အီရန်ရဲ့ဒုံးကျည်တွေ ဥရောပအထိ ရောက်နိုင်သလား

အီရန်ဒုံးကျည်တစင်း ဂါဇာက ပါလက်စတိုင်း ဒုက္ခသည်စခန်း ကောင်းကင်ပေါ်မှာ တွေ့မြင်ပုံ

ဓာတ်ပုံ ရင်းမြစ်, Photo by Eyad Baba / AFP via Getty Images

ဓာတ်ပုံ ပုံစာ, အီရန်ဒုံးကျည်တစ်စင်းကို ဂါဇာက ပါလက်စတိုင်း ဒုက္ခသည်စခန်း ကောင်းကင်ပေါ်မှာ တွေ့မြင်ပုံ
    • ရေးသားသူ, နစ် အဲရစ်ဆင်
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှားအစီအစဉ်
  • ဖတ်ရန်အချိန်: မိနစ် ၁၀

အိန္ဒိယသမုဒ္ဒရာထဲက ဒီယေဂို ဂါစီယာကျွန်းမှာရှိတဲ့ ဗြိတိန်-အမေရိကန် ပူးတွဲစစ်အခြေစိုက်စခန်းကို တီဟီရန်က တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်လွှတ်ခဲ့တာကို ကြည့်ရင် အရှေ့အလယ်ပိုင်းပဋိပက္ခ သိသိသာသာမြင့်တက်လာတယ်ဆိုတာ မြင်သာပါတယ်။

ရည်ရွယ်တဲ့ပစ်မှတ်တွေကို မထိမှန်ခဲ့ပေမဲ့ စစ်ပွဲ စတင်ချိန်က စလို့ ဒီလိုမျိုး တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တွေကို အသုံးပြုတာကို ပထမဆုံးအကြိမ် မြင်ရတာလို့ အစ္စရေးကာကွယ်ရေးတပ်(အိုင်ဒီအက်ဖ်)ဘက်က ပြောပါတယ်။

တီဟီရန်က ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ကြောင်း တရားဝင်အတည်မပြုသေးခင် အီရန်မီဒီယာတွေမှာတော့ နိုင်ငံခြားသတင်းဌာနတွေကို ကိုးကားဖော်ပြလျက်ရှိပါတယ်။

အခုတော့ မအောင်မြင်ခဲ့တဲ့ဒီတိုက်ခိုက်မှုတွေရဲ့သက်ရောက်မှုတွေအပြင် အဲဒီကနေမှတဆင့် တာပိုဝေးတဲ့နေရာတွေက ပစ်မှတ်တွေကို တိုက်ခိုက်လာနိုင်ခြေကိုလည်း ကျွမ်းကျင်သူတွေက သုံးသပ် ဆန်းစစ်နေကြပါတယ်။ ဥပမာအနေနဲ့ ဘာလင်၊ ပါရီနဲ့ လန်ဒန်အပါအဝင် ဥရောပက မြို့တော်ကြီးတွေဟာ နောင်မှာ ပစ်မှတ်ထားခံရနိုင်လားဆိုတဲ့မေးခွန်းလည်း ကပ်ပါလာပါတယ်။

ဗြိတိန်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးကတော့ အီရန်မှာ လန်ဒန်မြို့အထိရောက်မယ့် တာဝေးပစ် ပဲ့ထိန်း ဒုံးကျည်တွေ ရှိတယ်လို့ဆိုတဲ့အစ္စရေးစစ်တပ်(အိုင်ဒီအက်ဖ်)ရဲ့ပြောဆိုချက်ကို ''ခိုင်မာစေမယ့်ဆန်းစစ်အကဲဖြတ်ချက် မရှိသေးဘူး'' လို့ဆိုပါတယ်။

အမေရိကန် - အစ္စရေးတို့နဲ့ဖြစ်နနေတဲ့ ပဋိပက္ခအတွင်း မတ်လ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်မှာ အီရန်မြို့တော် တီဟီရန်က လမ်းပေါ်မှာ ပြသထားတဲ့ ဒုံးကျည်အသေးစားသရုပ်ဖော်အတုတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အီရန်မှာ သူတို့ဘာသာ သတ်မှတ်ထားတဲ့အကွာအဝေးအလိုက် ဒုံးကျည်တွေ ရှိခဲ့ပေမဲ့ တချို့ကတော့ ဒါတွေနဲ့ပတ်သက်လို့ အပြောင်းအလဲ ရှိတယ်လို့ ဆိုပါတယ်

ဘီဘီစီ ပါရှန်းသတင်းဌာနက ဂွန်ချက်ဟာ ဘီဘီအာဇတ်က "အီရန်ရဲ့ ဒုံးကျည်အစီအစဉ်ဟာ ဟိုးအရင်ကတည်းက နိုင်ငံတကာရဲ့အာရုံစူးစိုက်ခံထားရတဲ့ကိစ္စ" ဖြစ်ပါတယ်။ တီဟီရန်က "သူတို့ရဲ့ ဒုံးကျည်တွေဟာ လုံးဝ ခံစစ်သက်သက်အတွက်သာ ထုတ်လုပ်ထားတာဖြစ်ပြီး သူတို့ဆီ ပစ်ခတ်လာတာတွေကို ဟန့်တားရေးဗျူဟာပေါ် အခြေခံထားတာလို့ အခိုင်အမာပြောဆိုနေပေမဲ့ ဝေဖန်သူတွေကတော့ တာဝေးပစ် စွမ်းရည်တွေ တိုးတက်လာတာဟာ ဒေသတွင်းလုံခြုံရေး အခြေအနေကို ပြောင်းလဲသွားစေနိုင်တယ်" လို့ ပြောပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့ရဲ့တိုက်ခိုက်မှု စတင်ချိန်မှာ နောက်ထပ်အဆင့်ဆင့် ဆွေးနွေးပွဲတွေ ကျင်းပနိုင်တဲ့အလားအလာနဲ့အတူ တီဟီရန်ရဲ့နျူကလီးယားရည်မှန်းချက်တွေနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေကို ဖြေရှင်းဖို့ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်နေခဲ့တာ တစ်လတောင် မပြည့်သေးပါဘူး။

ဒီယေဂို ဂါစီယာကျွန်းလည်းပါဝင်နေတဲ့ ချာဂို့စ်ကျွန်းစုဟာ အီရန်ကနေ ကီလိုမီတာ ၃,၈၀၀ လောက် ဝေးပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တာဝေးပစ် ဒုံးကျည်တွေ ပစ်လွှတ်မှုအကြောင်းကို အမည်မဖော်လိုတဲ့အမေရိကန်အရာရှိတွေကို ကိုးကားပြီး ဝေါလ်စထရိ ဂျာနယ်နဲ့ စီအန်အန်သတင်းဌာနတို့က ရေးသား ဖော်ပြခဲ့ပေမဲ့ ဒုံးကျည် နှစ်စင်းလုံး သူတို့ရဲ့ပစ်မှတ်ကို မထိမှန်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

ဒုံးကျည်တစ်စင်း ပျံသန်းနေတုန်း ပျက်ကျခဲ့ပြီး နောက်တစ်စင်းကို အမေရိကန် စစ်သင်္ဘော တစ်စင်းက ကြားဖြတ်ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းတွေ မှန်ကန်ကြောင်း ဘီဘီစီက သိရှိထားပါတယ်။

အဲဒီလိုဖြစ်ပျက်ခဲ့ပြီး မကြာခင်မှာဘဲ အာရှ၊ အာဖရိကနဲ့ ဥရောပက မြို့ကြီးတွေဟာ အန္တရာယ် ရှိကြောင်းနဲ့ အဲဒီလိုစွမ်းရည်ရှိတဲ့ဒုံးကျည်တွေကို တီထွင်ဖို့ တီဟီရန်က ရည်ရွယ်ထားကြောင်း မနှစ်က သူတို့က ထုတ်ဖော်ပြောကြားတာရှိခဲ့တယ်လို့ အစ္စရေးစစ်တပ် (အိုင်ဒီအက်ဖ်)က ဆိုပါတယ်။

ချာဂို့စ်ကျွန်းစု ဘက်ဆီကို ဒုံးကျည်ပစ်လွှတ်လိုက်တဲ့သတင်းထွက်လာချိန်မှာပဲ အစ္စရေးစစ်တပ် (အိုင်ဒီအက်ဖ်) စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အယ်ယာလ်ဇာမီယာက လူမှုကွန်ရက်ပေါ်ကနေ ဗီဒီယိုတစ်ခု ဖြန့်ဝေပြီး ပြတ်ပြတ်သားသား သတိပေးခဲ့ပါတယ်။

"အီရန်က အကွာအဝေး ကီလိုမီတာ ၄,၀၀၀ ရှိတဲ့ အဆင့် နှစ်ဆင့်ပါ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်ခဲ့တယ်။ ဒီဒုံးကျည်တွေဟာ အစ္စရေးကို ထိမှန်ဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူး။ သူတို့ရဲ့အကွာအဝေးက ဥရောပမြို့တော်တွေအထိ ရောက်တယ်။ ဘာလင်၊ ပါရီနဲ့ ရောမမြို့တွေဟာ တိုက်ရိုက် ခြိမ်းခြောက်ခံနေရတဲ့အကွာအဝေးအတွင်းမှာ ရှိနေတယ်" လို့ သူက ပြောကြားခဲ့ပါတယ်။

ဗြိတိန်ပူးတွဲစစ်ဌာနချုပ်ရဲ့ အရင်အကြီးအကဲနဲ့ ကာကွယ်ရေးကျွမ်းကျင်သူ ဗိုလ်ချုပ်ကြီး ဆာ ရစ်ချတ် ဘာရွန်းအပါအဝင် တခြားသူတွေကလည်း ဒီအခြေအနေအားလုံးဟာ အီရန်ရဲ့ ဒုံးကျည်သိုလှောင်မှုနဲ့ အကွာအဝေးကို ပြန်လည် ဆန်းစစ်ဖို့ တိုက်တွန်းအားပေးခဲ့တယ်လို့ ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

"အရင်တုန်းက အီရန်ရဲ့ ဒုံးကျည်တွေရဲ့ အကွာအဝေးက ကီလိုမီတာ ၂,၀၀၀ လောက်ရှိတယ်လို့ ကျွန်တော်တို့ ထင်ခဲ့ပေမဲ့ ဒီယေဂို ဂါစီယာကျွန်းက ကီလိုမီတာ ၃,၈၀၀ ဝေးတယ်" လို့ သူက ပြောပါတယ်။

ဒီယေဂို ဂါစီယာ၊ ပါရီ၊ လန်ဒန်၊ ဘာလင်၊ အီရန်မြို့တော် တီဟီရန်မြို့ကြီးတွေရဲ့ အကွာအဝေးပြ မြေပုံ

အီရန်ဟာ ယခုအချိန်အထိ သူတို့ရဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်အတွက် ချမှတ်ထားတဲ့ ကန့်သတ်ချက် တစ်ခုရှိပြီး ဒုံးကျည်တွေရဲ့အကွာအဝေးကို မိုင် ၁,၂၄၀ (ကီလိုမီတာ ၂,၀၀၀) အတွင်း ကန့်သတ်ထားတယ်လို့ ပြောပါတယ်။ ဆိုလိုတာကတော့ အီရန်ရဲ့ဒုံးကျည်တွေ ပစ်ခတ် ရောက်ရှိနိုင်တဲ့အကွာအဝေးအတွင်းမှာ အစ္စရေး ရှိပေမဲ့ ဥရောပကိုတော့ သူတို့ကို သတိထားရမယ့်အထဲ အီရန်ဘက်က မထည့်ထားစေချင်တဲ့ပုံပါ။

ဒါဟာ နည်းပညာဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် မဟုတ်ဘဲ နိုင်ငံရေးအရ ရွေးချယ်မှုတစ်ခုဖြစ်ကြောင်း၊ စစ်ဘက်ခေါင်းဆောင်တွေနဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)ရဲ့ ဆန့်ကျင်မှုကို ရင်ဆိုင်နေရချိန်မှာ ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြောင်း ကွယ်လွန်သွားပြီဖြစ်တဲ့ အီရန်ခေါင်းဆောင် အာယာတိုလာ အလီ ခါမေနီက ၂၀၂၁ ခုနှစ်တုန်းက ထိန်းထိန်းသိမ်းသိမ်းပြောကြားခဲ့ပါတယ်။

သူဟာ အစ္စရေးကို ခြိမ်းခြောက်လိုပေမဲ့ တီဟီရန်ရဲ့ပစ်မှတ်တွေမှာ မပါဝင်တဲ့ ဥရောပကို မထိတ်လန့်စေလိုတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မနှစ် စက်တင်ဘာလတုန်းက အီရန်လွှတ်တော်အမတ်တယောက်က တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC) ဟာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်လွှတ်ခဲ့ပြီးဖြစ်ကြောင်း အစိုးရရုပ်မြင်သံကြားမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒုံးကျည် ပျံသန်းနိုင်တဲ့အကွာအဝေးနဲ့ပတ်သက်လို့ အသေးစိတ်ကို ထုတ်ဖော်ပြောကြားတာ မရှိခဲ့ပါဘူး။

ဒုံးကျည်တွေ ပျံသန်း ရောက်ရှိနိုင်စွမ်း

လန်ဒန် ဘရစ်ချန်ကနေတဆင့် လူတွေ မနက်ခင်း အစောပိုင်းမှာ လမ်းလျှောက်နေကြတဲ့ မြင်ကွင်းကို အနောက်ဘက်ကနေ ရိုက်ကူးထားတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Shomos Uddin via Getty Images

ဓာတ်ပုံ ပုံစာ, အီရန်ဒုံးကျည်တွေဟာ လန်ဒန်လို မြို့ကြီးတွေအထိ ပျံသန်းရောက်ရှိနိုင်မလားဆိုတဲ့အပေါ် အကဲခတ်တွေကြား အမြင်တွေ ကွဲပြား

အီရန်ရဲ့အာကာသဆိုင်ရာနည်းပညာပိုင်းကိုကြည့်ရုံနဲ့ အီရန်မှာ တိုက်ချင်းပစ်ဒုံးကျည်တွေ တည်ဆောက်နိုင်တဲ့နည်းပညာရှိနေပြီလို့ ဆိုလိုရာလည်းရောက်ပြီး လိုအပ်လာချိန်မှာ အီရန်ဟာ ဒီနည်းပညာကို အသုံးချလာတာမျိုး ရှိနိုင်တယ်ဆိုတာကို အမေရိကန်အရာရှိတွေဘက်က စွပ်စွဲမှတ်ယူထားတာကြာပြီလို့ Times of Israel က ရေးပါတယ်။

တချို့ လေ့လာသုံးသပ်သူတွေက ဒီအချက်ကို လက်ခံပါတယ်။ လန်ဒန်မှာရှိတဲ့ Royal United Services Institute ရဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာ ကာရင် ဗွန်ဟစ်ပဲလ်က "ဒုံးကျည်တွေဟာ ဒီယေဂို ဂါစီယာကျွန်းကို ရောက်တယ်လို့ မှတ်ယူကြည့်ပါစို့ ... အသုံးပြုလာတာ မမြင်ရသေးပေမဲ့ အီရန်ဟာ ကီလိုမီတာ ၁၀,၀၀၀ အထိ ပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေကိုလည်း တီထွင်နေပြီလို့ နားလည်နိုင်တယ်" ဆိုပြီး ဘီဘီစီကို ပြောပါတယ်။

အီရန်က ပစ်လွှတ်တဲ့ဒုံးကျည်တွေက အမေရိကန်အထိ ရောက်ရှိနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

အခုတော့ အိန္ဒိယသမုဒ္ဒရာမှာ ရည်ရွယ်ချက်ရှိရှိနဲ့ပြုလုပ်ခဲ့တဲ့တိုက်ခိုက်မှုဟာ အီရန် ဒုံးကျည်တွေ ပျံသန်းနိုင်စွမ်းနဲ့ပတ်သက်ပြီး အများထင်မြင်ယူနေကြတဲ့တာအဝေး ထင်မြင်ယူဆချက်တွေကို ဖယ်ရှားလိုက်ပြီလို့ အကဲခတ်တွေက ပြောပါတယ်။

အီရန်မြို့တော် တီဟီရန် မြို့လယ်မှာ အီရန်အလံအရောင်နဲ့ မြေပုံပေါ်ကနေ ဒုံးကျည်တွေ ပျံတက်နေတဲ့သရုပ်ဖော်ပုံအရှေ့မှာ အမျိုးသားတစ်ဦးဖြတ်လျှောက်သွားတာကို မြင်ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Atta Kenare / AFP via Getty Images

ဓာတ်ပုံ ပုံစာ, လူတွေ ထင်မှတ်မထားတဲ့နေရာတွေ အထိတောင် သူတို့ဒုံးကျည်တွေနဲ့ ပစ်ခတ်နိုင်စွမ်းရှိတယ် ဆိုတဲ့ရည်ရွယ်ချက်ကို အီရန်က အိမ်နီးချင်းနိုင်ငံတွေဆီ သတင်းစကား ပေးပို့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သုံးသပ်သူလည်းရှိ

ဒါပေမဲ့ အကဲခတ်အချို့ကတော့ ဒုံးကျည်တွေဟာ ကြားဖြတ်ပစ်ချခံရတာမျိုး မဖြစ်ခဲ့ဘူးဆိုရင်တောင် ရည်ရွယ်တဲ့ပစ်မှတ်အထိ ရောက်နိုင်မလားဆိုတဲ့အပိုင်းကို သံသယရှိကြပါတယ်။

ဗြိတိန်အိမ်ရာဝန်ကြီး စတီဖ် ရိဒ်ကတော့ "အီရန်တွေ ဗြိတိန်ကို ပစ်မှတ်ထားနေတယ်ဆိုတာမျိုး ဒါမှမဟုတ် ပစ်မှတ်ထားချင်ရင်တောင် စွမ်းနိုင်မလားဆိုတဲ့အပိုင်းကို တိကျတဲ့ဆန်းစစ် အကဲဖြတ်ချက်မျိုး မရှိသေးဘူး'' လို့ ဘီဘီစီကို ပြောပါတယ်။

လက်ရှိအငြင်းပွားစရာရှိတာက အီရန်ဟာ ဒီလိုအဝေးပစ် တိုက်ခိုက်မှုတွေ လုပ်ဖို့လိုအပ်တဲ့ လက်တွေ့နည်းပညာ၊ နောက်ပြီး ဒီလောက် ဝေးလံတဲ့အကွာအဝေးအထိ ပျံသန်းမယ့် ဒုံးကျည်တွေကို လမ်းကြောင်း တည့်အောင် ထိန်းချုပ်နိုင်စွမ်းတွေ ရှိ၊ မရှိဆိုတဲ့အပိုင်းဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေရာမှာ စိတ်ဓာတ်စစ်ဆင်ရေးအပိုင်းကိုလည်း မမေ့ထားသင့်ပါဘူး။

တချို့က အီရန်ဟာ ပစ်မှတ်တွေကို ထိအောင်ပစ်ခတ်ဖို့ရည်ရွယ်တာ မဟုတ်ဘဲ သူတို့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို သတင်းစကားပေးချင်လို့ အခုလိုလုပ်တာဆိုတဲ့အမြင်လည်း ရှိနေပါတယ်။

"နောက်တစ်နေ့မှာ လန်ဒန် ဒါမှမဟုတ် ပါရီကို တိုက်ခိုက်မယ်လို့ သူတို့ဘက်က ဆိုလိုချင်ပုံ မဟုတ်ဘူး။ ဒါပေမဲ့ ဒါဟာ ဖြစ်လာနိုင်ခြေရှိတဲ့ဘယ်လိုကိစ္စပဲရှိရှိ ဟန့်တားနိုင်တဲ့နည်းနာတစ်ခုအဖြစ် သူတို့ဘက်က လုပ်နိုင်တယ်ဆိုတာကို ပြသတယ်လို့ မြင်မိပါတယ်" လို့ အစ္စရေး စစ်ဘက်ထောက်လှမ်းရေးအရာရှိဟောင်း ဒန်နီ ဆစ်ထရီနိုးဝစ်ခ်ျက လန်ဒန်အခြေစိုက် The Independent သတင်းစာကို ပြောပါတယ်။

အိန္ဒိယသမုဒ္ဒရာမှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေအပေါ် အစ္စရေးရဲ့တုံ့ပြန်မှုကလည်း သူ့ဘက်ပါအောင်စည်းရုံးတဲ့အပြောအဖြစ် ရှုမြင်ခံရပါတယ်။

"အစ္စရေးဘက်ကတော့ ဒီလိုပဲ ပြောမှာပေါ့လေ။ သူတို့ရဲ့အကျိုးစီးပွားက အမေရိကန်နဲ့ အစ္စရေးဘက်မှာ တခြားနိုင်ငံတွေ များများပါလာဖို့၊ စစ်ဘောင်ကျယ်အောင်လုပ်စေချင်တာမျိုး ရှိနေတော့လေ'' လို့ နေတိုးအဖွဲ့ရဲ့ဥရောပ ဒုတပ်မှူးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဆာ ရစ်ချတ် ရှာရက်ဖ်က ဘီဘီစီကို ပြောပါတယ်။

"ဒါကို ကျွန်တော်တို့ တင်းခံသင့်တယ်။ အခုစစ်ပွဲက လှုပ်လေမြုပ်လေ အရှုပ်တော်ပုံလိုပဲ။ ပြတ်သား ရှင်းလင်းတဲ့အဆုံးသတ် မရှိ၊ ဗျူဟာ မရှိတဲ့ထရမ့်ရဲ့ စစ်ပွဲပါ။ ပြီးခဲ့တဲ့ ၆ လတုန်းကတော့ အီရန်ရဲ့နျူကလီးယားစွမ်းဆောင်ရည်ကို ပျက်ပြားအောင် လုပ်လိုက်ပြီလို့ ကျွန်တော်တို့ကိုပြောတယ်။ ဆိုတော့ ဝါရှင်တန်ဘက်က လာတဲ့စကားဆို ယုံရခက်ခက် ဖြစ်နေပြီ''