ပြည်ပက မြန်မာသံရုံးတချို့မှာ UID ကတ်တွေ စတင်ပြုလုပ်ပေးနေ
ပြည်ပရောက် အလုပ်သမားတွေရဲ့အချက်အလက်တွေကို စုဆောင်းဖို့ နေပြည်တော်ဘက်က ပြင်ဆင်နေချိန်မှာပဲ မြန်မာနိုင်ငံသားတွေရဲ့ဇီဝအချက်အလက်တွေကို မှတ်တမ်းတင်တဲ့ ကိုယ်ပိုင်သက်သေခံလက်မှတ်(Unique Identification Number) လို့ ခေါ်တဲ့ UID ကတ်တွေကို ပြည်ပသံရုံးတချို့မှာ စတင်ထုတ်ပေးလာနေပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့က မြန်မာသံရုံးကတော့ UID ကတ်တွေကို ပြုလုပ်ပေးနေတယ်လို့ သတင်းထုတ်ပါတယ်။
အရင်က UID ကတ်လျှောက်ရင် မဖြစ်မနေ မြန်မာနိုင်ငံပြန်ရမယ်ဆိုတဲ့သတ်မှတ်ချက်ရှိပေမဲ့ အခုတော့ ပြည်ပက မြန်မာသံရုံးတွေမှာပဲ လုပ်လို့ရလာတဲ့သဘောဖြစ်ပါတယ်။
ဖနွမ်းပင်မြို့က မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၆ ရက်ကစလို့ နှစ်ပတ်အတွင်း နိုင်ငံကူးလက်မှတ်အမျိုးအစားပြောင်းဖို့လျှောက်ထားတဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို အခွန်ဆောင်တာနဲ့ ဇီဝအချက်အလက် (လက်ဗွေ၊ မျက်စိ၊ လက်မှတ်) စနစ်တွေပြုလုပ်ပေးခဲ့တယ်လို့ဖော်ပြပါတယ်။
“လောလောဆယ်တော့ ကမ္ဘောဒီးယားမှာပဲ လုပ်ပေးပါသေးတယ်။ နောက်ပိုင်းမှာတော့ ထိုင်းတို့ ဗီယက်နမ်တို့မှာ လည်း လုပ်ပေးမယ်လို့ ထင်ပါတယ်” လို့ ဗီဇာဝန်ဆောင်မှုပေးသူတစ်ဦးက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဗီဇာဝန်ဆောင်ပေးသူနောက်တစ်ဦးကလည်း “ ထိုင်းမှာ နောက်လက စပြီး Smart Card ထုတ်ပေးမယ်လို့တော့ကြားပါတယ်” လို့ ပြောပါတယ်။
ဘန်ကောက်မှာရှိတဲ့မြန်မာသံရုံးကတော့ ဒါနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ဒီနှစ် မတ်လက ကြေညာခဲ့တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဥပဒေအသစ်အရ နိုင်ငံကူးလက်မှတ်လျှောက်တဲ့ အခါ ကိုယ်ပိုင်သက်သေခံလက်မှတ် (UID) ကတ်တွေကို မဖြစ်မနေ ပေးရမယ်ဆိုတဲ့အချက်ကို ထည့်သွင်းခဲ့ပါတယ်။
အခုလို UID ကတ်ကို ပြည်ပနိုင်ငံတွေက သံရုံးတွေမှာ ထုတ်ပေးလာမယ်ဆိုရင် ပတ်စ်ပို့သက်တိုးသူတွေအနေနဲ့ မြန်မာနိုင်ငံပြန်စရာမလိုတော့တဲ့သဘောပါ။
စက်တင်ဘာ ၁၆ ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ထိုင်းအလုပ်သမားဝန်ကြီး နဲ့ တွေ့ဆုံမှုမှာ မြန်မာအလုပ်သမားတွေရဲ့အချက်အလက်တွေကို စုဆောင်းရေး ကိစ္စတွေဆွေးနွေးခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဘက်က ထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံမှုအပြီးမှာ UID ကတ်တွေကို ပြည်ပက မြန်မာသံရုံးတွေမှာ ထုတ်ပေးတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တာဖြစ်ပါတယ်။