ဧပြီ ၁၉ ရက် သတင်းများအနှစ်ချုပ် - ဖားကန့်တိုက်ပွဲ လက်နက်ကြီးကျည်ကျလို့ ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
လုံးခင်းကို စစ်တပ်က စစ်ကြောင်းဆက်ထိုးနေ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက လုံးခင်းကျေးရွာဘက်ကို စစ်တပ်က ဒီနေ့ ဧပြီ ၁၉ ရက်မှာ စစ်ကြောင်းထိုးနေပြီး တိုက်ပွဲအတွင်း ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် ၄ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
"မနက် ၄ နာရီလောက်ကစပြီး စစ်ကြောင်းထိုးနေတာ၊ စစ်ကြောင်းထိုးတဲ့အချိန် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်နေတာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့ စစ်ကြောင်း ဝင်ရောက်လာပြီးနောက် လုံးခင်းရွာထဲက ဆောင်ချိန်ရပ်ကွက်အနီးမှာ ကချင်လွတ်လပ်ရေးတပ်(KIA)ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ကြား ဒီနေ့ မနက်နှောင်းပိုင်းအထိ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
မနေ့ ဧပြီ ၁၈ ရက်တုန်းကလည်း ဖားကန့်မြို့မှာ စစ်တပ်အထိုင်ချထားတဲ့ဗျူဟာကုန်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ မှော်လဂင်ကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့်
အမျိုးသား ၁ ဦး ဝမ်းဗိုက်နဲ့ ခါးအောက်ပိုင်း ဒဏ်ရာတွေရပြီး သေဆုံးသွားတယ်လို့ သူက ဆက်ပြောပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တဲ့ ဖားကန့်၊ မရှီကထောင်ကျေးရွာက စစ်ရေးအရ အရေးပါတဲ့ ဆုတောင်းကုန်းခစန်းကိုလည်း စစ်တပ်နဲ့ ပြည်သူ့စစ်တွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြန်ပြီးစိုးမိုးထားပါတယ်။
မြန်မာစစ်တပ်ကတော့ ဖားကန့်မြို့နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။
ကျားဖြန့်ဆက်စပ်အဖမ်းခံရသူ ၈၀ နီးပါးကို လွတ်ငြိမ်းပေးမှု ကျေးဇူးတင်ကြောင်း ဖိလစ်ပိုင်ပြော

ဓာတ်ပုံ ရင်းမြစ်, MOI
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာက ကျားဖြန့်စင်တာတွေကနေ ဖမ်းဆီးခံရပြီးတဲ့နောက် မြန်မာနိုင်ငံထဲ တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံထားရသူ ဖိလစ်ပိုင်နိုင်ငံသား ၈၀ နီးပါးကို မြန်မာ့နှစ်သစ်ကူး လွတ်ငြိမ်းမှာ ထည့်သွင်းပေးခဲ့တာအတွက် ကျေးဇူးတင်တဲ့အကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ပြောပါတယ်။
လက်ရှိမှာ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်က ဧပြီလ ၁၇ ရက်တုန်းက အကျဥ်းသားအချုပ်သား ထောင်ချီကို လွတ်ငြိမ်းပေးခဲ့ရာမှာ နိုင်ငံခြားသား ၁၈၀ နီးပါး ပါဝင်ခဲ့ပါတယ်။
လွတ်ငြိမ်းထဲပါတဲ့ နိုင်ငံခြားသားတွေဟာ ဘယ်နိုင်ငံသားတွေဖြစ်တယ်ဆိုတာကို နေပြည်တော်ဘက်က တိတိကျကျ သတင်းမထုတ်ပေမဲ့ အဲဒီထဲက ၇၈ ဦးဟာ ဖိလစ်ပိုင်နိုင်ငံသားတွေလို့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီလ ၁၈ ရက်မှာ စာထုတ်ပါတယ်။
လူသားချင်းစာနာမှုအရ ဖိလစ်ပိုင်နိုင်ငံသားတွေကို အခုလိုလွတ်ငြိမ်းပေးတာ ကြိုဆိုတယ်လို့လည်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
လွတ်ငြိမ်းမှာပါလာသူ ၇၈ ဦးဟာ ဖမ်းဆီးခံထားရသူတွေဖြစ်ပြီး ကျားဖြန့်(အွန်လိုင်းငွေလိမ်စင်တာ)တွေမှာ အလုပ်လုပ်ကိုင်ဖို့ လူကုန်ကူးခံခဲ့ရသူတွေဖြစ်တယ်လို့ ဖိလစ်ပိုင်ဘက်က ဆိုပါတယ်။
လက်ရှိမှာ လွတ်ငြိမ်းပေးလိုက်တဲ့ ၇၈ ဦးကို ရန်ကုန်မှာရှိတဲ့ ဖိလစ်ပိုင်သံရုံးတာဝန်ရှိသူတွေနဲ့ မြန်မာအာဏာပိုင်တွေပူးပေါင်းပြီး နေရပ်ပြန်လည်ပို့ဆောင်ရေးဆောင်ရွက်နေတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက ပြောပါတယ်။
စစ်ကော်မရှင်ဟာ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတုန်းက ပေးခဲ့တဲ့ လွတ်ငြိမ်းမှာ နိုင်ငံခြားသားတွေကိုလည်း လွတ်ငြိမ်းပေးခဲ့တာရှိပြီး အဲဒီ ထဲမှာ ဖိလစ်ပိုင် နိုင်ငံသား တစ်ဦးပါဝင်ပါတယ်။
ဒီနိုင်ငံသားကို ပြန်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း ဖိလစ်ပိုင်ရဲ့နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ မစ္စမာရီယာ ထရီဆာပါရန်နို လာဇာရိုက ဇန်နဝါရီလတုန်းက နေပြည်တော်ကို သွားတဲ့သူ့ခရီးစဥ်အတွင်း အဲဒီတုန်းက စစ်ကော်မရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောခဲ့ဖူးပါတယ်။
မင်းကွန်းတိုက်နယ် ပလဖ ဒုတာဝန်ခံအပါ ၁၅ ဦး စစ်တပ်ထံ လက်နက်ချ

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်
စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) ဒုတိယတာဝန်ခံအပါအဝင် အဖွဲ့ဝင် ၁၅ ဦးတို့ဟာ စစ်တပ်ထံ လက်နက်ချလိုက်တယ်လို့ ပလဖနဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံလာတဲ့ ရုပ်သံဖိုင်တစ်ခုမှာလည်း ပလဖဒုတာဝန်ခံအပါ အဖွဲ့ဝင် ၁၅ ဦးတို့ကို စစ်တပ်ကို ထောက်ခံတဲ့ အမျိုးသားရေးဆရာတော်လို့သိကြတဲ့ ဦးအရိယာဝံသ (ခေါ်) ပေါက်ကိုယ်တော်က ငွေသားတချို့ ပေးနေတာကို တွေ့ရပါတယ်။
မနေ့ ဧပြီ ၁၈ ရက်က လက်နက်ချခဲ့တာဖြစ်ပြီး ၁၅ ဦးထဲမှာ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂ ဦးအပြင် လက်နက်ငယ် ၁ လက်နဲ့ လက်နက်အရှည် ၅ လက်ပါဝင်တယ်လို့ ပလဖနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။
လက်နက်ချလိုက်တဲ့ ပလဖ ဒုတာဝန်ခံဟာ ပလဖအဖွဲ့တွင်းဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်လို့ NUG က စစ်ဆေးဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေတဲ့အချိန်မှာ အခုလိုလက်နက်ချလိုက်တာလို့လည်း သူက ပြောပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ထပ်မံ အတည်ပြုနိုင်ဖို့ ဘီဘီစီက NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
အဲဒီ ဒုတာဝန်ခံဆိုသူဟာ မင်းကွန်းဒေသရဲ့စစ်ရေးတာဝန်ခံရာထူးကိုလည်း ယူထားတဲ့သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
စစ်ရေးတာဝန်ခံရာထူးယူထားသူဟာ "တိုက်ပွဲတွေဖြစ်လာရင် စစ်ရေးနဲ့ပတ်သက်တာတွေ ဦးဆောင်ရတဲ့ရာထူးပေါ့" လို့ မင်းကွန်းဒေသမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ မြန်မာစစ်တပ်က စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းပေါ်က ရွာတွေကို စစ်ကြောင်းထိုးနေပြီး နယ်မြေအသာစီးရအောင် လုပ်နေတယ်လို့ သူက ဆိုပါတယ်။
မင်းကွန်းဒေသက ပလဖဒုတာဝန်ခံနဲ့ အဖွဲ့ဝင် ၁၅ ဦးလက်နက်ချလိုက်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒီနေ့ ဧပြီ ၁၉ ရက်အထိ NUG ရော မြန်မာစစ်တပ်ကပါ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။












