သြဂုတ် ၈ ရက်သတင်းများအနှစ်ချုပ် - ၃၈ နှစ်မြောက် ရှစ်လေးလုံး လှုပ်ရှားမှုတွေ ပြုလုပ်

ဒီနေ့ကျရောက်တဲ့ ရှစ်လေးလုံး အရေးတော်ပုံ (၃၈) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ၊ မြန်မာစစ်သံရုံးရှေ့မှာ ထီးသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, ရန်ကုန်လူထုသပိတ်

ဓာတ်ပုံ ပုံစာ, ဒီနေ့ကျရောက်တဲ့ ရှစ်လေးလုံး အရေးတော်ပုံ (၃၈) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ၊ မြန်မာစစ်သံရုံးရှေ့မှာ ထီးသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ မြင်ကွင်း
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၁

ဒီနေ့ကျရောက်တဲ့ ၃၈ နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ်လှုပ်ရှားမှုတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တော်လှန်ရေးအင်အားစုတွေ၊ သပိတ်အင်အားစုတွေနဲ့ သံရုံးတွေကပါ ပြုလုပ်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ က မြန်မာသံရုံးရှေ့ မှာ ထီးသပိတ်လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်အဖွဲ့က ဒီမနက် ပြုလုပ်ခဲ့ပါတယ်။

သံရုံးရှေ့မှာ "၈" သင်္ကေတပါတဲ့ အနီရောင်ထီးတွေနဲ့ လှုပ်ရှားမှုကိုပြုလုပ်ခဲ့တာပါ။ ၁၉၈၈ ခုနှစ်ကတည်းက 'ဒီမိုကရေစီ နဲ့ လွတ်လပ်ခွင့်' အတွက် လှုပ်ရှားမှုတွေဟာ ၃၈ နှစ်ကြာတဲ့ ဒီနေ့ အထိ ဆက်ပြီးရှင်သန်နေဆဲဖြစ်တယ်လို့ ရန်ကုန်ထူထုသပိတ်အဖွဲ့က ပြောပါတယ်။

ဒီနေ့ကျရောက်တဲ့ ၃၈ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့ကို ရန်ကုန်က မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံး နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးတို့ကလည်း ဂုဏ်ပြုကြိုဆိုထားပါတယ်။

ငြိမ်းချမ်းပြီး တရားမျှတတဲ့ ဒီမိုကရေစီအနာဂတ်အတွက် ထားရှိတဲ့ မြန်မာပြည်သူလူထု ရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ကိုလည်း ဆက်လက်ရပ်တည်ထောက်ခံနေမယ်လို့ ယူကေသံရုံးက ထုတ်ပြန်ထားပါတယ်။

ပြည်ပရောက်တော်လှန်ရေးအင်အားစုတွေကလည်း တောင်ကိုရီးယားနိုင်ငံက အာဆီယံစင်တာ နဲ့ အာဆီယံနိုင်ငံတွေရဲ့ သံရုံးတွေအပါအဝင် စုစုပေါင်း နေရာ ၁၂ ခုမှာ ရှစ်လေးလုံးအရေးတော်ပုံနေ့ အထိမ်းအမှတ်လှုပ်ရှားမှုတွေပြုလုပ်ခဲ့ပါတယ်။