ထိုင်းဘက်ကို လက်နက်ကြီးကျည် ထပ်ကျရင် ပစ်တဲ့အဖွဲ့ကို လက်တုံ့ပြန်မယ်လို့ ထိုင်းစစ်တပ်သတိပေး

ဓာတ်ပုံ ရင်းမြစ်, Royal Thai Army
မြန်မာဘက်ခြမ်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ထိုင်းဘက်ခြမ်းကို ထပ်ကျရင် ပစ်တဲ့နေရာနဲ့ အဖွဲ့အစည်းကို တုံ့ပြန်သွားမယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်က မြန်မာဘက်ခြမ်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည် တစ်လုံး ထိုင်းဘက်ခြမ်းကို ကျရောက်ခဲ့အပြီးမှာ ထိုင်းစစ်တပ်က ဒီနေ့ ထုတ်ပြန်လာတာဖြစ်ပါတယ်။
မြ၀တီမြို့တောင်ပိုင်းက ထိုင်း -မြန်မာနယ်စပ်က အခြေအနေကြောင့် ထိုင်းစစ်တပ်က နယ်စပ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက လုံခြုံရေးတိုးမြှင့်ထားတာဖြစ်ပါတယ်။
မကြာသေးခင်က တာ့ခ်ခရိုင်အခြေစိုက် ထိုင်းစစ်တပ်ရဲ့ဗျူဟာမှူး အပြောင်းအလဲလုပ်ပြီးတဲ့နောက် ထိုင်းစစ်တပ်ရဲ့အခုလိုပြောဆိုချက် ထွက်လာတာလို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
“ထိုင်းအာဏာပိုင်တွေကတော့ သူတို့ဘက်ကို ကျလာတဲ့ကျည်တွေက ဘယ်သူက၊ ဘယ်အဖွဲ့အစည်းက လုပ်တာလည်း ဆိုတာ မသိဘူး။ ဘယ်အဖွဲ့အစည်းကို တုံ့ပြန်ရမလဲမသိဖြစ်နေတာတဲ့။ အဲဒါကြောင့် အခုလိုပြောတာ ထင်တယ်” လို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မြန်မာနယ်စပ်က အခြေနေတွေကြောင့် ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှု မကြာခဏဖြစ်နေတဲ့ဖြစ်စဉ်တွေကို ဖြေရှင်းဖို့ ထိုင်းစစ်တပ်က အဆင့်ဆင့်လုပ်မယ့် အစီအမံ ၄ ရပ် ကိုလည်းချမှတ်ထားပါတယ်။
ထိုင်းစစ်တပ်ကတော့ မြန်မာဘက်က ကျည် ထပ်ကျလာရင် ထိုင်းစစ်တပ်အနေနဲ့ စစ်ဖက်ဆိုင်ရာလုပ်ထုံးလုပ်နည်း(Rules of Engagment) အတိုင်းတုံ့ပြန်သွားမယ်လို့လည်း ဆိုပါတယ်။
အရင် ဆုံးသတိပေးတဲ့အနေနဲ့ မီးခိုးဗုံးတွေနဲ့ ပစ်ခတ်သွားမယ်လို့ ဆိုပါတယ်။ တကယ်လို့ ထိုင်းနိုင်ငံသားတွေရဲ့အသက်၊ အိုးအိမ်စည်းစိမ်တွေကို ထိခိုက်စေလိုတဲ့ရည်ရွယ်ချက်နဲ့ပစ်ခတ်လာရင်တော့ သင့်တော်တဲ့တန်ပြန်အစီအမံတွေနဲ့ တိုက်ပွဲရပ်ဖို့ ဖိအားပေးသွားမယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ လုံခြုံရေးအင်အားတိုးချဲ့တာတွေ၊ စစ်ဆေးရေးဂိတ်တွေ ပိုချတာ၊ မိုအိ(သောင်ရင်း) မြစ်တလျှောက် မြေပြင်နဲ့ ရေပြင်မှာ ကင်းလှည့်တာတွေ လုပ်မယ့်အပြင် အခြေအနေတွေကို ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ အနီးကပ်စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။
နောက်ပြီး သံတမန်ရေးအရဆိုရင်လည်း ဒီလိုဖြစ်စဉ်တွေထပ်ဖြစ်တာနဲ့ မြန်မာ စစ်တပ်ဘက်ကို နှစ်နိုင်နယ်စပ်ကော်မတီကတဆင့် ချက်ချင်းဆက်သွယ်မယ်လို့ ဆိုပါတယ်။
ထိုင်းစစ်တပ် နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေတဆင့် ဆန့်ကျင်ကန့်ကွက်ကြောင်း နဲ့ ထိခိုက်မှုတွေအတွက် မြန်မာအစိုးရဘက်က တာဝန်ယူဖို့ တောင်းဆိုသွားမယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။
မိုအိမြစ်ကြောင်းတလျှောက်မှာနေတဲ့ ထိုင်းနိုင်ငံသားတွေအတွက်လည်း ဗုံးခိုကျင်းတွေ ဆောက်လုပ်ပေးသွားမှာဖြစ်သလို၊ ထိခိုက်နစ်နာခဲ့သူတွေအတွက်လည်း လျော်ကြေး ပေးသွားမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံကို တိမ်းရှောင်လာတဲ့ မြန်မာစစ်ရှောင်တွေကိုလည်း သတ်မှတ်ထားတဲ့ နေရာမှာခိုလုံခွင့်ပေးသွားမှာဖြစ်သလို စစ်ရှောင်တွေထဲ လက်နက်တွေပါ၊ မပါကိုလည်း တင်းတင်းကြပ်ကြပ်စစ်ဆေးသွားမယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ထားပါတယ်။







