သခင်တင်မြ ကွယ်လွန်

မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု မှာ အဓိက နေရာ ကနေ ပါဝင်ခဲ့တဲ့ ဝါရင့် နိုင်ငံရေးသမား သခင်တင်မြဟာ အသက်(၉၁)နှစ်အရွယ်မှာ ဒဂုံမြို့သစ် အရှေ့ပိုင်းက သူ့နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။
ဝါရင့်နိုင်ငံရေးသမား သခင်တင်မြဟာ အလံနီ ကွန်မြူနစ်ပါတီ၊ ဗမာပြည် ကွန်မြူနစ်ပါတီ၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီတွေမှာ ဗဟို ကော်မတီဝင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ တဦး ဖြစ်ပါတယ်။
သူဟာ နိုင်ငံရေးအရ အငြင်းပွားမှုတွေ ရှိခဲ့ဖူး သူ ဖြစ်ပြီး သူ့ကို ချစ်သူ မုန်းသူ တွေလည်း ရှိခဲ့သူပါ။
သခင်တင်မြ ဟာ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ ကနေ ဦးနေဝင်း အစိုးရ ဆီ မှာ လက်နက်ချ ခဲ့တဲ့ အထိ လျှောက်လမ်းခဲ့တဲ့ သူဖြစ်တယ်လို့ နိုင်ငံရေး ဘ၀ နဲ့ ပတ်သက် လို့ ၁၉၆၂ ကျောင်းသား ခေါင်းဆောင် ဦးလှရွှေ က ပြောပြပါတယ်။ လွတ်လပ်ရေး ကြိုးပမ်းတဲ့ ကာလနဲ့ လွတ်လပ်ရေး ပြီးနောက်ပိုင်းကာလ နိုင်ငံရေး လှုပ်ရှားမှုတွေ မှာ လည်း အဓိက အခန်း ကဏ္ဍကနေ ပါဝင် ခဲ့ပေမယ့် ဒီနောက်ပိုင်း မှာတော့ သူ့ရဲ့ နိုင်ငံရေး ရပ်တည်ချက် တွေမှာ ဝေဖန်မှုတွေ ရှိခဲ့တယ် လို့ ဦးလှရွှေ က ဆက်ပြောပါတယ်။ တကယ်တော့ သခင်တင်မြဟာ ဗိုလ်ချုပ်အောင်ဆန်း ကို သိမီ ခဲ့တဲ့ ရှားရှားပါးပါး ဖြစ်တဲ့ နိုင်ငံရေး သမားကြီး တဦးလည်း ဖြစ်ပါတယ်။
သူဟာ မကွယ်လွန်ခင် ဦးနှောက်ကျုံ့ရောဂါနဲ့ အိပ်ရာထဲ (၅)လကြာလောက် လဲနေပြီး စနေနေ့ မနက်မှာ ကွယ်လွန် ခဲ့တာပါ။
ဈာပနကို တော့ လာမယ့် မတ်လ (၂)ရက်နေ့မှာ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။




