ဧပြီ ၁၈ ရက် သတင်းများအနှစ်ချုပ်- ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ ကုလတိုက်တွန်း

၂၀၁၆ ခုနှစ်၊ ကုလအထွေထွေညီလာခံကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၆ ခုနှစ်၊ ကုလအထွေထွေညီလာခံကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်(ပုံဟောင်း)
ဖတ်ရန်အချိန်: မိနစ် ၈

မြန်မာနှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းမှာမပါလာတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူအားလုံး အမြန်ဆုံးလွှတ်ပေးဖို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတားရက်စ်က တိုက်တွန်းပါတယ်။

ဧပြီ ၁၇ ရက်၊ ကုလရဲ့နေ့စဥ်သတင်းစာရှင်းလင်းပွဲမှာ ကုလ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က အထွေထွေအတွင်းရေးမှူးကိုယ်စားပြောခဲ့တာပါ။

ဖမ်းဆီးထားသူတွေလွှတ်ပေးရေးအပြင် ခိုင်မာတဲ့နိုင်ငံရေးဖြစ်စဥ်အတွက် အခြေအနေတွေ ဖန်တီးပေးဖို့လည်း ကုလအထွေထွေအတွင်းရေးမှူးချုပ်က တိုက်တွန်းထားတာပါ။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ သမ္မတဦးဝင်းမြင့်ပါဝင်လာပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မပါလာတဲ့အတွက် ကုလက အခုလိုတိုက်တွန်းလာတာပါ။

ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကလည်း သမ္မတဦးဝင်းမြင့်နဲ့ နိုင်/ကျဥ်းတွေကို လွတ်ပေးတာနဲ့ သေဒဏ်လျှော့ပေ့ါမှုတွေကို ကြားရတာ စိတ်သက်သာရပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်ရှိနေသူအားလုံး ချက်ချင်း အကြွင်းမဲ့ လွှတ်ပေးဖို့ လိုအပ်တယ်လို့ ပြောထားပါတယ်။

မြန်မာလူထုအကျိုးအတွက် ကုလလုံခြုံရေးကောင်စီနဲ့အထွေထွေညီလာခံမှာ တောင်းဆိုထားတဲ့အတိုင်း ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့အဖြေရှာရေးမှာ ဒေသတွင်း အာဆီယံနဲ့ တခြားမိတ်ဖက်တွေက ကူညီနိုင်အောင် သက်ဆိုင်သူအားလုံးနဲ့ ကုလအထူးသံ ဂျူလီဘစ်ရှော့တို့ ဆက်လက်တွေ့ဆုံဆွေးနွေးရေးကိုလည်း အားပေးတိုက်တွန်းထားပါတယ်။

ဦးမင်းအောင်လှိုင် တရုတ်သွားမယ်

မနှစ်က ရုရှားမှာတွေ့ကြတဲ့ ဦးမင်းအောင်လှိုင်နဲ့ သမ္မတရှီကျင့်ဖျင်

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, မနှစ်က ရုရှားမှာတွေ့ကြတဲ့ ဦးမင်းအောင်လှိုင်နဲ့ သမ္မတရှီကျင့်ဖျင်

သမ္မတဖြစ်ပြီးနောက် ပထမဆုံးပြည်ပခရီးစဥ်အဖြစ် လာမယ့်လအတွင်း ဦးမင်းအောင်လှိုင်တရုတ်သွားဖို့စီစဥ်နေတယ်လို့ နေပြည်တော်က ဘီဘီစီ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မေလလယ်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ တရုတ်ခရီးစဥ်ရှိနေတဲ့အတွက် မေလနှောင်းပိုင်းမှသာ ခရီးစဥ်ဖြစ်ပေါ်နိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

တရုတ်က ကမကထပြုတဲ့ရွေးကောက်ပွဲကနေ သမ္မတဖြစ်လာတဲ့အတွက် တရုတ်ကိုအရင်သွားတွေ့တာဖြစ်နိုင်တယ်လို့ သံတမန်အသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

စစ်ခေါင်းဆောင်ဟောင်းဟာ အာဏာမသိမ်းခင်က တရုတ်ကို ငါးကြိမ်သွားရောက်ဖူးပြီး အာဏာသိမ်းပြီးတဲ့နောက် နှစ်ကြိမ်သွားခဲ့ပြီးပါပြီ။

တစ်ဖက်မှာလည်း ကုလသမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန်တို့လို ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့နိုင်ငံတွေရှိနေပါတယ်။

သမ္မတ ဦးမင်းအောင်လှိုင်ဖြစ်လာပေမဲ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲတွေ တက်ရောက်ခွင့် မရနိုင်သေးဘူးလို့ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်က ဧပြီလဒုတိယပတ်မှာ ပြောထားပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်‌ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်အပေါ် ရေးယူဖို့ တိုင်တန်းချက်ကို အင်ဒိုနီးရှား တရားရေးအာဏာပိုင်တွေက ဧပြီ ၆ ရက်နေ့မှာ လက်ခံထားပါသေးတယ်။

၂၀၁၇ ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စစ်ခေါင်းဆောင်ဟောင်းကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုတွေလည်း ရှိခဲ့ပါတယ်။

ဒေါ်လာ ၂၁ သန်းတန် လေယာဉ်ဝယ်ယူတဲ့ဝန်ကြီးချုပ် ဝေဖန်ခံရ

Bombardier Challenger 650 executive jet လေယာဥ်ကို လေမှာ ပျံဝဲနေတာတွေ့ရပါတယ်။ မိုးပြာရောင်ကောင်းကင်မှာ တိမ်စိုင်တွေက ဝါဂွမ်းလိပ်တွေလို ဖြစ်နေတာပါ။

ဓာတ်ပုံ ရင်းမြစ်, Bombardier

ဓာတ်ပုံ ပုံစာ, Bombardier Challenger 650 executive jet လေယာဥ်တစ်စင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကနေဒါနိုင်ငံ၊ အွန်တေရီယိုပြည်နယ်ဝန်ကြီးချုပ် ဒက်ဖို့ဒ်ဟာ ကနေဒါဒေါ်လာ ၂၈ ဒသမ ၉ သန်း(အမေရိကန်ဒေါ်လာ ၂၁ သန်း) တန်ဖိုးရှိ ဂျက်လေယာဉ်တစ်စင်းဝယ်ယူမှုအတွက်ဝေဖန်ခံနေရပြီး အတိုက်အခံနိုင်ငံရေးသမားတွေကတော့ "အခွင့်ထူးခံတဲ့လေယာဉ်" လို့ ခေါ်ဆိုနေကြပါပြီ။

လေယာဉ်ဟာ Bombardier Challenger 650 executive jet တစ်ပတ်ရစ်လေယာဉ်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ကနေဒါထုတ် ဖြစ်ပါတယ်။ အမေရိကန်ကိုသွားပြီး သမ္မတဒေါ်နယ်ထရမ့်နဲ့ အခွန်ကိစ္စဆွေးနွေးတဲ့ခရီးစဉ်အပါအဝင် ဝန်ကြီးချုပ်ခရီးစဥ်တွေအတွက် ဒီလေယာဉ်ကို အသုံးပြုမှာဖြစ်တယ်လို့ ဖို့ဒ်ရဲ့ရုံးက ပြောပါတယ်။

ဒီလိုဝယ်ယူမှုအတွက် အတိုက်အခံတွေက ဝေဖန်နေကြပြီး ဖို့ဒ်ဟာ အောက်ခြေလွတ်နေပြီလို့ ပြောနေကြပါတယ်။

"သူကလေယာဉ်ကို ရိုးရိုးတန်းကပဲ အများနဲ့တန်းတူစီးသင့်တယ်" လို့ လက်ဝဲယိမ်း အွန်တေရီယို ဒီမိုကရက်တစ်ပါတီသစ်ရဲ့ ခေါင်းဆောင် မာရစ် စတိုင်းက လူမှုမီဒီယာ အိပ်စ်မှာ ရေးသားခဲ့ပါတယ်။

"အွန်တေရီယိုပြည်နယ်သားတွေဟာ အိမ်ငှားခပေးဖို့၊ နေ့စဉ်စားဖို့သောက်ဖို့၊ မငတ်ရုံတမယ်နေထိုင်ရဖို့အရေး ရုန်းကန်နေရချိန်မှာ ပြည်နယ်ဝန်ကြီးချုပ်က ဂျက်လေယာဉ်ဝယ်ယူနေပါတယ်၊ အတော်ကို ဆိုးရွားတဲ့ အချိန်ကိုက်လုပ်ရပ်ပါပဲ" လို့ သူက မနက်ခင်းရုပ်သံအစီအစဉ်တစ်ခုမှာလည်း ပြောခဲ့ပါသေးတယ်။

ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ ဆုံးဖြတ်ချက်ကိုပြင်ဆင်ပြီး ခရီးသည်တင်လေယာဉ်ကိုပဲ စီးနင်းဖို့ အခွန်ထမ်းပြည်သူတွေအတွက် လှုပ်ရှားနေတဲ့ ကနေဒါအခွန်ထမ်းပြည်သူများဖက်ဒရေးရှင်းက တိုက်တွန်းထားပါတယ်။

လေယာဉ်ကို အစိုးရရဲ့ခရီးစဉ်တွေအတွက်ပဲသုံးမှာဖြစ်တယ်လို့ ဖို့ဒ်ရဲ့ရုံးခန်းက ဘီဘီစီကို ပြောထားပါတယ်။

ခွင့်ပြန်အလုပ်သမားတွေ ပြည်ပထွက်ခွာခွင့် ပိုတင်းကျပ်လာ

ကိုဗစ်ကာလတုန်းက ထိုင်းကနေ မြန်မာကို ပြန်ဖို့ ဘန်ကောက်လေဆိပ်မှာ တန်းစီနေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိုဗစ်ကာလတုန်းက ထိုင်းကနေ မြန်မာကို ပြန်ဖို့ ဘန်ကောက်လေဆိပ်မှာ တန်းစီနေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ(ပုံဟောင်း)

ပြည်ပကနေ မြန်မာနိုင်ငံကို ခွင့်ပြန်လာပြီး ပြန်လည်ထွက်ခွာမယ့်အလုပ်သမားတွေရဲ့ ပြည်ပ ထွက်ခွာခွင့်ကို အလုပ်သမားဝန်ကြီးဌာနက ပိုတင်းကျပ်စစ်ဆေးတာတွေ များလာတာကို ဝန်ကြီးဌာနရဲ့ကြေညာချက်တွေအရ တွေ့ရပါတယ်။

ပြည်ပမှာအလုပ်လုပ်နေတဲ့ နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်ကတ် (OWIC) မှာပါတဲ့ အလုပ်ရှင်နဲ့ လက်ရှိ အလုပ်ရှင်မတူရင် ပြည်ပထွက်ခွာခွင့်မရဘဲ OWIC ကတ် ပြန်လည်လျှောက်ထားနေကြရတာပါ။

လျှောက်ထားချိန်မှာလည်း အရင်အလုပ်လုပ်စဥ်က မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း တရားဝင်လွှဲပို့တဲ့အထောက်အထားနဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကိုပါ မဖြစ်မနေ တင်ပြ ရမှာဖြစ်ပါတယ်။

ဒီအထောက်အထားတွေမပါလို့ ပြည်ပထွက်ခွင့်နှောင့်နှေးနေရတဲ့ အလုပ်သမားအများအပြားရှိတာကို အလုပ်သမားဝန်ကြီးဌာနရဲ့ တယ်လီဂရမ်ချန် နယ်ကြေညာချက်တွေမှာ တွေ့ရပါတယ်။

"အိမ်ကို အသိဟွန်ဒီ(တရားမဝင်ငွေလွှဲ)နဲ့ပဲ လွှဲနေတာ။ ဘယ်လိုတရားဝင်လွှဲရလဲ နားမလည်ဘူး။ ဒီလိုတွေရှုပ်နေလို့ ပြန်ထွက်မရရင် အလုပ်ပြုတ်မှာကြောက်လို့ သင်္ကြန်တောင်အိမ်မပြန်ဖြစ်ဘူး"လို့ ထိုင်းရောက်တာ ၂ နှစ်ဝန်းကျင်ရှိပြီဖြစ်တဲ့ အလုပ်သမားတစ်ဦးကပြောပါတယ်။

ပြည်ပမှာအလုပ်လုပ်သူတွေအတွက်နိုင်ငံကူးလက်မှတ် PJ အမျိုးအစားကိုင် အလုပ်သမားတွေဟာ နိုင်ငံကူးလက်မှတ်၊ OWIC ကတ်၊ အလုပ်လုပ်ခွင့်ပါမစ်/ဗီဇာ၊ လေဆိပ်အဝင်တုံး၊ လေယာဥ်လက်မှတ်နဲ့ အလုပ်ရှင်ခွင့်စာတွေရဲ့ မိတ္တူကို ရုံးဖွင့်ရက် ၅ ရက်ကြိုတင်ပြီး အလုပ်သမားဝန်ကြီးဌာနကို တင်ပြကာ ခွင့်ပြုချက်ရမှ နိုင်ငံကထွက်ခွင့်ရတာဖြစ်ပါတယ်။

အလုပ်သမားဝန်ကြီးဌာနက အထောက်အထားမပြည့်စုံလို့ ကြေညာထားတဲ့ စာရင်းတွေမှာ OWIC ကတ်ရဲ့ အလုပ်ရှင်နဲ့ ခွင့်စာပါအလုပ်ရှင်မတူတာကြောင့် ပြန်လည်တင်ပြဖို့ မှတ်ချက်ပေးထားတဲ့သူအများအပြားတွေ့ရပါတယ်။

OWIC ကတ်လျှောက်သူတွေမှာတော့ လွှဲပို့ငွေအထောက်အထား၊ ဝင်ငွေခွန်အထောက်အထား၊ အလုပ်လုပ်ကိုင်ခွင့်ပါမစ်/ဗီဇာကုန်နေလို့ ပြန်လည် တင်ပြဖို့ မှတ်ချက်ပေးခံရသူတွေ ရှိနေတာဖြစ်ပါတယ်။

လောင်စာဆီနဲ့ မြေသြဇာဈေးတက်လို့ မြန်မာမှာအဆိုးဆုံးအခြေအနေရင်ဆိုင်ရ-WFP

စပါးစိုက်ရာသီမှာ လယ်ကွင်းထဲ ပျိုးပင်ချနေတဲ့ လယ်စိုက်သမားတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စပါးစိုက်ရာသီမှာ လယ်ကွင်းထဲ ပျိုးပင်ချနေတဲ့ လယ်စိုက်သမားတွေ( ပုံဟောင်း)

အရှေ့အလယ်ပိုင်းဒေသက တိုက်ပွဲတွေကြောင့် လောင်စာဆီနဲ့ မြေသြဇာဈေးနှုန်း တက်ပြီး မြန်မာမှာအဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP က ထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ အီရန်နဲ့ မြန်မာကြားအလှမ်းကွာပေမဲ့ ပြည်ပက တင်သွင်းလောင်စာဆီကို ၉၇ ရာခိုင်နှုန်းအထိ မှီခိုနေရတဲ့ မြန်မာအပေါ် တိုက်ရိုက် သက်ရောက်မှုရှိနေတာပါ။

စိုက်ပျိုးရေးကဏ္ဍအတွက် မြေသြဇာဈေးတက်တဲ့အပြင် အလွယ်တကူ ဝယ်မရတာကြောင့် တောင်သူတွေအနေနဲ့ လျှော့ချသုံးစွဲနေတယ်လို့ WFP ကဆိုပါတယ်။

စပါးစိုက်ပျိုးရေးမှာ ဒီလိုလျှော့ချသုံးတာ ၅၀ ရာခိုင်နှုန်းလျော့ရင် အထွက်နှုန်း ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ လျော့သွားမယ်လို့လည်း ခန့်မှန်းပါတယ်။

ဒါရဲ့အကျိုးဆက်ကတော့ ဆန်ဈေးထပ်ဆင့်တက်လာတာ စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိုးရိမ်စရာဖြစ်လာနိုင်တယ်လို့ WFP ကဆိုပါတယ်။ မြန်မာမှာ စိုက်ပျိုးရေးအတွက် နှစ်စဥ်ဓာတ်မြေသြဇာ တန်ချိန် ၄ ဒသမ ၂ သန်းလောက် လိုအပ်တယ်လို့ နိုင်ငံပိုင်းသတင်းစာမှာ ဧပြီ ၄ ရက်ကဖော်ပြပါတယ်။

ဒီလိုအပ်ချက်ရဲ့ ၁ ရာခိုင်နှုန်းကိုပဲ ပြည်တွင်းမှာထုတ်လုပ်နိုင်တယ်လို့လည်း ဆိုထားပါတယ်။ ပြည်တွင်းဓာတ်မြေသြဇာလိုအပ်ချက်အတွက် ယူရီးယားနဲ့ ကွန်ပေါင်းဓာတ်မြေသြဇာ နှစ်မျိုးပေါင်းတန်ချိန် ၁၆ သိန်းလောက်သာ ပြည်ပကနေ တင်သွင်းနိုင်တယ်လို့လည်း ဖော်ပြပါတယ်။ ဓာတ်မြေသြဇာ ထုတ်လုပ်ရေးမှာ ကုန်ကြမ်းကစလို့ ကုန်ချောတင်ပို့ချိန်အထိ ရေနံစိမ်းနဲ့ လောင်စာဆီကို အသုံးပြုရတဲ့အတွက် စက်သုံးဆီအကျပ်ရိုက်ချိန်မှာ ဈေးနှုန်းအတက်ဘက်ရောက်ပြီး စိုက်ပျိုးရေးကဏ္ဍအပေါ်သက်ရောက်လာတာဖြစ်ပါတယ်။ စက်သုံးဆီဈေးတက်တာရဲ့ နောက်ဆက်တွဲမှာ ကုန်ဈေးနှုန်းကလည်း ဖေဖော်ဝါရီ နှောင်းပိုင်းကနေ တစ်လအတွင်း ၁၉ ရာခိုင်နှုန်းတက်သွားတယ်လို့ WFP က ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

ရေနံနဲ့ LNG စျေးသက်သက်သာသာနဲ့ရဖို့ နေပြည်တော်က ရုရှားကို ချဥ်းကပ်

ဧပြီ ၁၆ ရက်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Investment Development Fund "RC Investments" တို့ MOU ရေးထိုးတဲ့အခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, MOE

ဓာတ်ပုံ ပုံစာ, ဧပြီ ၁၆ ရက်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Investment Development Fund "RC Investments" တို့ MOU ရေးထိုးတဲ့အခမ်းအနား

ရုရှားကနေ မြန်မာကို သဘာဝဓာတ်ငွေ့ရည်(LNG)၊ ရေနံဓာတ်ငွေ့ရည်(LPG)၊ ဓာတ်မြေဩဇာအပါအဝင် ရေနံစိမ်းကုန်ကြမ်းနဲ့ ရေနံထွက်ပစ္စည်းတွေ တင်ပို့နိုင်ရေးနဲ့ သက်သာသောဈေးနှုန်းနဲ့ ရရှိနိုင်ရေး အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရုရှားနိုင်ငံကိုရောက်နေတဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ရုရှား နိုင်ငံ Inter RAO ကုမ္ပဏီ နဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံ၊ LNG ဆိပ်ကမ်းနဲ့ စက်ရုံတည်ဆောက်မယ့် ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဧပြီ ၁၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် ရုရှားကနေ မြန်မာကို ရေနံစိမ်းကုန်ကြမ်းနဲ့ ရေနံထွက်ပစ္စည်းတွေ ရေရှည်တင်သွင်းဖို့ ဧပြီ ၁၆ ရက်မှာ စီးပွားရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုစာချွှန်လွှာကို ရေးထိုးခဲ့ပါသေးတယ်။

ရုရှားနဲ့ မြန်မာရဲ့ နယ်နိမိတ်ဝေးကွာမှုကြောင့် စာရွက်ပေါ်ကသဘောတူညီမှုတွေ လက်တွေ့မှာ အလုပ်ဖြစ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ် လို့ အကဲခတ်တစ်ဦးကပြောပါတယ်။

ရုရှားက စက်ရုံတွေ လာဆောက်ဖို့ရည်ရွယ်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းပတ်ဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒီလအထိ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲပဲလို့ NUG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တနင်္သာရီတိုင်း တွဲဖက်ကွပ်ကဲရေးမှူးက ဘီဘီစီကိုပြောပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းရဲ့ အရှေ့ဘက်ခြမ်းက ဗျူဟာကျတဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးစိုးမိုးရေးကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဒီနှစ်ထဲမှာ အရှိန်မြှင့်လာနေတာဖြစ်ပါတယ်။

စစ်တပ်ကလည်း တိုင်းအတွင်းက တပ်ရင်းတွေကို ပြင်ပတပ်ကူအဖြစ် ပို့ထားရာကနေ ပြန်ခေါ်ယူတာအပြင် စစ်မှုထမ်းအင်အားကိုပါ အလုံးအရင်းနဲ့ သုံးကာ ပြန်တိုက်နေတယ်လို့ တနင်္သာရီတိုင်း တွဲဖက်ကွပ်ကဲရေးမှူးက ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်လာမယ်

အာဆီယံအစည်းအဝေးတက်နေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး

ဓာတ်ပုံ ရင်းမြစ်, Thai MFA

ဓာတ်ပုံ ပုံစာ, ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဆီဟာဆတ် ဖုန်ကတ်ကရောင်း

ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဆီဟာဆတ် ဖုန်ကတ်ကရောင်းက နေပြည်တော်ကို လာမယ့်အပတ်ထဲ လာဖို့ ရှိတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ဧပြီ ၂၂ ရက်မှာ သမ္မတနေရာယူထားတဲ့ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်နဲ့တွေ့ဆုံမယ်လို့ Thai PBS သတင်းက ဆိုပါတယ်။

နေပြည်တော်မှာ နှစ်နိုင်ငံဆက်ဆံရေးသာမက ရွေးကောက်ပွဲအပြီးကာလ မြန်မာ့အခြေအနေအရပ်ရပ်ကို တွေ့ဆုံဆွေးနွေးမယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနဲ့ ထိုင်းတို့ အဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ အာဆီယံက စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုသလို ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်လည်း ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

ထိုင်းသတင်းဖော်ပြချက်အရ နိုင်ငံခြားရေဝန်ကြီး ဆီဟာဆတ်ရဲ့ခရီးစဥ်ဟာ ထိုင်းနိုင်ငံက မြန်မာက အရပ်ဘက်အသွင်ပြောင်းအစိုးရသစ်ကို အသိအမှတ်ပြုသလို ဖြစ်သွားနိုင်တယ်လို့ သုံးသပ်ရေးသားထားပါတယ်။

စစ်ခေါင်းဆောင်ရဲ့ သမ္မတရာထူးရရှိတဲ့အပေါ် ဝမ်းမြောက်ကြောင်း ဧပြီ ၆ ရက်က ပေးပို့တဲ့ သဝဏ်လွှာမှာလည်း မကြာခင် နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနိုင်ဖို့ မျှော်လင့်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရေးသားထားတာပါ။

မြန်မာအစိုးရသစ်ရဲ့ ကြိုးပမ်းမှုတွေကို ကူညီပေးဖို့အသင့်ရှိတယ်လို့လည်း သူက ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဟာ ရွေးကောက်ပွဲ မတိုင်ခင်က နေပြည်တော်ကို လာရောက်ခဲ့သလို ဖေဖော်ဝါရီမှာလည်း စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံ၊ ဖူးခက်မှာ အလွတ်သဘောတွေ့ဆုံခဲ့ဖူးပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင်အစိုးရအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီး တာဝန် မယူခင် ၂၀၂၅ ဇွန်လကလည်း နေပြည်တော်မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို တက်ရောက်ခဲ့ပါသေးတယ်။

ဟော်မုဇ် ရေလက်ကြားပြန်ပွင့်လို့ ရှီကျင့်ဖျင် 'အတော်ပျော်နေတယ်' လို့ ထရမ့်ပြော

မိန့်ခွန်းပြောနေတဲ့ သမ္မတထရမ့် ကို မျက်နှာသီးသန့် ဘေးကနေရိုက်ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတထရမ့်

ဟော်မုဇ် ရေလက်ကြား ပွင့်မယ့် အခြေအနေအပေါ် တရုတ်သမ္မတ ရှီကျင့်ဖျင် အတော်လေးပျော်ရွှင်နေတယ် လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

လာမယ့် မေလ ၁၄ ရက် နဲ့ ၁၅ ရက်မှာ တရုတ်နိုင်ငံမှာ သမ္မတနှစ်ဦးတွေ့ကြမှာဖြစ်ပြီး "ထူးခြားတဲ့ပွဲ ဖြစ်လာမှာဖြစ်သလို သမိုင်းဝင်တွေ့ဆုံမှုဖြစ်လာနိုင်တယ် လို့ ထရမ့်က ပြောပါတယ်။

"အများကြီးပြီးမြောက်အောင်မြင်နိုင်တယ်" လို့ သူက ဆက်ပြောပါတယ်။

တရုတ်နိုင်ငံဟာ အီရန်ရေနံကို အများဆုံးဝယ်ယူပြီး ရေနံ ၃၈ ရာခိုင်နှုန်းခန့်ကို ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် ရရှိနေပါတယ်။

အီရန်ကို အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းဖို့ တရုတ်က တိုက်တွန်းခဲ့ပြီး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်တာကို ထောက်ခံကြောင်း ပြောထားပါတယ်။

တဖက်မှာလည်း အီရန်လွှတ်တော်ဥက္ကဋ္ဌဖြစ်သလို မကြာသေးမီမှာ အမေရိကန်နဲ့ဆွေးနွေးတဲ့ အီရန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူလည်းဖြစ်တဲ့ မိုဟာမက် ဘာဂါ ဂါလီဘတ် က ဒေါ်နယ်ထရမ့်ဟာ "တစ်နာရီအတွင်းမှာ တောင်းဆိုမှု ၇ ခုလုပ်ခဲ့ပေမဲ့ အဲဒီ ၇ ခုလုံးက တလွဲတွေပါ" လို့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဟော်မုဇ် ရေလက်ကြားနဲ့ ပတ်သက်လို့လည်း အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ ဆက်ရှိနေရင် ရေလက်ကြားလည်း "ဆက်ပွင့်နေမှာမဟုတ်ဘူး လို့ သူက ပြောပါတယ်။

လက်ဘနွန်မှာ အပစ်အခတ် ရပ်စဲထားချိန် ရေနံနဲ့ ကုန်တင်သင်္ဘောတွေအားလုံး ဖြတ်သန်းနိုင်ဖို့ ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘာ့စ် အရက်ဂ်ချီ က ပြောထားတာပါ။

အီရန် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ကြေညာခဲ့အပြီးမှာပဲ ရေနံစိမ်းစျေးတွေ ရုတ်တရက် ထိုးကျသွားခဲ့ပါတယ်။

ပျူစောထီးရွာတချို့ တိုက်ခိုက်ခံရပြီးနောက် အရာတော်နယ်ထဲ လေကြောင်းကနေဆက်တိုက် တိုက်ခိုက်ခံရ

မြန်မာလေတပ်ပိုင် တိုက်လေယာဥ် ၂ စင်း သရုပ်ပြပျံသန်းမှု(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာလေတပ်ပိုင် တိုက်လေယာဥ် ၂ စင်း သရုပ်ပြပျံသန်းမှု(ပုံဟောင်း)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အရှေ့တောင်ပိုင်းက ပျူစောထီး(ပြည်သူ့စစ်)အားကောင်းတဲ့ သလဲဘာ၊ စပါးတွင်းနဲ့ ငွေတွင်းရွာတွေ ဧပြီလအတွင်းတိုက်ခိုက်ခံရပြီးနောက် ဒီနေ့အထိ အရာတော်နယ်ထဲ လေကြောင်း ဖိအားပေးခံနေရတယ်လို့ မြေပြင်အခြေအနေသိရှိသူက ဘီဘီစီကိုပြောပါတယ်။

"ဒီနေ့လည်း ဂျိုင်ရိုကော်ပရာတွေ ဆက်တက်နေတယ်။ သင်္ကြန်ရက်ကတော့ လေယာဥ်တွေစုံနေအောင်လာပစ်တာ လူဆယ်ဂဏန်းလောက်သေတယ်၊ ကျွဲနွားက ၃၀ လောက်သေတယ်" လို့ သူကပြောပါတယ်။

အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ သင်္ကြန်တွင်းကာလဖြစ်တဲ့ ဧပြီ ၁၃ ရက်ကနေ နှစ်ဆန်းတစ်ရက်အထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၀၀ ကျော်နဲ့ လက်နက်ကြီးပစ်ခတ်မှု ၁၅ ကြိမ် လုပ်ခဲ့တယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။

"လေကြောင်းပဲ အဓိကတိုက်တာပေါ့။ မြေပြင်စစ်ကြောင်းမဝင်သေးဘူး။ ဒါပေမဲ့ မြို့ပေါ်က တပ်တွေမှာ အင်အားလာဖြည့်တာတွေရှိတယ်"လို့ မြေပြင်အခြေအနေသိရှိသူက ပြောပါတယ်။

အရာတော်မြို့နယ်ထဲမှာ ကျေးရွာပေါင်း ၁၄၀ ကျော်ရှိပြီး ဒီထဲကမှ မြို့ပေါ်နဲ့ မြို့အနီးက ရွာတချို့ကိုသာ စစ်တပ်က ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။

သမ္မတဦးဝင်းမြင့်ကို မြန်မာနိုင်ငံသမ္မတအဖြစ် ဆက်လက်အသိမှတ်ပြု - NUCC

၂၀၁၈ ခုနှစ်က သမ္မတအိမ်တော်မှာ တွေ့ရတဲ့ သမ္မတဦးဝင်းမြင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၈ ခုနှစ်က သမ္မတအိမ်တော်မှာ တွေ့ရတဲ့ သမ္မတဦးဝင်းမြင့်(ပုံဟောင်း)

စစ်အာဏာသိမ်းပြီးနောက် ငါးနှစ်ကျော်ကြာ ဖမ်းဆီးခံထားရာကနေ မနေ့က လွတ်မြောက်လာတဲ့ သမ္မတဦးဝင်းမြင့်ကို မြန်မာနိုင်ငံသမ္မတအဖြစ် ဆက်လက် အသိအမှတ်ပြုထားဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ထုတ်ပြန်ပါတယ်။

ဧပြီ ၁၇ ရက် ရက်စွဲနဲ့ထုတ်ပြန်တဲ့ သမ္မတဦးဝင်းမြင့်ကို ကြိုဆို နှုတ်ခွန်းဆက် သဝဏ်လွှာမှာ ပြောထားတာပါ။

မနေ့က သမ္မတဦးဝင်းမြင့် မိသားစုနဲ့ ပြန်လည်ဆုံဆည်းခဲ့တာကို လူထုနဲ့ထပ်တူ ဝမ်းမြောက်တယ်လိူ့ NUCC က ပြောပါတယ်။

လွတ်ငြိမ်းထဲမှာ မပါလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ အားလုံးလွတ်မြောက်ရေးအတွက် ဆက်ကြိုးပမ်းမယ်လို့လည်း ပြောထားတာပါ။

သမ္မတဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် ကုလသမဂ္ဂကလည်း ဆက်လက် မှတ်တမ်းတင်ထားဆဲဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း သမ္မတအဖြစ် သတ်မှတ်ထားတာပါ။

သမ္မတ ဦးဝင်းမြင့်ရဲ့ NUG သမ္မတရာထူးနေရာ ဘယ်လိုဆက်ရှိမယ်ဆိုတဲ့အပေါ် ဘီဘီစီက NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

လွန်ခဲ့တဲ့မိနစ်ပိုင်းက လူမှုကွန်ရက်မှာ ရေးတင်ခဲ့တဲ့ပို့စ်မှာတော့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်လို့ ဦးနေဘုန်းလတ်က သုံးနှုန်းထားတာ တွေ့ရပါတယ်။