ထိုင်းဝန်ကြီးချုပ်နဲ့ ဦးမင်းအောင်လှိုင် ဘန်ကောက်အစိုးရအိမ်တော်မှာတွေ့ဆုံ, နှစ်နိုင်ငံ ပူးတွဲကြေညာချက်လည်းထုတ်ပြန်ဖို့ရှိ

ဝေဖန်မှုတွေကြုံနေရတဲ့ နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်ရဲ့ နှစ်ရက်တာ ထိုင်းခရီးစဥ် ဒီကနေ့ သြဂုတ် ၆ ရက်မှာ စတင်ပါပြီ။
ဒီကနေ့ မနက်ပိုင်းမှာတော့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ကူရာဝီလ်နဲ့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်တို့ ဘန်ကောက်မြို့ အစိုးရအိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ထိုင်းဝန်ကြီးချုပ် နဲ့ အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ စီးပွားရေးဝန်ကြီးအပါအဝင် ဝန်ကြီးအချို့တက်ရောက်ကြပါတယ်။
ကနဦးသတင်းတွေအရ နှစ်နိုင်ငံ ပူးတွဲကြေညာချက်လည်းထုတ်ပြန်ဖို့ရှိပြီး အနည်းဆုံးအချက် ၅ ချက်ထက်မနည်း သဘောတူကြဖို့ ရှိနေပါတယ်။
ထိုင်း-မြန်မာနယ်စပ်တလျှောက် လက်နက်ကိုင်ပဋိပက္ခတွေ မဖြစ်ပွားစေရေး၊ အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နယ်စပ်ကုန်သွယ်ရေး ပြန်လည်အသက်ဝင်လာစေရေးတို့ကို အဓိကထား ဆွေးနွေးကြမှာပါ။
အထူးသဖြင့် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှု ပြဿနာတွေကို ပူးတွဲဖြေရှင်းနိုင်ဖို့ ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းရေးအတွက် လုပ်ငန်းတာဝန် သတ်မှတ်ချက် (Terms of Reference - ToR) ကိုလည်း လက်မှတ်ရေးထိုးဖို့ကြဖို့ရှိနေပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ ဒီခရီးစဉ်ဟာ သူနဲ့ သူ့အစိုးရကို အာဆီယံနဲ့ ပြန်လည် ထိတွေ့ဆက်ဆံနိုင်ရေးအတွက် ထိုင်းအစိုးရက ကြိုးပမ်းချက်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
ထိုင်းအစိုးရရဲ့ ဖိတ်ခေါ်မှုအပေါ် ဝေဖန်တာတွေလည်းရှိနေပါတယ်။ ဦးမင်းအောင်လှိုင်ဟာ အနောက်နိုင်ငံအချို့ရဲ့ အရေးယူပိတ်ဆို့မှု ချမှတ်ခံထားရသူဖြစ်သလို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အဓိကတာဝန်ခံရမယ့်သူဖြစ်တယ်လို့ ဝေဖန်သူတွေက ထောက်ပြထားပါတယ်။

