ဂျပန်မှာ နိုင်ငံခြားသားတွေအမြဲတမ်းနေထိုင်ခွင့်ကြေးအဆ ၂၀ မြှင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ကယ်လီ ငါ့
- ရေးသားသူ, ကူရူမီ မိုရီ
- ရာထူးတာဝန်, တိုကျိုသတင်းထောက်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၃
ဂျပန်မှာ နိုင်ငံထဲ အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားတဲ့ နိုင်ငံခြားသားတွေကို ကောက်ယူတဲ့ အခကြေးငွေကို အဆ ၂၀ တိုးမြှင့်လိုက်ပါတယ်။ အမေရိကန်ဒေါ်လာ ၁,၂၇၀ နဲ့ ညီမျှတဲ့ ယန်း ၂ သိန်းအထိ သတ်မှတ်လိုက်တာဖြစ်ပါတယ်။
အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားသူတွေဟာ ဝင်ငွေ၊ ပင်စင်နဲ့ ဂျပန်ဘာသာစကား ကျွမ်းကျင်မှုဆိုင်ရာသတ်မှတ်ချက်အသစ်တွေကိုလည်း ပြည့်မီရတော့မှာဖြစ်ပါတယ်။
အခုလိုအခကြေးငွေတိုးမြှင့်မှု မစတင်မီခင် ကြိုလျှောက်နိုင်အောင် ကြိုးပမ်းကြလို့ လူဝင်မှု ကြီးကြပ်ရေးရုံးတွေရဲ့အပြင်ဘက်မှာ လူတန်းရှည်ကြီးကိုတောင် မြင်တွေ့ခဲ့ရပါတယ်။
တိုကျိုမြို့က အဓိကလူဝင်မှုကြီးကြပ်ရေးဗျူရိုမှာဆိုရင် စောင့်ဆိုင်းချိန် ၇ နာရီကျော်အထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အခုလိုအခကြေးငွေတိုးမြှင့်တာတွေဟာ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ လက်ထက် ဂျပန်နိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေး မူဝါဒအပြောင်းအလဲတွေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နိုင်ငံထဲ တိုးလာနေတဲ့နိုင်ငံခြားသားလူဦးရေကို စီမံခန့်ခွဲဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ဂျပန်ဟာ နိုင်ငံခြားသားအားလုံးအတွက် ဗီဇာကြေးကို ငါးဆ တိုးမြှင့်ခဲ့ပြီး ဒါဟာ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးဗီဇာကြေး မြှင့်တင်မှု ဖြစ်ပါတယ်။
အာဏာပိုင်တွေကတော့ "ငွေကြေးဖောင်းပွမှုနှုန်းနဲ့ ငွေလဲနှုန်း အတက်အကျတွေ လိုက်ပြီး လုပ်ဆောင်ရတာ'' လို့ပြောပါတယ်။
ဂျပန်မှာ လူဝင်မှုကြီးကြပ်ရေးကိစ္စဟာ နိုင်ငံရေးအရ ထိလွယ်ရှလွယ်ပြီး ကန့်သတ်မှုတွေ ရှိပေပါတယ်။ ဒါပေမဲ့ နိုင်ငံထဲ သက်ကြီးရွယ်အိုတွေ တိုးပွားလာနေတာကြောင့် လုပ်သားအင်အားလိုအပ်ချက်ပြည့်မီအောင် နိုင်ငံခြားသား အလုပ်သမားတွေအပေါ် အားထားရတဲ့အခြေအနေ ပိုပြီး ကြီးထွားလာနေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဂျပန်မှာ နေထိုင်တဲ့နိုင်ငံခြားသားဦးရေရဲ့ ၄ . ၁၂ သန်း ကျော်လွန်သွားခဲ့ပြီး ဒါဟာ အရင်နှစ်နဲ့ ယှဉ်ရင် ၉.၅ ရာခိုင်နှုန်း တိုးလာတဲ့ စံချိန်တင်အရေအတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတိုးမြှင့်မှုက လူဝင်မှုကြီးကြပ်ရေးနဲ့ လူမှုရေး ပြောင်းလဲမှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေ ပိုမိုမြင့်တက်လာစေခဲ့ပါတယ်။
၀န်ကြီးချုပ် တာကာအိချိကတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ရာထူးတာဝန် စတင်ထမ်းဆောင်ပြီးနောက် လူဝင်မှုကြီးကြပ်ရေး စီမံခန့်ခွဲတာကို သူ့ရဲ့ အဓိက ဦးစားပေးမူဝါဒတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
နေထိုင်ခွင့်ကြေးတိုးမြှင့်မှုတွေ စတင်အသက်ဝင်မယ့် ရက်ပိုင်းအလိုမှာ လူမှုကွန်ယက် X စာမျက်နှာပေါ် ရေးသားထားတဲ့ပို့စ်တခုမှာ တာကာအိချိက ဂျပန်မှာနေတဲ့ နိုင်ငံခြားသားဦးရေ တိုးပွားလာတာကြောင့် "အများပြည်သူတချို့အနေနဲ့ စိုးရိမ်မှု ဒါမှမဟုတ် မမျှတမှု ခံစားရနိုင်တယ်" ဆိုတာကို သူ့အစိုးရက နားလည်သဘောပေါက်ထားတယ်လို့ ရေးသားပါတယ်။
"ဒီစိုးရိမ်မှုတွေကို ဖြေရှင်းနိုင်ဖို့ အစိုးရက နိုင်ငံခြားသားတွေအပေါ် ချမှတ်တဲ့မူဝါဒတွေကို စနစ်တကျ ဖြစ်စေဖို့နဲ့ ဂျပန်နိုင်ငံသားတွေ၊ နိုင်ငံခြားမှာ မွေးဖွားလာသူ နေထိုင်သူတွေ နှစ်ဖက်စလုံး လုံခြုံစိတ်ချစွာ နေထိုင်နိုင်စေဖို့ ဆောင်ရွက်နေပါတယ်" လို့လည်း သူက ရေးသားခဲ့ပါတယ်။
အမြဲနေထိုင်ခွင့် ဗီဇာကြေးတိုးမြှင့်မှုတွေ မလုပ်ခင်က ဂျပန်က အမြဲတမ်းနေထိုင်ခွင့် မရှိသေးသူတွေ နေထိုင်ခွင့်အမျိုးအစား ပြောင်းလဲဖို့ ဒါမှမဟုတ် နေထိုင်ခွင့်ကာလ တိုးမြှင့်ဖို့ လျှောက်ထားတိုင်း ယန်းငွေ ၆,၀၀၀ ပေးဆောင်ရပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ကစပြီး အဲဒီကြေးဟာ လျှောက်ထားသူ တောင်းခံတဲ့နေထိုင်ခွင့်ကာလအပေါ် မူတည်ပြီး သုံးလ ဒါမှမဟုတ် အဲဒီထက်နည်းတဲ့ကာလအတွက် ယန်း ၁၀,၀၀၀ ကနေ စတင်ကာ ငါးနှစ် ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ကာလအတွက် ယန်း ၇၅,၀၀၀ အထိ သတ်မှတ်ထားပါတယ်။
ငွေကြေးအခက်အခဲကြုံတွေ့နေသူတွေ ဒါမှမဟုတ် ဒုက္ခသည်အဖြစ် သတ်မှတ်ခံထားရသူတွေကိုတော့ ဒီလိုငွေကြေးပေးဆောင်ရတဲ့ကြေး လျှော့ပေါ့ပေးမှာ ဖြစ်ပါတယ်။
အမြဲတမ်းနေထိုင်ခွင့် ရရှိလိုသူတွေဟာ အခုအခါ ဂျပန်ရဲ့ပျမ်းမျှဝင်ငွေအဆင့် ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့ ပုံမှန်ဝင်ငွေရှိရမှာဖြစ်ပါတယ်။ ဇူလိုင်လတုန်းက ထုတ်ပြန်ခဲ့တဲ့ နောက်ဆုံးအချက်အလက်တွေအရ ၂၀၂၄ မှာ အိမ်ထောင်စုတစ်စုရဲ့ပျမ်းမျှဝင်ငွေဟာ ယန်း ၅.၇၅ သန်း ဖြစ်ပါတယ်။
တိုကျိုမှာ ၁၀ နှစ်ကြာ နေထိုင်ကာ အလုပ်လုပ်ကိုင်နေတဲ့ မိကိုင်းယား စတီဗင်စ်ဟာ ဗီဇာကြေးတိုးမြှင့်တာ မတိုင်ခင် အမြဲတမ်းနေထိုင်ခွင့် လျှောက်ဖို့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို အချိန်မီ စုဆောင်းနိုင်ခဲ့တာမျိုး မရှိခဲ့ပါဘူး။
အသက် ၃၇ နှစ်အရွယ် စတီဗင်စ်ဟာ အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားဖို့ စဉ်းစားနေဆဲဖြစ်ပေမဲ့ နိုင်ငံခြားသား နေထိုင်သူတွေကို ရည်ရွယ်တဲ့စည်းမျဉ်းအသစ်တွေကိုတော့ မေးခွန်းထုတ်ခဲ့ပါတယ်။
"ကျွန်တော့်ရဲ့ပထမဆုံးတွေးထင်မိလိုက်တာက နိုင်ငံခြားသားတွေကို အလွန်အမင်း လွယ်ကူအောင် လုပ်နေသလားပေါ့။ ဒါပေမဲ့ တစ်ဖက်ကကြည့်ရင် ကျွန်တော်တို့က ပျမ်းမျှ ဂျပန်နိုင်ငံသားထက် ပိုမိုဝင်ငွေ ရရှိရမယ်၊ သိသိသာသာ ပိုမြင့်တဲ့ကြေး ပေးရမယ်၊ ဂျပန်မှာ အလုပ်လုပ်ပြီး ဒါမျိုး အခွန်တွေ ပေးဆောင်နိုင်ဖို့ အလုပ်နေရတာဖြစ်နေတယ်" သူက ဘီဘီစီကို ပြောပါတယ်။
"အရည်အချင်းရှိသူ တချို့ ဂျပန်ကို မလာနိုင်အောင် တားဆီးနေတဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှု အတားအဆီးတွေကလည်း ရှိပြီးသားပါ။ ဒါကို ရေရှည်အတွက် သေချာစဉ်းစားထားတဲ့ အစီအစဉ်တစ်ခုလို့တော့ ကျွန်တော် မမြင်ပါဘူး" လို့ သူက ဆိုပါတယ်။
လာမည့်နှစ် ဧပြီက စပြီး အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူတွေဟာ အခြေခံ ဂျပန်ဘာသာစကား ကျွမ်းကျင်မှု အပါအဝင် ပိုတင်းကျပ်တဲ့သတ်မှတ်ချက်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒေသတွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ ဂျပန်ဘာသာစကား သင်တန်းကျောင်းတွေမှာ ကျောင်းအပ်နှံသူ အရေအတွက်နဲ့ ဂျပန်ဘာသာကျွမ်းကျင်မှုစာမေးပွဲ ဖြေဆိုဖို့ စာရင်းပေးသွင်းသူ အရေအတွက် သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
လျှောက်ထားသူတွေရဲ့မျှော်မှန်း ပင်စင်ခံစားခွင့်တွေဟာ ဝန်ထမ်းပင်စင်စနစ်မှာ နှစ် ၃၀ ကြာ ပါဝင်ထားသူတယောက်ရဲ့အဆင့်နဲ့ ညီရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မျှော်မှန်းထားတဲ့ ပင်စင်ခံစားခွင့် ပမာဏ မလုံလောက်ခဲ့ရင် သူ့ရဲ့ငွေကြေးနဲ့ ပိုင်ဆိုင်မှု အခြေအနေတွေကိုလည်း ထည့်သွင်းစဉ်းစားနိုင်တာ ဖြစ်ပါတယ်။
























