ထိုင်းရဲ့ ၁၀နှစ်နေထိုင်ခွင့်ကတ် အပေါ် အလွဲသုံးစားလုပ်သူတွေကို မဲဆောက်မှာ စီမံချက်နဲ့ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, Tak PRD
ထိုင်းနိုင်ငံမှာ ၁၀ နှစ်နေထိုင်ခွင့်ရနိုင်တဲ့မှတ်ပုံတင်ကတ် ခေါ် တောင်ပေါ်သားကတ်အလွဲသုံးစား လုပ်သူတွေကို ရဲအင်အား ၁၃၀ ကျော်နဲ့ ဒီနေ့ မဲဆောက်မှာ ဖမ်းဆီးနေတယ်လို့ မဲဆောက်ခရိုင်ရဲ တပ်ဖွဲ့က ထုတ်ပြန်သလို မဲဆောက်မှာနေထိုင်တဲ့ မြန်မာတချို့ကလည်းပြောပါတယ်။
ထိုင်းသတင်းဌာနတချို့ရဲ့ ဖော်ပြချက်အရ မဲဆောက် မြူနီစပယ် ဝန်ထမ်းဟောင်း ၁ ဦး၊ လက်ရှိဝန်ထမ်း ၃ ဦးနဲ့ နိုင်ငံခြားသား ၁၂ ဦးကို ရှာဖွေဖမ်းဆီးမှာဖြစ်တယ်လို့သိရပါတယ်။
အဖမ်းအဆီးသတင်းတွေကြောင့် မဲဆောက်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ ဒီရက်ပိုင်းသတိထားသွားလာကြဖို့ကိုလည်း မြန်မာနိုင်ငံသားအရေးလုပ်ဆောင်နေသူတချို့က သတိပေးထားကြပါတယ်။
“မနက် ၆ နာရီခွဲကတည်းက အိမ်မျက်စောင်းထိုးက ဆိုင်တစ်ခုကိုဝင်စစ်တာတွေ့တယ်။ အခုစစ်တာက အကြမ်းဖက်နှိမ်နင်းရေးပါပါတော့ ကိုယ့်နိုင်ငံသားတွေ ယုန်ထောင်ကြောင်မိ ဖြစ်မှာစိုးလို့ သတိပေးတာပါ” လို့ အဝေးရောက်ဧရာဝတီအသင်းဦးဆောင်သူ ကိုဖိုးသင်္ကြန်က ဘီဘီစီကိုပြောပါတယ်။
မဲဆောက်ထဲက လူကုန်ကူးမှုတွေနဲ့ ဆက်စပ်ပြီး ထိုင်း ၁၀ နှစ်နေထိုင်ခွင့်ကတ်ကို အလွဲသုံးစားလုပ်ရယူသူနဲ့ လာဘ်ယူကာထုတ်ပေးတဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးဖို့ လုပ်ဆောင်တဲ့ စီမံချက်ဖြစ်ပါတယ်။
ဒီစီမံချက်မှာ ထိုင်းရဲတပ်ဖွဲ့အပြင် လူဝင်မှုကြီးကြပ်ရေး၊ အကြမ်းဖက်နှိမ်နင်းရေး၊ အမျိုးသားမှတ်ပုံတင်ရာဇဝတ်မှုတိုက်ဖျက်ရေးအဖွဲ့တွေလည်း ပါဝင်တာတွေ့ရပါတယ်။
ဒီလိုဖမ်းဆီးမှုမျိုးကို ဇူလိုင်လအစပိုင်းတုန်းက ဆူရတ်ဌာနီခရိုင်မှာလည်း လုပ်ခဲ့ပါသေးတယ်။ အဲ့ဒီတုန်းက ဖမ်းဆီးခံရသူ ၁၁ ဦးထဲမှာ မြန်မာ ၇ ဦးလည်းပါဝင်တယ်လို့ ထိုင်းသတင်းဖော်ပြချက်အရသိရပါတယ်။ ထိုင်းဘတ်ငွေ ၅ သောင်းပေးပြီး ကတ်ရယူထားတဲ့ မြန်မာ ၂၄၀ ဦးရဲ့ အမှုကိုလည်း ပြန်လည်စစ်ဆေးသွားမယ်လို့ အဲဒီတုန်းက ထိုင်းသတင်းဖော်ပြချက်မှာ တွေ့ရပါတယ်။

