ဘေကျင်း ရှန်ရှန်း လုံခြုံရေးဖိုရမ်မှာ မြန်မာစစ်တပ် ဘာတွေပြောခဲ့လဲ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်နဲ့ မြန်မာကိုယ်စားလှယ်တချို့ တရုတ်မှာကျင်းပခဲ့တဲ့ ဘေကျင်း ရှန်ရှန်းဖိုရမ်ကို တက်ရောက်ခဲ့ပါတယ်။

ဒီဖိုရမ်ဟာ စင်ကာပူမှာ ကျင်းပလေ့ရှိတဲ့ ရှန်ဂရီလာဒိုင်ယာလော့ Shangri-La Dialogue လို အမေရိကန်နဲ့ အနောက်နိုင်ငံတွေလွှမ်းမိုးထားတဲ့ လုံခြုံရေးဆွေးနွေးပွဲကို တရုတ်ကတန်ပြန်သြဇာထူထောင်တဲ့ ဖိုရမ်တစ်ခုအဖြစ် အကဲခတ်တွေက ရှုမြင်ကြပါတယ်။

စက်တင်ဘာ ၁၅ ကနေ ၁၇ အထိကျင်းပခဲ့တဲ့ဖိုရမ်ကို နိုင်ငံတကာအဖွဲ့အစည်း ၁၀၀ နီးပါးက ကိုယ်စားလှယ်တွေ လာရောက်ခဲ့ကြပြီး ဝန်ကြီးအဆင့်နဲ့ စစ်တပ်အကြီးအကဲ ၆၀ ကျော်ပါဝင်ပါတယ်။

နိုင်ငံတကာအခင်းအကျင်း၊ အာရှ-ပစိဖိတ် ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးဆိုင်ရာ အန္တရာယ်များနဲ့ စိန်ခေါ်မှုတွေစတဲ့အကြောင်းအရာတွေကို ဆွေးနွေးကြတဲ့ ဒီဖိုရမ်မှာ မြန်မာကတော့ "ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အခန်းကဏ္ဍနဲ့ မျှော်မှန်းချက်" ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ရှိနေပါတယ်။

ဖိုရမ်ကို ဘယ်သူတွေလာလဲ၊ ဘာတွေဆွေးနွေးလဲ

(၁၃) ကြိမ်မြောက် ဘေကျင်းရှန်ရှန်းဖိုရမ်ကို တည်ငြိမ်ရေးဆိုင်ရာ ဘုံသဘောတူညီချက်တွေ တည်ဆောက်ဖို့နဲ့ လုံခြုံရေးဆိုင်ရာ အုပ်ချုပ်ရေးကို အတူတကွ မြှင့်တင်ဖို့ ဆိုတဲ့ ခေါင်းစဥ်နဲ့ ကျင်းပတာပါ။

တရုတ်စစ်ရေးသိပ္ပံအသင်းက ကမကထပြုတဲ့ ဒီဖိုရမ်ကို နိုင်ငံတကာက စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အရေးကြီးပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေနဲ့ လေ့လာသူတွေအပါအဝင် လူ ၂၀၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်းတွေ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေနဲ့ သမ္မတအကြံပေးတွေအထိ ပါဝင်ပါတယ်။

စစ်ဖြစ်နေတဲ့ အမေရိကန်နဲ့ အီရန်၊ ရုရှားနဲ့ ယူကရိန်းနိုင်ငံတွေက ကိုယ်စားလှယ်တွေကိုတွေ့ရသလို မြောက်ကိုရီးယားနဲ့ မြန်မာက ကိုယ်စားလှယ်တွေကိုလည်း ဒီဖိုရမ်မှာ တွေ့ရပါတယ်။

ရှန်ဂရီလာဒိုင်ယာလော့ကို အမေရိကန်ကာကွယ်ရေးဝန်ကြီးတက်ရောက်ပေမဲ့ ဘေကျင်းရှန်ရှန်းဖိုရမ်ကိုတော့ ကာကွယ်ရေးဝန်ကြီးရုံးက တရုတ်၊ ထိုင်ဝမ်နဲ့ မွန်ဂိုးလီးယားရေးရာ ညွှန်ကြားရေးမှူး စင်သီယာ ဇန်သီ ကားရက်စ်ကိုပဲ စေလွှတ်ခဲ့ပါတယ်။

ဒါက ဖိုရမ်ကို အမြင့်ဆုံး သံတမန်ရေးရာ အဆင့်အတန်းမပေးတာကို ပြသပေမဲ့ တရုတ်နဲ့ စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်း ဆက်ဖွင့်ထားတာကိုပြသပါတယ်။

"ရှန်ရှန်းက ရှန်ဂရီလာထက် ပညာရှင်တွေပိုများတယ်။ ခေါင်းဆောင်ပိုင်းကဆွေးနွေးတာ ပျင်းဖို့ကောင်းပေမဲ့ သူတို့နဲ့ပါလာတဲ့သူတွေ တခြားဆက်ရှင်မှာဆွေးနွေးတာတွေက အတော်ကောင်းတယ်" လို့ ဖိုရမ်တက်ခဲ့တဲ့ ပညာရှင်တစ်ဦးကပြောပြီး သူက ရှန်ဂရီလာဒိုင်ယာလော့ကိုလည်း တက်ဖူးပါတယ်။

တရုတ်မှာ ပါရဂူဘွဲ့ယူခဲ့သူတစ်ဦးကတော့ ရှန်ရှန်းက ရှန်ဂရီလာထက် ထိန်းချုပ်မှုပိုများပြီး သူတို့အာဂျင်ဒါဖြစ်တဲ့ Global Security Initiative လို မူ၀ါဒတွေ အကောင်အထည်ပေါ်ရေး ကို ဦးစားပေးတယ်လို့ ဆိုပါတယ်။

သူက ရှန်ဂရီလာဒိုင်ယာလော့ကိုလည်း တက်ဖူးပြီး သူ့လက်ရှိအဖွဲ့အစည်းရဲ့စည်မျဥ်းအရ သူ့အမည်ကို အသုံးပြုခွင့်မပေးပါဘူး။

"ရှန်ရှန်းက မျက်နှာပျက်စရာတွေရှောင်ကြတယ်။ ရှန်ဂရီလာက ဒေသတွင်းအကျပ်အတည်းတွေကို ပွင့်ပွင့်လင်းလင်းတည့်မေးတယ်" လို့ သူက ပြောပါတယ်။

ရှန်နှစ်ရှန်လုံးမှာ တူကြတာက ရွှေပွဲလာတွေကို လက်နက်ရောင်းဖို့ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ကြော်ငြာကြတာပဲ လို့ စင်ကာပူမှာ နေထိုင်နေတဲ့ တရုတ်ပညာရှင်က ပြောပါတယ်။

"လာတက်တဲ့နိုင်ငံတွေကလည်း သူတို့ကြော်ငြာတွေယူလာကြတယ်လေ" လို့ သူက ဆက်ပြောပါတယ်။

တရုတ်တွေ ဘာစဥ်းစားနေလဲ

အကြောင်းအရာပေါင်း ဒါဇင်ကျော်ကို သုံးရက်ဆက်တိုက်ဆွေးနွေးခဲ့ကြတဲ့ ဒီဖိုရမ်မှာ တရုတ်တွေရဲ့ စဥ်းစားချက်ကိုမှန်းဆနိုင်သလို နိုင်ငံတစ်ခုချင်းစီကလည်း သူတို့ပေးချင်တဲ့သတင်းစကားတွေကို ဒီဖိုရမ်ကိုအသုံးချပြီး ပါးခဲ့ကြတာတွေ့ရပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းက လုံခြုံရေးဆိုင်ရာလိုအပ်ချက်တွေကို ကြီးကြီးမားမားရင်ဆိုင်နေရချိန်မှာ သမားရိုးကျ လုံခြုံရေးသီအိုရီတွေက လက်ရှိပြဿနာတွေကို ဖြေရှင်းဖို့ ရုန်းကန်နေရပြီ လို့ ဖိုရမ် မိန့်ခွန်းမှာပြောပါတယ်။

"ခေတ်နောက်ကျနေတဲ့ Zero-sum စိတ်ဓာတ်က လက်ရှိအကျပ်အတည်းကနေ ထွက်ပေါက်ပေးနိုင်မှာ မဟုတ်ဘူး" လို့ သူက ပြောပါတယ်။

နိုင်ငံတကာနဲ့ ဒေသတွင်း တည်ငြိမ်ရေးကို ပူးပေါင်းကာကွယ်ဖို့၊ သင့်လျော်ကောင်းမွန်တဲ့ လုံခြုံရေးပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးဖို့နဲ့ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာမခံချက်ပေးနိုင်ဖို့ တရုတ်စစ်တပ်က အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲဖို့ အသင့်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဆွေးနွေးပွဲမှာ မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိတဲ့ အပြုသဘော တရုတ်-အမေရိကန် ဆက်ဆံရေး"Constructive China-U.S. Relationship of Strategic Stability" ဆိုတဲ့ ခေါင်းစဥ်တစ်ခုကို ထည့်ထားတဲ့အတွက် တရုတ်-အမေရိကန် ဆက်ဆံရေးကို မဟာဗျူဟာအရ ထိန်းသိမ်းထားလိုတဲ့ တရုတ်ရဲ့ ဆန္ဒကို ပြသနေပါတယ်။

တစ်ဘက်မှာလည်း "တန်းတူညီမျှ စနစ်ကျတဲ့ ဗဟုဝင်ရိုးကမ္ဘာဖော်ဆောင်ရေး" Fostering an Equal and Orderly Multipolar World" ဆိုတဲ့ ဆွေးနွေးပွဲမျိုးလည်းထည့်ထားပြန်ပါတယ်။

ဒါက အမေရိကန် တစ်နိုင်ငံတည်း လွှမ်းမိုးမှု (Unipolar Hegemony) ကို တန်ပြန်မှုအဖြစ် ပညာရှင်တွေက နားလည်ထားကြပါတယ်။

ရှန်ရှန်းဖိုရမ်မှာ အေအိုင်အကြောင်းကလည်း မပါမဖြစ်ပါ။

အေအိုင်လုံခြုံရေးနဲ့ပတ်သက်ပြီး တရုတ်ကာကွယ်ရေးနည်းပညာတက္ကသိုလ်က စီနီယာဗိုလ်မှူးကြီး ကျူးချီချောင်းက ဦးဆောင်ဆွေးနွေးပါတယ်။

အာရှ ဉာဏ်ရည်တု(ဗဟို) ဥက္ကဋ္ဌ ဗလာဒီမာ နိုရော့ဗ်လည်းပါဝင်ဆွေးနွေးပြီး သူက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းလည်းဖြစ် ဥဇဘက်ကစ္စတန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်း ဖြစ်ပါတယ်။

ယူအေအီးက အငြိမ်းစား ဗိုလ်ချုပ် အိုဘိတ် အယ်လ် ကက်တဘီလည်း ဝင်ဆွေးနွေးပြီး သူက နိုင်ငံခြားရေးနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး လက်ထောက်ဝန်ကြီးဟောင်း ဖြစ်ပါတယ်။

တရုတ်လူငယ်စစ်ဘက်အရာရှိတွေနဲ့ ပညာရှင် နှီးနှောဖလှယ်ပွဲကိုလည်း ပြုလုပ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု၊ စိန်ခေါ်မှု၊ မျှော်မှန်းချက်တွေနဲ့ နည်းနာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဖိုရမ်ထဲက မြန်မာ

ဘေကျင်း ရှန်ရှန်းဖိုရမ်ကို မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင် တက်ရောက်ခဲ့ပါတယ်။

လက်ရှိခေတ်ဟာ အစဉ်အလာလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ ဆက်ရှိနေတဲ့အပြင် အကြမ်းဖက်မှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ ဆိုက်ဘာခြိမ်းခြောက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်၊ စွမ်းအင်မလုံလောက်မှုနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေက တစ်ခုနဲ့တစ်ခု ပိုမိုဆက်နွှယ်လာတယ် လို့ သူ့မိန့်ခွန်းမှာ ထည့်ပြောပါတယ်။

"တစ်ချိန်တည်းမှာပဲ ပထဝီနိုင်ငံရေးယှဉ်ပြိုင်မှုတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေအပေါ် ထပ်ဆောင်းဖိအားတွေပေးနေတယ်" လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ- GSI ရဲ့ အရေးပါမှုကို ထောက်ခံခဲ့ပေမဲ့ အချုပ်အခြာအာဏာ တန်းတူညီမျှရေးနဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး မူဝါဒတွေကိုလည်း ဗိုလ်ချုပ်ကြီးထွန်းအောင်က အလေးထားပြောကြားခဲ့ပါတယ်။

တရုတ်ရဲ့အကူအညီကြောင့် နယ်ပယ်အတော်များများမှာ တိုးတက်မှုတွေရှိလာခဲ့တယ် လို့ သူက ကျေးဇူးစကားဆိုပါတယ်။

ဒါပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ အကြွေးပြဿနာတွေနဲ့ ဘဏ္ဍာရေး ဖိအားများတွေကို ဖြေရှင်းဖို့ နိုင်ငံတကာ ငွေရေးကြေးရေး အဖွဲ့အစည်းတွေကလည်း တက်တက်ကြွကြွ တာဝန်ယူရမယ်လို့ သူကပြောပါတယ်။

"ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကိုမထိပါးဘဲ နှောင်ဖွဲ့မှုမရှိ၊ရေရှည်တည်တံ့တဲ့ ဘဏ္ဍာရေးထောက်ပံ့မှုကိုရသင့်တယ်" လို့ ဗိုလ်ချုပ်ကြီးထွန်းအောင်က ပြောပါတယ်။

ကုလသမဂ္ဂ၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်တို့လို ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို ပြုပြင်ပြောင်းလဲရာမှာ မျှတတဲ့ကိုယ်စားပြုမှု၊ တန်းတူညီမျှတဲ့ မဲပေးခွင့်ရှိဖို့ မရှိမဖြစ်လိုအပ်တယ် လို့ သူက ပြောပါတယ်။

ဒီပွဲရဲ့ အမေးအဖြေကဏ္ဍမှာ ရိုဟင်ဂျာအရေးကိစ္စကိုလည်း မေးခွန်းထုတ်ခဲ့ကြပါတယ်။

"ဒီကိစ္စမှာ ကျွန်တော်တို့လိုတာ အကူအညီပါ။ ကြားဝင်စွက်ဖက်မှုမဟုတ်ပါဘူး" လို့ ဗိုလ်ချုပ်ကြီးထွန်းအောင်က ပြန်ပြောခဲ့ပါတယ်။