ဂျော့ရှုဝါ ဗန် - UFC Flyweight တန်းကို ရေရှည်ကြီးစိုးမယ့်ချန်ပီယံလား

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

UFC Flyweight ချန်ပီယံ မြန်မာနွယ်ဖွား ချင်းဖိုက်တာ ဂျော့ရှုဝါဗန်ဟာ ပန်တိုဂျာကို ထပ်မံအနိုင်ယူပြပြီး စစ်မှန်တဲ့ ချန်ပီယံတစ်ယောက် ဆိုတာကို သက်သေထူလိုက်ပါပြီ။

မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက်က အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ ကျင်းပတဲ့ UFC 331 ပြိုင်ပွဲမှာ ဗန်က ပန်တိုဂျာကို ဒိုင်အဆုံးအဖြတ် အမှတ်အသာနဲ့ ဒုတိယအကြိမ် မကြေပွဲမှာပါ အနိုင်ယူပြခဲ့တာပါ။

ဒီပွဲဟာ ချန်ပီဟောင်းနဲ့ လက်ရှိ ချန်ပီယံတို့ နှစ်ဦး အားပြိုင်မှုဆိုတာထက် ဒီဝိတ်တန်းကို ကြီးစိုးမယ့်သူကိုလည်း ရွေးချယ်ပွဲလည်း ဖြစ်ခဲ့တာပါ။

ဘာကြောင့်လဲဆိုရင် ဗန်ဟာ Flyweight ဝိတ်တန်းမှာ အကောင်းဆုံးဆိုတဲ့ ထိပ်တန်းဖိုက်တာတွေကို အနိုင်ယူခဲ့ပြီးဖြစ်သလို အခက်ခဲဆုံးသော ပြိုင်ဘက်ဖြစ်တဲ့ ချန်ပီယံဟောင်း ပန်တိုဂျာကိုလည်း နှစ်ကြိမ်တိုင်တိုင် အနိုင်ယူပြထားပြီးပါပြီ။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ UFC ဥက္ကဋ္ဌ ဒေနာဝှိုက်က "ဗန်က ပွဲတိုင်း ပိုပိုပြီး ကောင်းလာတယ်။ ဒါက ဒီဝိတ်တန်းမှာ ရေရှည် အုပ်စိုးနေဦးမယ့် ချန်ပီယံတစ်ယောက်ရဲ့လက္ခဏာပဲ" လို့ ပြောလိုက်ပါတယ်။

UFC 331 - ချန်ပီယံ နဲ့ ချန်ပီယံဟောင်း အားပြိုင်မှု

UFC ဟာ ချန်ပီယံ ခါးပတ် ၄ ကြိမ်တိုင်တိုင် ကာကွယ်ခဲ့တဲ့ ချန်ပီယံဟောင်း အလက်ဇမ်းဒရေး ပန်တိုဂျာ နဲ့ ချန်ပီယံ ဂျော့ရှုဝါဗန်တို့ တွဲဆိုင်းကို UFC 331 ရဲ့ ခေါင်ပွဲစဉ်အဖြစ် ကျင်းပခဲ့တာပါ။

UFC ဟာ Flyweight ဝိတ်တန်းကို အဓိကခေါင်ပွဲစဉ်အဖြစ် ထားလေ့ထားထ သိပ်မရှိသလို အရင်က ဒီဝိတ်တန်းကို ဖယ်ရှားတော့မယ်ဆိုတဲ့အထိ သတင်းထွက်ခဲ့ရာကနေ အခုတော့ ခေါင်ပွဲစဉ်အဖြစ် ပွဲတည်ပေးခဲ့ပါတယ်။

အဓိကကတော့ ဂျော့ရှုဝါဗန်ဟာ ဒီဝိတ်တန်းကို လူအများစိတ်ဝင်စားလာအောင် ရသမြောက်တဲ့ ပွဲစဉ်တွေ ပေးစွမ်းနိုင်တာကြောင့်ဖြစ်တယ်လို့ ဒေနာဝှိုက်က UFC 331 သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီပွဲကို အမေရိကန်မှာရှိတဲ့ မြန်မာတွေ အပါအဝင် ပရိသတ် ၁၉,၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ပြီး ထိုင်ခုံအားလုံးရောင်းထွက်ခဲ့တယ်လို့ ဥက္ကဋ္ဌ ဒေနာဝှိုက်က ပြောပါတယ်။

ဗန် နဲ့ ပန်တိုဂျာ တို့ ပွဲစဉ်မတိုင်မီ UFC 331 ပြိုင်ပွဲရဲ့ တွဲဆိုင်းအများစုဟာ အလဲထိုးအနိုင်ရလဒ်တွေပဲ ထွက်ခဲ့တာပါ။

ဒုတိယခေါင်ပွဲမှာလည်း အာမေးနီးယန်း ဖိုက်တာ အာမန်ဆရူကီးယန်း က မော်ရူဆီယို ရူဖီ ကို အလဲထိုးပြီး အနိုင်ယူခဲ့တာပါ။

ခေါင်ပွဲစဉ်ဖြစ်တဲ့ ဗန် နဲ့ ပန်တိုဂျာတို့ ရဲ့ ပွဲစဉ်ကတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး။

ဒီပွဲဟာ ငါးချီမြောက်အထိ ချန်ပီယံ နဲ့ ချန်ပီယံဟောင်း နှစ်ဦးရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို မြင်တွေ့ခဲ့ရတာပါ။

ပွဲကြိုခန့်မှန်းချက်တွေမှာ ဂျော့ရှုဝါဗန် က ပန်တိုဂျာ ထက် အလေးသာခဲ့ပြီး တကယ်လည်း ပြိုင်ပွဲအတွင်းမှာ အားသာခဲ့ပါတယ်။

ပွဲအခင်းအကျင်း ဘယ်လိုဖြစ်ခဲ့လဲ

UFC 331 ရဲ့ ခေါင်ပွဲစဉ်ဟာ ပွဲစကတည်းက ပွဲအရှိန်မြင့်တက်ခဲ့တာပါ။

ဒိုင်လူကြီးက ပွဲအစမှာ ဖိုက်တာနှစ်ဦး လက်အိတ် တိုက်ပြီး နှုတ်ဆက်လို့ရကြောင်း ပြောတဲ့အချိန် ဗန်က လက်ထုတ်ခဲ့ပေမဲ့ ပန်တိုဂျာဘက်ကတော့ နှုတ်ဆက်ဖို့ ငြင်းဆိုခဲ့ပါတယ်။

ဒီပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာကတည်းက ပန်တိုဂျာ နဲ့ ဗန်ဟာ စကားအချေအတင် ပြောဆိုမှုတွေ ရှိနေခဲ့တာပါ။

UFC 331 ရဲ့ ခေါင်ပွဲစဉ်မှာတော့ ပထမအချီ စစချင်း ၄ မိနစ် ၅၅ စက္ကန့်မှာပဲ ပန်တိုဂျာဟာ သူ့ရဲ့ ပုံစံအတိုင်း ဗန်ဆီကို အတင်းဝင်လုံးပြီး လှဲချခဲ့ပါတယ်။

၂ မိနစ်ကြာအောင် ပန်တိုဂျာက ဗန့်အပေါ်မှာ ခန္ဓာကိုယ်နဲ့ ဖိထားနိုင်ပေမဲ့ ဗန်ကို အထိနာအောင်တော့ မလုပ်နိုင်ခဲ့ပါဘူး။ အဲဒီနောက်မှာ ဗန်က ပြန်ထနိုင်ခဲ့ပြီး သူ့ရဲ့ အားသာချက်ဖြစ်တဲ့ လက်သီး တွဲဆိုင်းတွေ နဲ့ ပန်တိုဂျာကို ထိုးသတ်ပါတယ်။

ပထမအချီမှာတော့ ဒိုင်သုံးဦးမှာ နှစ်ဦးက ဗန်ကို ၁၀ မှတ်၊ ပန်တိုဂျာကို ၉ မှတ်ပေးပြီး နောက်ဒိုင်တစ်ဦးကတော့ ပန်တိုဂျာကို ၁၀ မှတ်၊ ဗန်ကို ၉ မှတ်ပေးခဲ့ပါတယ်။

ဒုတိယအချီရဲ့ ပွဲချိန်အများစုမှာတော့ ဗန်က လက်သီးတွဲဆိုင်းတွေ ပိုထွက်ခဲ့ပြီး နောက်ဆုံး ၁၀ စက္ကန့်လောက်မှာတော့ ပန်တိုဂျာက ဗန်ကို အနောက်ကနေ ချုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဗန်က ခုခံနိုင်ခဲ့ပါတယ်။

ဒုတိယအချီမှာတော့ ဒိုင်သုံးယောက်လုံးက ဗန်ကို ၁၀ မှတ်အပြည့်ပေးပါတယ်။

တတိယအချီမှာတော့ ဗန်ရဲ့ လက်သီးထိုးချက်တွေကို ပိုပြီး မြင်လာရပါတယ်။ နောက်ပြီး ပန်တိုဂျာဟာ ဒီအချီမှာ ဗန်ကို ချုပ်ကွက်တည်ဖို့ အကြိမ်ကြိမ် ဆွဲချတိုင်း ဗန်ရဲ့ တန်ပြန်လက်သီးထိုးချက်တွေပဲ ခံခဲ့ရတာပါ။ ပန်တိုဂျာရဲ့ ဆွဲချမှု (Takedown) မှန်သမျှကိုလည်း ဗန်က ပြန်ခုခံနိုင်ခဲ့ပါတယ်။

ဒီအချီမှာတော့ ဒိုင်သုံးဦးလုံးက ဗန်ကို ၁၀ အမှတ်အပြည့် ပေးခဲ့ပါတယ်။

စတုတ္ထအချီရဲ့ ပွဲချိန်အများစုမှာတော့ ပန်တိုဂျာက ဗန်ကို ဝင်လုံးပြီး မြေပြင်မှာ ထိန်းချုပ်ထားခဲ့ပါတယ်။ ဒီအချီအစမှာတော့ ပန်တိုဂျာက ဗန်ကို အမြင့်ကန်ချက်အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ ဗန် ရဲ့ မာဂုဏ်ကြောင့် မလဲကျသွားခဲ့ပါဘူး။

ဒီအချီမှာတော့ ဒိုင်နှစ်ဦးက ပန်တိုဂျာကို ၁၀ မှတ်အပြည့်ပေးပြီး နောက်တစ်ဦးကတော့ ဗန်ကို ၁၀ မှတ်ပေးပါတယ်။

ဗန်ရဲ့အနိုင်ရလဒ်ကို ပိုပြီးသေချာစေခဲ့တာကတော့ နောက်ဆုံးအချီပါ။ စတုတ္ထအချီပြီးလို့ အနားယူနေချိန်မှာ ဗန်ရဲ့ နည်းပြက ဗန်ကို စကားတစ်ခွန်းပြောလိုက်တာ ကြားရပါတယ်။

"ဒီအချီမှာ သူ့ကို အဆုံးသတ်လိုက်တော့" ဆိုပြီး ဗန်ကို ပြောခဲ့တာပါ။

အသက် ၃၆ နှစ် ရှိပြီဖြစ်တဲ့ ပန်တိုဂျာဟာ ပြိုင်ပွဲနောက်ပိုင်းအချီတွေကို ရောက်လာတာနဲ့အမျှ သက်လုံသိသိသာသာ ကျလာတာလည်းတွေ့ရပါတယ်။

ဒီတစ်ချီလုံးမှာ ဗန်က ပန်တိုဂျာကို ဖိပြီး လိုက်ထိုးနေခဲ့တာပါ။ ပန်တိုဂျာကလည်း ဗန်ကို ဆွဲချဖို့ ကြိုးစားတာ မတွေ့ရတော့ပါဘူး။ ပန်တိုဂျာကလည်း ဗန် အရှေ့ဆက်တိုးလာပြီး လက်သီးမထိုးနိုင်အောင် ဗန်အားပြုတဲ့ဘယ်ဘက်ခြေထောက်ကိုပဲ အာရုံစိုက် ကန်ချက် ထည့်ပါတယ်။

၁ မိနစ် ၄၅ စက္ကန့်မှာတော့ ဗန်ရဲ့ ညာလက်သီးထိုးချက်ကြောင့် ပန်တိုဂျာ လဲကျသွားခဲ့ပါတယ်။

၁ မိနစ် ၃၂ စက္ကန့်မှာတော့ ဗန်ဟာ ပန်တိုဂျာရဲ့လက်ကို ခြေထောက်နဲ့ချုပ်ပြီး ပွဲကို အဆုံးသတ်မလို့ ကြိုးစားခဲ့ပေမဲ့ ပန်တိုဂျာက ပြန်ရုန်းထွက်ခဲ့ပါတယ်။

"သူရုန်းထွက်သွားတာက အံ့မခန်းမှာပဲ။ ကျွန်တော်တို့ Gym မှာ အဲဒီအကွက်လေ့ကျင့်ရင် ဘယ်သူမှ ပြန်ရုန်းမထွက်နိုင်ဘူး။ သူ့ကို တော်တော် လေးစားပါတယ်" လို့ ဗန်က ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ပွဲပြီးခါနီး ၃၀ စက္ကန့်အလိုမှာလည်း ဗန်က ပန်တိုဂျာကို ထပ်မံချုပ်ဖို့ လုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

ဒီအချီမှာတော့ ဒိုင်တွေအားလုံးက တညီတညွတ်တည်း ဗန်ကို ၁၀ မှတ်အပြည့် ပေးခဲ့ကြပါတယ်။

ပွဲအပြီးမှာတော့ ဒိုင် ၃ ယောက်လုံးက ဗန်ကို တညီတညွတ်တည်း အနိုင်ပေးခဲ့ပါတယ်။

UFC ရဲ့အချက်အလက်တွေအရ ဗန်ဟာ ငါးချီလုံးမှာ လက်သီးထိုးချက်ပေါင်း ၃၉၂ ချက် ထိုးခဲ့ပြီး အဲဒီထဲမှာ ထိချက်ပေါင်း ၂၅၉ ချက် နဲ့ ၆၆ ရာခိုင်နှုန်း ထိချက်မှန်ခဲ့ပါတယ်။

ပန်တိုဂျာက ထိုးချက်ပေါင်း ၃၀၀ မှာ ထိချက်ပေါင်း ၁၅၉ ချက်နဲ့ ထိချက်မှန်မှု ၅၃ ရာခိုင်နှုန်းရှိခဲ့ပါတယ်။​

ထူးခြားတာကတော့ ဗန်က ချုပ်ကွက် ၁ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ပန်တိုဂျာက တစ်ကြိမ်မှာ မပြုလုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ပန်တိုဂျာဟာ ဗန်ကို လက်ဆွဲနှုတ်ဆက်ခဲ့ပြီး ကြိုးဝိုင်းထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။

UFC ဥက္ကဋ္ဌ ဒေနာဝှိုက်ကတော့ ဂျော့ရှုဝါဗန် နဲ့ ပန်တိုဂျာ တို့ တွဲဆိုင်းကို အကောင်းဆုံးပွဲ (Fight of the Night) အဖြစ်သတ်မှတ်ခဲ့ပြီး တစ်ယောက်ကို အပိုဆုကြေး အမေရိကန်ဒေါ်လာ ၁ သိန်းစီ ပေးခဲ့ပါတယ်။

ဂျော့ရှုဝါဗန်ဟာ ထိုးကြေး ဒေါ်လာ ၅ သိန်းနဲ့ အပိုဆုပါပေါင်းလိုက်ရင် စုစုပေါင်း စုကြေး အမေရိကန် ဒေါ်လာ ၆ သိန်းရပါတယ်။ မြန်မာငွေနဲ့ ပြန်တွက်ရင် သိန်းပေါင်း နှစ်သောင်းကျော် ရရှိသွားတာဖြစ်ပါတယ်။

၀ိတ်တန်းကို ကြီးစိုးခြင်း

UFC 331 မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဗန်နဲ့ ပန်တိုဂျာတို့ ရဲ့ ပွဲဟာ သွေးသစ်ချန်ပီယံ နဲ့ ချန်ပီယံဟောင်း နှစ်ဦးပြိုင်ဆိုင်မှုထက် ပိုပါတယ်။

UFC Flyweight ဝိတ်တန်းမှာ ရေရှည်ကြီးစိုးနေတဲ့ အသက် ၃၆ နှစ်အရွယ် ချန်ပီယံဟောင်း နေရာမှာ သွေးသစ်လောင်း တက်လူ ချန်ပီယံအသစ်ပေါ် ထွက်လာတဲ့ ပွဲပါ။

ကမ္ဘာတစ်လွှားက UFC ပရိသတ်တွေကတော့ ဒါဟာ "Flyweight ရဲ့ ခေတ်အပြောင်းအလဲ " လို့တောင် သုံးသပ်နေကြပါတယ်။

UFC ဥက္ကဋ္ဌ ဒေနာဝှိုက်ကလည်း ဗန်ဟာ Flyweight ဝိတ်တန်းမှာ ရေရှည်ကြီးစိုးနေမယ့် ချန်ပီယံ တစ်ယောက်ရဲ့ လက္ခဏာတွေ ရှိနေပြီလို့ ပြောပါတယ်။

"ဗန် က ဒီဝိတ်တန်းအတွက် တော်တော် ထိုက်တန်တဲ့သူပါ။ သူ့ကြောင့် ဒီဝိတ်တန်းကို လူပိုကြည့်လာတယ်။ ပရိသတ်တွေကို ပိုပြီး စိတ်လှုပ်ရှားလာစေတယ်" လို့ ဒေနာဝှိုက်က ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဗန်ဟာ အခုဆိုရင် Flyweight ဝိတ်တန်းရဲ့ အဆင့် ၁ နေရာက ပန်တိုဂျာ၊ အဆင့် ၃ နေရာက ဘရန်ဒန် ရိုဗဲ၊ အဆင့် ၄ နေရာက တက်ဆူရို တိုင်ရာတို့ကို အနိုင်ယူပြပြီးပါပြီ။

အဆင့် ၂ နေရာမှာ ရှိတဲ့ မာနယ် ကပ်နဲ့ ထိုးသတ်ဖို့ပဲ ကျန်ရှိပါတော့တယ်။ ဗန်က သူ့ကိုသာ အနိုင်ရခဲ့ရင် ဒီဝိတ်တန်းထဲမှာ ဗန်ကို အနိုင်ယူနိုင်မယ့် သူကလည်း မရှိသလောက် ရှားသွားပြီလို့ လည်း MMA အသိုင်းအဝိုင်းမှာ သုံးသပ်မှုတွေ ရှိနေပါတယ်။

ချန်ပီယံဟောင်းလည်း ဖြစ်၊ အဆင့် ၁ နေရာက ပန်တိုဂျာ ဟာ လက်ရှိ ချန်ပီယံ ဗန်ကို နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်ထားတာကြောင့် UFC ဘက်က ပန်တိုဂျာကို ထပ်ပြီး ချန်ပီယံခါးပတ်စိန်ခေါ်ခွင့် ပေးဖို့ ရာခိုင်နှုန်း နည်းတယ်လို့ လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ဂျော့ရှုဝါဗန်ဟာ အခုဆို တစ်နှစ်အတွင်းမှာတင် ချန်ပီယံခါးပတ်ကို ၂ ကြိမ်တိုင်တိုင်ကာကွယ်ခဲ့ပြီး ဖြစ်ပါတယ်။​

UFC Flyweight ချန်ပီယံဟောင်း ဟန်နရီ စဟူးဒိုး ဆိုရင် ချန်ပီယံခါးပတ်ကာကွယ်မှု တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာပါ။

ဗန်ဟာ အရင် ချန်ပီယံဟောင်းတွေရဲ့မှတ်တမ်းတချို့ကိုပါ စံချိန်အသစ် တင်ခဲ့ပြီးလည်းဖြစ်ပါတယ်။

ဒါပေမဲ့ ဗန်အနေနဲ့ ချန်ပီယံဟောင်း ပန်တိုဂျာရဲ့စံချိန်ကို မှီဖို့တော့ နောက်ထပ် ခါးပတ်ကာကွယ်မှု ၂ ကြိမ် ပြုလုပ်ရဦးမှာဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲအပြီးမှာတော့ သတင်းထောက်တစ်ဦးက ဗန်ကို မေးခွန်းမေးခဲ့ပါတယ်။

"အခု ပန်တိုဂျာကို လည်းအနိုင်ယူခဲ့ပြီဆိုတော့ ခင်ဗျားကို UFC Flyweight ရဲ့ တသက်တာ အကောင်းဆုံးဖိုက်တာအဖြစ် သတ်မှတ်လို့ရပြီလား"

ဒီမေးခွန်းကို ဗန်က အခုလိုပဲ တုံ့ပြန်ဖြေ ဆိုခဲ့ပါတယ်။

"ဒါက ပရိသတ်တွေ ဆုံးဖြတ်ရမှာပါ။ ကျွန်တော်ကတော့ ကျွန်တော့်အလုပ် ဆက်လုပ်သွားမှာပါ"

ချန်ပီယံ ခါးပတ်ကို နှစ်ကြိမ်ကာကွယ်ခဲ့တဲ့ ဂျော့ရှုဝါဗန်ကတော့ နောက်ထပ်ပွဲစဉ်ကို UFC ဘက်က ပွဲတည်ပေးတဲ့ ဘယ်ဖိုက်တာနဲ့ မဆို ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ ပြောသွားပါတယ်။