ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သြဂုတ် ၉ ရက်သတင်းများအနှစ်ချုပ် - လေးမျက်နှာ ရေဘေးအတွက် စီးပွားရေးသမားတွေလှူတဲ့ငွေ ၂၃ ဘီလျံကျော်တယ်လို့ နေပြည်တော်ပြော
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က ရေဘေးသင့်ဒေသတွေကို ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက်လို့ဆိုပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေက စုပေါင်းလှူဒါန်းတဲ့ကျပ်ငွေ ၂၃ ဘီလျံကျော်ရရှိပြီး ဦးမင်းအောင်လှိုင် ကိုယ်တိုင် လက်ခံခဲ့ပါတယ်။
တိုင်းမြို့တော် ပုသိမ်က မြို့တော်ခန်းမမှာ မနေ့က လုပ်တဲ့ဒီလှူဒါန်းပွဲကို စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးတွေ ကိုယ်တိုင် တက်ရောက်ခဲ့ပြီး စုစုပေါင်း လှူဒါန်းငွေ ၂၃ ဒသမ ၃၂၄ ဘီလျံကျော် ရရှိခဲ့တယ်လို့ နေပြည်တော်က သတင်းထုတ်ပြန်ပါတယ်။
ငဝန်မြစ်ရေကြောင့် မြစ်ရေကို ကာထားတဲ့တာဘောင်ကျိုးပေါက်ခဲ့ပြီး ရေဘေးသင့်ခဲ့တဲ့လေးမျက်နှာမြို့နယ်အတွက် ဦးဇော်ဝင်းရှိန်၊ ဦးမောင်ဝိတ်၊ ဦးနိုင်ဖြိုးကျော်စတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက တစ်ဦးကို မြန်မာငွေသိန်းပေါင်း သောင်းနဲ့ချီ လှူဒါန်းခဲ့ကြတာ တွေ့ရပါတယ်။
နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်အပါအဝင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ အသွင်ပြောင်းအစိုးရရဲ့ဝန်ကြီးတွေဖြစ်တဲ့ ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာစိုးဝင်းတို့က အလှူငွေ လက်ခံခဲ့ကြပါတယ်။
နောက်ထပ်ရေဘေးသင့်ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာတော့ အလှူငွေရရှိမှုနည်းပါးနေတဲ့ အခြေအနေလို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
သဖန်းဆိပ်ဆည်ရေ ဖောက်ချရာကနေ ဆည်အောက်ပိုင်းမြို့နယ်တွေ ရေနစ်မြှုပ်ခဲ့ရာ အခုဆိုရင် မြို့နယ် ၈ ခုမှာရေဘေးသင့်ဦးရေ ၁ သိန်းကျော်လာပြီလို့ စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုကနေ သိရပါတယ်။
"ကျွန်တော်တို့အဖွဲ့ဖွဲ့ပြီးချိန်မှာ လာလှူတဲ့ရံပုံငွေက သိန်း ၂၀၀ လောက်ရထားတယ်။ ဒါနဲ့ ကူညီပေးနေပါတယ်။ အဓိကတော့ အညာကိုလည်း မေ့မထားစေချင်ဘူး၊ စစ်တပ်ရန်ကိုစိုးရိမ်လို့ ကူညီဖို့ ကြောက်ရင် လျှို့ဝှက်ပြီးကူညီပေးတာမျိုး၊ စိတ်ပိုင်းဆိုင်ရာခွန်အားပေးတာမျိုးလုပ်ပေးဖို့ တခြားဒေသကပြည်သူတွေကိုတောင်းဆိုပါတယ်" လို့ စစ်ကိုင်းသပိတ်အင်အားစု၊ အရေးပေါ် ကူညီတုံ့ပြန်ရေးအဖွဲ့ဝင်ဖြစ်တဲ့ကိုရှင်းသန့်က ပြောပါတယ်။
ဒီပဲယင်း၊ ရွှေဘို၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ ဝက်လက်၊ အရာတော်နဲ့ ကန့်ဘလူစတဲ့ မြို့နယ်တွေ ရေဘေးသင့်နေပြီး စစ်ရှောင်စခန်း ၅ ခုထက်မနည်းလည်း ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
တော်လှန်ရေးစိုးမိုးနယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်းရေဘေးအတွက် ကူညီဆောင်ရွက်ပေးနေမှုနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ဘက်ကိုလည်း ဘီဘီစီက ဆက်သွယ်ထားပြီး မနက် ၁၁ နာရီအချိန်အထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
မြစ်ကြီးတွေ မြစ်ရေတိုးနေချိန် နိုင်ငံတဝန်းမိုးကြီးမယ်လို့ မိုးဇလ သတိပေး
မြန်မာနိုင်ငံထဲက မြစ်ကြီးတွေ မြစ်ရေတိုးနေချိန်မှာပဲ ဒီနေ့ကစလို့ လာမယ့် ၃ ရက်အတွင်း နိုင်ငံတဝန်း နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအချို့မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက်ပိုင်းမှာ သတိပေးပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေပြီး အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တောင်ပိုင်းနဲ့ဆက်စပ်နေတဲ့ သြရိဿပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲအရှိန်အပြင် မိုးတိမ်တောင်တွေ အားကောင်းနေတာကြောင့် မြန်မာမှာလည်း မိုးကြီးနိုင်ကြောင်း သတိပေးလာတာပါ။
ဒါအပြင် ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ ချင်းတွင်း၊ သံလွင်၊ ပဲခူး၊တိုးနဲ့ သောင်ရင်းစတဲ့မြစ်တွေ ရေတိုးနေလို့ နီးစပ်ရာမြို့တချို့ကို ရေကြီးနိုင်ကြောင်းသတိပေးချက်တွေပါ ဒီမနက်ပိုင်း မိုးဇလက ဆက်တိုက် ထုတ်ပြန်နေပါတယ်။
အထူးသဖြင့် စစ်ကိုင်းတိုင်းကိုဖြတ်သန်းစီးဆင်းနေတဲ့ ဧရာဝတီမြစ်ရေရော ချင်းတွင်းမြစ်ရေပါ စိုးရိမ်ရေအမှတ်အနီးကိုရောက်လာတာပါ။
ချင်းတွင်းမြစ်ရေကတော့ ဒီနေ့မနက်ပိုင်းမှာ မုံရွာမြို့အနီးက ကမ်းနားဘူးအထိရောက်ရှိနေပြီလို့ တော်လှန်ရေးအင်အားစုတွေစုဖွဲ့ထားတဲ့ မုံရွာမြို့နယ်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ပါတယ်။ မင်းကင်းမြို့မှာလည်း ချင်းတွင်းမြစ်ရေ ဆက်တိုက်နိုင်ကြောင်း မိုးဇလက သတိပေးထားပါတယ်။
တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ ရွှေဘို၊ ဒီပဲယင်း၊ တန့်ဆည်၊ ခင်ဦး၊ ရေဦး၊ ကျွန်းလှတို့မှာ သဖန်းဆိပ်ဆည်ရေကြောင့် ရေကြီးနေပြီး အကူအညီတွေ လိုအပ်နေပါတယ်။
ဧရာဝတီမြစ်ရေဟာ နောက် ၃၆ နာရီအတွင်း မြင်းမူမြို့ရဲ့စိုးရိမ်ရေအမှတ်ကိုပါ ရောက်လာတော့မယ်လို့ မိုးဇလက ဒီမနက်မှာ ဖော်ပြပါတယ်။
ဒါပေမဲ့ ငဝန်မြစ်ရေကြောင့် တာကျိုးခဲ့တဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာရေဘေး အခြေအနေကတော့ အိုင်သပြုကျေးရွာဘက်မှာ ရေကျနေပေမဲ့ မြစ်အောက်ပိုင်းမြို့နယ်တွေမှာ ရေတက်လာနိုင်ခြေရှိတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက ပြောပါတယ်။
"အိုင်သပြုဘက် ရေပြန်ကျပါတယ်။ ကျုံပျော်၊ ငါးသိုင်းချောင်း၊ ရေကြည်ဘက်က ရေဦးတိုးတယ်။ ဒီနေ့ရေတက်ရက်နဲ့ပါ ထပ်ကြုံရမှာမို့ စောင့်ကြည့်ရပါမယ်။ တာပြန်ပိတ်နေတုန်းပါ၊ ရေအ၀င်တော့နည်းလာပြီ" လို့ သူက ဆက်ပြောပါတယ်။
ငါးသိုင်းချောင်း၊ ရေကြည်တို့မြို့တို့နဲ့ င၀န်မြစ် တစ်ဖက်ကမ်းသာခြားတဲ့ ရခိုင်ရိုးမထိစပ် ကျေးလက်ဒေသတွေမှာတော့ အာရက္ခတပ်တော်(အေအေ)နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေပါတယ်။
စစ်ဖြစ်နေတဲ့ ရခိုင်-ဧရာအစပ်က ရွာတွေကိုပါ ရေဝင်ရောက်မှုရှိ၊ မရှိကိုတော့ ဘီဘီစီက အတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်။