရေးလေ့လာသူ ဦးစိုးဝင်းဆွေက သုံးသပ်ပါတယ်။

"NUG က ဗဟိုအစိုးရအနေနဲ့ပဲ ရပ်တည်နိုင်တာကြောင့် တရားရေးကိစ္စတွေကိုကိုင်တွယ်ရာမှာ အဝေးကနေ မမှီမကမ်းလုပ်နေရသလိုဖြစ်နေတယ်" လို့လည်း သူက ထောက်ပြပါတယ်။

စစ်ကိုင်းတိုင်းကိုပြောရရင် စစ်တပ်နဲ့ တော်လှန်ရေးတစ်စိတ်တစ်ပိုင်းစီထိန်းချုပ်အပြီး အုပ်ချုပ်ရေးသပ်သပ်စီ လည်ပတ်နေတဲ့ မြို့နယ်တွေရှိသလို နှစ်ဖက်တပ် အလုံးစုံထိန်းချုပ်ထားတဲ့ မြို့နယ်တွေလည်း ရှိနေပါတယ်။

NUG အနေနဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေအလိုက် ကိုက်ညီတဲ့ အုပ်ချုပ်ရေးဖော်ဆောင်မှုနဲ့ ဘယ်နယ်မြေမှာ တရားရေးယန္တရားကို မြန်ဆန်အောင် ဘယ်လိုဖော်ဆောင်မယ်ဆိုတဲ့အချက်က အရေးကြီးတယ်လို့ အကဲခတ်တွေက ရှုမြင်ပါတယ်။

ဒါ့အပြင် NUG အနေနဲ့ ဗဟိုအစိုးရအဆင့်ကနေ ပြည်နယ်ဖက်ဒရယ်ယူနစ်အစိုးရစနစ်ကို အသွင်ကူးပြောင်းရေးလုပ်နေတာကြောင့် ဒီအသွင်ပြောင်းမှုကနေ တရားရေးယန္တရားကိုလည်း ပြည်နယ်ယူနစ်အလိုက် စနစ်တကျကိုင်တွယ်လာနိုင်ဖို့ မျှော်မှန်းတယ်လို့ ဦးစိုးဝင်းဆွေက မှတ်ချက်ပြုပါတယ်။

တစ်ဖက်မှာလည်း လူ့အခွင့်အရေးလှုပ်ရှားသူ Sisters 2 Sisters ဦးဆောင်ကော်မတီအဖွဲ့၀င် မကြည်ငြိမ်းက တော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ NUG အနေနဲ့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုကို အဓိကဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ထုတ်ပြောလာပါတယ်။

"တော်လှန်ရေးက လူထုရဲ့အကျိုးစီးပွါးကို အဓိက ဦးတည်လို့ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ အကျိုးဆက်က ပဋိပက္ခအတွင်းက အမျိုးသမီးနဲ့ ကျား၊ မ အခြေပြုသူအားလုံးရဲ့ ရုပ်ပိုင်းစိတ်ပိုင်းလုံခြုံရေးကို ထိခိုက်လာနိုင်တယ်"လို့ သူကထောက်ပြပါတယ်။

NUG အနေနဲ့ တရားရေးမဏ္ဍိုင် အစစ်အမှန် ပေါ်ပေါက်အောင် ဆောင်ရွက်သင့်ပြီလို့ သူက ထည့်ပြောပါတယ်။

NUG ရဲ့ တရားရေးအရာရှိတစ်ဦးကတော့ စစ်မေးမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့ပေမယ့် အမှုအခြေအနေတိုးတက်မှုမရှိတာဟာ NUG ရဲ့ တရားရေးပိုင်းမှာ အားနည်းမှုကို ပြသနေတယ်လို့ မှတ်ချက်ပြုပါတယ်။

နှစ်နဲ့ချီကြာတဲ့ စစ်ဆေးမှုတွေကို လူထုကိုချပြ သတင်းထုတ်ပြန်တာမျိုး မလုပ်နိုင်တာကလည်း မဖြစ်သင့်ဘူးလို့ သူက ထောက်ပြပါတယ်။

"အမှုကို ကြာရင်မေ့သွားမလားလို့ ပေါ့ပေါ့တန်တန်ထားပြီး အချိန်ဆွဲနေသလိုမျိုးဖြစ်နေတယ်"