တိုက်ရိုက်ထုတ်လွှင့်မှု, အမေရိကန်နဲ့နေပြည်တော်အစိုးရအဖွဲ့တွေ ဂျပန်မှာထပ်တွေ့

အမေရိကန်နဲ့နေပြည်တော်အစိုးရအဖွဲ့တွေ ဂျပန်မှာထပ်တွေ့၊ ဒေါ်လာ၊ ဓာတ်ဆီနဲ့ ရွှေဈေးမြင့်တက်ပြီး ကျပ်ငွေတန်ဖိုး ဆက်ကျနေတဲ့သတင်းအပါအဝင် အောက်တိုဘာ ၁၆ ရက် ကမ္ဘာနဲ့နိုင်ငံတဝန်းထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၄,၆၀၀ ကျော် ဆက်ဈေးပေါက်နေပြီး ဓာတ်ဆီနဲ့ ရွှေဈေးနှုန်းတွေလည်း မြင့်မားနေပါတယ်။
  • အမေရိကန်ဒေါ်လာငွေလဲနှုန်းနဲ့ ရွှေစျေးနှုန်းတက်လာလို့ မြန်မာရွှေနဲ့ငွေလဲစျေးကွက်ထဲ ဖမ်းဆီးမှုတွေရှိနေတယ်လို့ဆို။
  • ရန်ကုန်နဲ့ ဧရာဝတီက မိန်းကလေး ၂ ဦးကို တရုတ်မယားအဖြစ်ရောင်းစားဖို့လုပ်သူကို အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်ချမှတ်
  • ၂၀၂၆ ခုနှစ်မှာ ပြည်ပရောက် မြန်မာအလုပ်သမားတွေ အမေရိကန်ဒေါ် လာ ၅ ဒသမ ၆ ဘီလျံကျော် ပြန်ပို့အောင်ဆောင်ရွက်မယ်လို့ နေပြည်တော်အလုပ်သမားဝန်ကြီးပြော
  • မြန်မာကို လူသားချင်းစာနာမှုအကူအညီပေးရေး မစ်ရှင်စေလွှတ်ဖို့ အစီအစဉ်ကို အပြီးသတ်ပြင်ဆင်နေတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးက ထုတ်ပြန်၊ မစ်ရှင်စေလွှတ်မယ့်ရက်ကို အတိအကျ မသတ်မှတ်နိုင်သေး
  • ဘန်ကောက်မြို့မှာ ဒီနေ့ မနက်ပိုင်း ခရီးသည်တင်ဘတ်စ်ကားတစ်စီး အမြန်လမ်းဘေးက ကွန်ကရိဘောင်ကို ဝင်တိုက် ခရီးသည် ၁၃ ဦး ဒဏ်ရာရ
  • ဂျပန်မှာ အမေရိကန်အစိုးရအဖွဲ့နဲ့ မြန်မာစစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့အစိုးရတို့ တွေ့ဆုံ၊ ဆွေးနွေးချက်အသေးစိတ်မသိရသေး
  • အော်ရီဂွန်ပြည်နယ်က မူလတန်းကျောင်းတစ်ကျောင်းမှာ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ကလေးသုံးဦးနဲ့ ဆရာတစ်ဦး သေဆုံး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ထိုင်းမှာ မြန်မာလုပ်သား ၇၀ ကျော်ပါတဲ့ ကြိုပို့ကားမှောက်

    အောက်တိုဘာ ၁၅ ရက်၊ ညနေပိုင်း ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ထဲမှာ တိမ်းမှောက်တဲ့ ဝန်ထမ်းကြိုပို့ကားပေါ်က မြန်မာအလုပ်သမားတွေကို အရေးပေါ် ဆေးကုသမှုပေးနေတဲ့ အခြေအနေ
    ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၁၅ ရက်၊ ညနေပိုင်း ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ထဲမှာ တိမ်းမှောက်တဲ့ ဝန်ထမ်းကြိုပို့ကားပေါ်က မြန်မာအလုပ်သမားတွေကို အရေးပေါ် ဆေးကုသမှုပေးနေတဲ့ အခြေအနေ

    ထိုင်း၊ ချွန်ဘူရီခရိုင်၊ ဘိုထောင်း ရှိ နာနတ်သီးစက်ရုံက မြန်မာအလုပ်သမား ၇၀ ကျော် လိုက်ပါလာတဲ့ ဝန်ထမ်းကြိုပို့ယာဉ် တိမ်းမှောက်ခဲ့တာကြောင့် အလုပ်သမား ၅၉ ဦး ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

    အောက်တိုဘာ ၁၅ ရက် ညနေပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီမတော်တဆမှုအတွင်း ခြောက်ဘီးယာဉ် ဝန်ထမ်းကြိုပို့ကားဟာ စက်ရုံကနေ ဝန်ထမ်းအိမ်ရာဘက်ကို ပြန်ပို့ချိန်မှာ တိမ်းမှောက် တာဖြစ်ပါတယ်။

    သတင်းဓာတ်ပုံအရ ကားဟာ လမ်းဘေးကို ထိုးကျပြီး ပလက်လန်အနေအထား ဖြစ်ကာ မှောက်သွားတာဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ ထမင်းချိုင့်နဲ့ ကော်ခြင်းတွေလည်း ပြန့်ကျဲနေတာတွေ့ရပါတယ်။

    အလုပ်သမား ၇၀ ကျော်ထဲက ၉ ဦးဟာ အရေးပေါ် ဆေးကုသမှု ခံယူဖို့လိုအပ်ပြီး ၁၄ ဦးကတော့ မစိုးရိမ်ရဒဏ်ရရတယ်လို့ ထိုင်းသတင်းကဖော်ပြပါတယ်။

    နောက်ထပ် ၃၆ ဦးကတော့ ထိခိုက်ဒဏ်ရာကို ပြသဖို့ ကိုယ်တိုင်ဆေးရုံကို သွားရောက်ကြတာရှိသလို လူမှုကူညီရေးအသင်းကားနဲ့ပို့ဆောင်ပေးတာလည်းရှိတယ်လို့ ဖော်ပြပါတယ်။

    ဝန်ထမ်းတွေကို တင်ဆောင်လာတဲ့ကားဟာ ဘရိတ်ချို့ယွင်းပြီး တိမ်းမှောက်တာလို့ အသက် ၃၅ နှစ်အရွယ် ထိုင်းယာဥ်မောင်းကပြောပါတယ်။

    ဒီယာဥ်မတော်တဆမှုမှာ ထိခိုက်သူတွေရဲ့အခြေအနေနဲ့ အကူအညီရရှိမှုအခြေအနေကို သိရဖို့ ဘန်ကောက်အလုပ်သမားသံမှူးကိုဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရပါဘူး။

  2. "စက်ရုံပိတ်ရင် ဘာလုပ်စားရမလဲ"- အလုပ်ဆက်ရရေးမရေရာတဲ့မြန်မာအထည်ချုပ်လုပ်သားတွေ

    ရန်ကုန်က အထည်ချုပ်စက်ရုံတစ်ရုံထဲက အလုပ်သမားတစ်ဦး(ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, ရန်ကုန်က အထည်ချုပ်စက်ရုံတစ်ရုံထဲက အလုပ်သမားတစ်ဦး(ပုံဟောင်း)

    "အထည်ချုပ်အလုပ်ပြုတ်ရင် သူများနိုင်ငံမှာပဲ အိမ်ဖော်သွားလုပ်ရတော့မှာပေါ့။ ဈေးရောင်းစားမယ်ဆိုရင်တောင် အခုကုန်ဈေးနှုန်းနဲ့ အဆင်မပြေဘူး" လို့ ဖိနပ်ချုပ်လုပ်တဲ့ အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မငွေနှင်းက ဘီဘီစီကို ဖွင့်ဟပါတယ်။

    အသက် ၃၀ နီးပါးအရွယ် မငွေနှင်းက ရန်ကုန်မြို့၊လှိုင်သာယာစက်မှုဇုန်က ကမ္ဘာကျော်ဖိနပ်တံဆိပ်တွေချုပ်လုပ်တဲ့ အထည်ချုပ်စက်ရုံက အလုပ်သမားဖြစ်ပါတယ်။

    သူ့စက်ရုံမှာ ပြီးခဲ့တဲ့စက်တင်ဘာလကစလို့ စက်ရုံဘက်က အလုပ်ချိန်နဲ့ အလုပ်ဆင်းရက်တွေ လျှော့ချလာတာကြောင့် လစာဝင်ငွေနည်းသွားပြီး စားဝတ်နေရေးပိုကျပ်တည်းလာတယ်လို့ သူက ပြောပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်မှာ ဆက်လက်ဖတ်ရှုနိင်ပါပြီ။

  3. အမေရိကန်က မူလတန်းကျောင်းသေနတ်ပစ်ခတ်မှု ကလေးသုံးဦးနဲ့ ဆရာတစ်ဦး သေဆုံး

    သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဘန်ဒ်မြို့ရှိ Silver Rail မူလတန်းကျောင်း
    ဓာတ်ပုံ ပုံစာ, သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဘန်ဒ်မြို့ရှိ Silver Rail မူလတန်းကျောင်း

    အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်က မူလတန်းကျောင်းတစ်ကျောင်းမှာ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ကလေးသုံးဦးနဲ့ ဆရာတစ်ဦး သေဆုံးခဲ့ပြီး သေနတ်သမားကိုလည်း အခင်းဖြစ်နေရာမှာ လူတစ်ဦးက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

    အမည်ထုတ်ပြန်ထားခြင်းမရှိသေးတဲ့ သေနတ်သမားဟာ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ဘန်ဒ်မြို့ရှိ Silver Rail မူလတန်းကျောင်းကို ဝင်ရောက်ဖို့ သော့ခတ်ထားတဲ့ တံခါးတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဘန်ဒ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ မိုက်ခ် ခရန့်ဇ်က ပြောပါတယ်။

    အဲဒီနောက် သေနတ်သမားကို ရပ်ရွာနေထိုင်သူတစ်ဦးက ကျောင်းအတွင်းအထိ လိုက်လံပြီး ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်ခဲ့တာကြောင့် သေနတ်သမား သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

    သေဆုံးခဲ့တဲ့ ကလေးတွေဟာ အသက်ငါးနှစ်၊ ရှစ်နှစ်နဲ့ ၁၁ နှစ်အရွယ်တွေ ဖြစ်ပါတယ်။ အသက်ခုနစ်နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၅၄ နှစ်အရွယ် ဆရာတစ်ဦးတို့ကိုလည်း ဒဏ်ရာပြင်းထန်တဲ့ အခြေအနေနဲ့ ဆေးရုံပို့ထားရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

    သေနတ်သမားနဲ့ အဲဒီကျောင်းကြား ဆက်နွှယ်မှုရှိ၊ မရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။

    “အဓိပ္ပာယ်မဲ့တဲ့ ဒီဖြစ်ရပ်ဆိုးကြောင့် ကျွန်တော်တို့ အလွန်တုန်လှုပ်ပြီး ဝမ်းနည်းကြေကွဲရပါတယ်။ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုလုံး ခံစားနေရတဲ့ ဝမ်းနည်းမှုကို ဘယ်စကားလုံးနဲ့မှ လုံလောက်အောင် ဖော်ပြနိုင်မှာ မဟုတ်ပါဘူး” လို့ ဘန်ဒ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ မိုက်ခ် ခရန့်ဇ်က ပြောပါတယ်။

    Silver Rail မူလတန်းကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ ၄၅၀ ဝန်းကျင် တက်ရောက်နေပြီး အရွယ်ရောက်ဝန်ထမ်း ၄၀ ကျော် ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

    K-12 School Shooting Database ရဲ့ အချက်အလက်တွေအရ အမေရိကန်ကျောင်းတွေမှာ မနှစ်က သေနတ်ပစ်ခတ်မှုဖြစ်စဉ် ၂၃၅ ခု ဖြစ်ပွားခဲ့ပြီး ဒီနှစ်အတွင်းမှာလည်း အခုအချိန်အထိ အနည်းဆုံး ၁၄၀ မှု ရှိခဲ့ပါတယ်။

  4. အမေရိကန်နဲ့နေပြည်တော်အစိုးရအဖွဲ့တွေ ဂျပန်မှာထပ်တွေ့ - ရိုက်တာသတင်း

    အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်ဝန်ကြီး မိုက်ကယ် ဗန့်စ်
    ဓာတ်ပုံ ပုံစာ, အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်ဝန်ကြီး မိုက်ကယ် ဗန့်စ် (ပုံဟောင်း)

    ဂျပန်မှာ အမေရိကန်အစိုးရအဖွဲ့နဲ့ မြန်မာစစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့အစိုးရတို့ ပြီးခဲ့တဲ့ တပတ်က တွေ့ဆုံခဲ့တယ်လို့ ဒီအခြေအနေသိရှိသူရဲ့စကားကိုအခြေခံပြီး ရိုက်တာသတင်းက ဒီနေ့ဖော်ပြပါတယ်။

    ဒါဟာ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးမှုနောက်ပိုင်း ဝါရှင်တန်ဘက်က မြန်မာစစ်ဗိုလ်ချုပ်တွေကို ပြန်လည်ဆက်ဆံလာတဲ့ ခြေလှမ်းတွေထဲက ဒုတိယအကြိမ်တွေ့ဆုံမှု ဖြစ်ပါတယ်။

    အခုတကြိမ် ဂျပန်က တွေ့ဆုံမှုမှာ ဘယ်ခေါင်းစဥ်ကို အဓိကဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ တွေ့ဆုံမှုကိုသိရှိသူ ၃ ဦးရဲ့ ပြောပြချက်ကို အခြေခံပြီး ရိုက်တာက ဖော်ပြပါတယ်။

    ရိုက်တာရဲ့သတင်းအရင်းအမြစ်မှာ အမေရိကန်အရာရှိတစ်ဦးလည်းပါဝင်ပြီး အားလုံးက အမည်မဖော်ဘဲ ဖြေကြားပေးထားတာပါ။

    တိုကျိုဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်ဝန်ကြီး မိုက်ကယ် ဗန့်စ်က ထပ်ဦးဆောင်လာပြီး အမေရိကန် အရာရှိ ၁၂ ဦးကျော် ပါဝင်တယ်လို့ ဆိုပါတယ်။

    မြန်မာဘက်က ကိုယ်စားပြုတက်ရောက်လာသူကိုတော့ မသိရသေးဘဲ ရိုက်တာရဲ့မေးမြန်းချက်ကို နေပြည်တော်ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်တာမရှိသေးဘူးလို့ ဖော်ပြပါတယ်။

    ပြီးခဲ့တဲ့လကလည်း နှစ်နိုင်ငံတွေ့ဆုံမှုရှိခဲ့တယ်လို့ ရိုက်တာသတင်းကဖော်ပြခဲ့ပါတယ်။

    စက်တင်ဘာလလယ်ပိုင်းတွေ့ဆုံမှုမှာတော့ မြန်မာကဖမ်းထားတဲ့ အမေရိကန်စီးပွားရေးသမား ပြန်လွှတ်ပေးရေးနဲ့ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ငွေလိမ်စင်တာတွေပိတ်ပေးရေး ကို အဓိကထားဆွေးနွေးခဲ့ကြတာပါ။

    ဒါပေမဲ့ မြေရှားအရေးလိုမျိုး ပိုပြီးကျယ်ပြန့်တဲ့ ဆွေးနွေးချက်တွေကိုလည်း လမ်းကြောင်း ပေးပြောခဲ့နိုင်တယ်လို့ ရိုက်တာသတင်းကဆိုပါတယ်။

    အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အမေရိကန် အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။

    ဆွေးနွေးပွဲကို လက်ခံကျင်းပပေးတဲ့ ဂျပန်နိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ မေးမြန်းချက်ကိုတော့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်ဖက်စလုံးနဲ့ “လိုအပ်သလို ဆက်သွယ်ဆောင်ရွက်နေခဲ့ပါတယ်” လို့ အီးမေးလ်ကနေ ရိုက်တာကိုဖြေပါတယ်။

  5. ဘန်ကောက် ခုံးကျော်အမြန်လမ်းပေါ် ဘတ်စ်ကားတိုက်မှု ၁၃ ဦး ဒဏ်ရာရ

    ဘန်ကောက်မိုးပျံ အမြန်လမ်း အမှတ် ၂
    ဓာတ်ပုံ ပုံစာ, ဘန်ကောက်မိုးပျံ အမြန်လမ်း အမှတ် ၂

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အောက်တိုဘာ ၁၆ ရက် ဒီကနေ့ မနက်ပိုင်းက ခရီးသည်တင်ဘတ်စ်ကားတစ်စီး အမြန်လမ်းဘေးက ကွန်ကရိဘောင်ကို ဝင်တိုက်ခဲ့တာကြောင့် ခရီးသည် ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

    မနက် ၇ နာရီ ၃၅ မိနစ်မှာ အမြန်လမ်း ၂၊ ငါးမ်ဝေါင်ဝမ် ၁ အတက်လမ်းမှာ ဖြစ်ပွားခဲ့တာလို့ JS100 Radio က ဖော်ပြပါတယ်။

    ဘတ်စ်ကားဟာ လမ်းဘေးကို ဝင်တိုက်ခဲ့ပြီး အမြန်လမ်းဘေးရှိ ကွန်ကရိတုံး ‌‌ပေါ်က သံဘောင်က ကာခေါင်းကို ထိုးဖောက်ဝင်သွားခဲ့ပါတယ်။ မတော်တဆမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ခဲ့ပြီး ယာဉ်သွားလမ်းကြောင်းနှစ်ခုနဲ့ လမ်းဘေးယာဉ်ရပ်နားနေရာတို့ကို ပိတ်ထားခဲ့ရပါတယ်။

    ကယ်ဆယ်ရေးအဖွဲ့တွေက ဒဏ်ရာရသူတွေကို အခင်းဖြစ်နေရာမှာ ရှေးဦးသူနာပြုစုမှုတွေလုပ်ပေးပြီး အနီးအနားရှိ ဆေးရုံတွေကို ပို့ဆောင်ခဲ့ပါတယ်။

    ယာဉ်မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာအာဏာပိုင်တွေက ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။

  6. မြန်မာကို လူသားစာနာအကူအညီပေးရေးပြင်ဆင်နေ - ဖိလစ်ပိုင်နိုင်ငံခြားရေး

    ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဇာလာဇာရို
    ဓာတ်ပုံ ပုံစာ, ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဇာလာဇာရို

    ၂၀၂၆ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေး မစ်ရှင်စေလွှတ်ဖို့ အစီအစဉ်ကို အပြီးသတ်ပြင်ဆင်နေတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    မစ်ရှင်စေလွှတ်မယ့်ရက်ကို အတိအကျ မသတ်မှတ်နိုင်သေးပေမဲ့ အစီအစဉ်ကို အပြီးသတ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒက်စ် အင်ပီရီယယ်က အောက်တိုဘာ ၁၄ ရက်မှာ ပြောပါတယ်။

    မြန်မာ့အရေးဆိုင်ရာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဇာ လာဇာရိုက အဲဒီမစ်ရှင်ကို ၂၀၂၆ ခုနှစ် နောက်ဆုံးသုံးလအတွင်း ဦးဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လမှာ ပြောထားတာဖြစ်ပါတယ်။

    အကူအညီလိုအပ်နေတဲ့ မြန်မာက ဒေသတွေကို လူသားချင်းစာနာမှုအကူအညီတွေ ပိုမိုရောက်ရှိနိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ဒီအဆိုပြုချက်ကို သက်ဆိုင်သူအားလုံးက ထောက်ခံထားတယ်လို့လည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

    မစ်ရှင် မြန်မာထဲ ဝင်ရောက်နိုင်ဖို့ ‌‌နေပြည်တော်အစိုးရကို ခွင့်ပြုချက်တောင်းခံသွားမှာဖြစ်တယ်လို့ လာဇာရိုက အရင်က ပြောထားပါတယ်။

    အဲဒီမစ်ရှင်ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့အခြေစိုက် အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းရေးဗဟိုဌာန (AHA Centre)၊ ကုလသမဂ္ဂနဲ့ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

    လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာတော့ မြန်မာ့အရေးဖြေရှင်းဖို့ ချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက် ငါးချက် (5PC) ကို အကောင်အထည်ဖော်ရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချသွားမယ်လို့ အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    ဘုံသဘောတူညီချက် ငါးချက်ဟာ မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းဖို့ အာဆီယံက အသုံးပြုနေတဲ့ အဓိကမူဘောင်ဖြစ်ပါတယ်။

  7. ပြည်ပရောက်မြန်မာလုပ်သားတွေဆီကနေ ဒေါ်လာ ၅ ဘီလျံကျော်ပြန်ပို့အောင်လုပ်မယ်- နေပြည်တော်အလုပ်သမားဝန်ကြီး

    အောက်တိုဘာ ၁၅ ရက် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာတွေ့ရတဲ့ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်
    ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၁၅ ရက် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာတွေ့ရတဲ့ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်

    ၂၀၂၅ ခုနှစ်က ပြည်ပရောက်မြန်မာအလုပ်သမားတွေဆီကနေ မိသားစုဆီလွှဲပို့ငွေ အမေရိကန်ဒေါ် လာ ၅ ဒသမ ၆ ဘီလျံကျော်ရခဲ့တဲ့အတိုင်း ၂၀၂၆ နှစ်မှာလည်း အဲဒီပမာဏ ရရှိအောင်ဆောင်ရွက်မယ်လို့ နေပြည်တော်အလုပ်သမားဝန်ကြီးဦးမောင်မြင့်ကပြောပါတယ်။

    အောက်တိုဘာ ၁၅ ရက်မှာပြုလုပ်တဲ့ တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ ပြောသွားတာပါ။

    တရားမဝင်ပြည်ပအလုပ်သမားလျှော့ချရေးနဲ့ အစိုးရဘဏ်ကနေ ငွေလွှဲပို့ရေး လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ မြောက်ဒဂုံပြည်သူ့လွှတ်တော်အမတ် ဦးတင့်ဝေမေးမြန်းချက်ကို ပြန်ဖြေချိန်မှာ ပြော တာပါ။

    အလုပ်သမားတွေ ငွေပြန်ပို့နိုင်အောင် AD လိုင်စင်ရဘဏ် ၁၆ ခု နဲ့ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ရ ကုမ္ပဏီ ၁၈ ခုကို ပြည်ပငွေလွှဲလုပ်ငန်း လုပ်ခွင့်ပေးထားတယ်လို့ အလုပ်သမားဝန်ကြီးက ပြောပါတယ်။

    ၂၀၂၄ ခုနှစ် သြဂုတ်လကစပြီး ပြည်ပရောက်အလုပ်သမားတွေအနေနဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုထံပြန်ပို့ဖို့ အလုပ်သမားဝန်ကြီးဌာနက တင်းကျပ်ခဲ့တာပါ။

    ပထမအဆင့်အနေနဲ့ MoU စနစ်နဲ့အလုပ်သမားပို့ဆောင်နေတဲ့ ကုမ္ပဏီတွေက ပို့လိုက်တဲ့ အလုပ်သမားတွေရဲ့ လွှဲပို့ငွေအထောက်အထားတွေ ပြဖို့ အေဂျင်စီတွေကို ညွှန်ကြားပါတယ်။

    ဒီနှစ်ထဲမှာတော့ ခွင့်ပြန်အလုပ်သမားတွေ ပြည်ပပြန်လည်ထွက်ခွာခွင့်နဲ့ OWIC လျှောက်ရာမှာ မိသားစုလွှဲပို့ငွေနဲ့ ဝင်ငွေခွန်အထောက်အထားတွေ မဖြစ်မနေပြသဖို့ သတ်မှတ်ထားပါတယ်။

    တဖက်မှာလည်း အလုပ်သမားတွေရဲ့ လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းရအောင်မလုပ်နိုင်တဲ့ ‌အေဂျင်စီအချို့ကို လိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူထားပါတယ်။

    အခုလက်ရှိထိုင်းက CI ထုတ်ပေးရေးစခန်းတွေမှာ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI လျှောက်ထားတဲ့အလုပ်တွေကိုလည်း မိသားစု လွှဲပို့ငွေ ၃ လစာသက်သေပြဖို့ လိုအပ်ပါတယ်။

    ဒီအထောက်အထားတောင်းခံတဲ့အပေါ်မှာလည်း စမွတ်ဆာခွန် CIစခန်းက မိသားစုလွှဲပို့ငွေအထောက်အထားမပြနိုင်ရင် ဘတ်ငွေ ၆၀၀ တောင်းခံ‌နေတယ်လို့ CI ပွဲစားတချို့ဆီကနေ သိရပါတယ်။

    ဒီအချက်နဲ့ပတ်သက်လို့ ဘီဘီစီက အလုပ်သမားဝန်ကြီးဌာနဘက်ကို မေးမြန်းထားဆဲဖြစ်ပါတယ်။

    ထိုင်းရောက်အလုပ်သမားအရေးလှုပ်ရှားနေသူတွေကတော့ အလုပ်သမားဝန်ကြီးဌာနဟာ အလုပ်သမားအခွင့်အရေးနဲ့ကူညီဆောင်ရွက်စရာတွေကို မျက်ကွယ်ပြုထားပြီး မိသားစုလွှဲပို့ငွေနဲ့ အခွန်ကိုသာ ဖိအားပေးတောင်းခံနေတယ်လို့ ထောက်ပြပြောဆိုထားကြပါတယ်။

  8. တရုတ်လာစိုက်တဲ့မယ်ရီဂိုးပန်းခင်းတွေနဲ့ ဈေးနှိမ်ခံရတဲ့ရှမ်းတောင်သူတွေ

    မယ်ရီဂိုးပန်းခင်းထဲမှာ ကတ်ကြေးနဲ့ ပန်းညှပ်နေတဲ့ အမျိုးသမီးတစ်ဦး
    ဓာတ်ပုံ ပုံစာ, ရှမ်းပြည်နယ်တောင်ပိုင်းက ကလော၊ ဟဲဟိုးနဲ့ ပင်းတယမှာ တရုတ်က ကန်ထရိုက်လယ်ယာစနစ်နဲ့ မယ်ရီဂိုးပန်းတွေ လာစိုက်နေပါတယ်

    ကမ္ဘာ့ဈေးကွက်မှာ အမေရိကန်ဒေါ်လာသန်း ၄၀၀ ကျော်ဈေးကွက်တန်ဖိုးရှိနေတဲ့ မယ်ရီဂိုးပန်းတွေကို ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဧကအများအပြားစိုက်ပျိုးလာကြပါတယ်။

    "ဒီနှစ်စိုက်တဲ့ဧက အများဆုံးပဲ။ တောင်သူက တစ်ထောင်လောက်ရှိမယ်" လို့ ပင်းတယမြို့နယ်က တောင်သူဦးကောင်း(အမည်လွှဲ)က ပြောပါတယ်။

    ဒီပန်းတွေကို တရုတ်ကုမ္ပဏီတွေအတွက် မြေစိုက်၊ လုပ်အားစိုက်ပြီး ကန်ထရိုက်လယ်ယာစနစ်နဲ့ စိုက်ပေးကြရတာ ဖြစ်ပါတယ်။

    ဈေးကွက်မသေချာတဲ့ပြောင်းစိုက်ပျိုးရေးအစား မယ်ရီဂိုးတွေက ကယ်ပေါက်တစ်ခုဖြစ်လာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ စိုက်ပျိုးကြတာပါ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

  9. တရုတ်ဇနီးမယားအဖြစ်ရောင်းစားသူကို အလုပ်နဲ့ထောင်ဒဏ် ၁၀နှစ်ချ, TikTokမှာ တရုတ်ဇနီးမယား အလုပ်ခေါ်စာတွေအများအပြားဆက်ရှိနေဆဲ

    တရုတ်မယားလုပ်ဖို့ ခေါ်တဲ့ TikTokအကောင့်တစ်ခု
    ဓာတ်ပုံ ပုံစာ, တရုတ်မယားလုပ်ဖို့ ခေါ်တဲ့ TikTokအကောင့်တစ်ခု

    ရန်ကုန်နဲ့ ဧရာဝတီတိုင်းက မိန်းကလေး ၂ ဦးကို တရုတ်မယားအဖြစ်ရောင်းစားဖို့ လုပ်တဲ့ မခိုင်သဇင်ထွန်း(ခ)မခိုင် ဆိုသူကို အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ ‌‌ရဲတပ်ဖွဲ့ရဲ့ သတင်း‌တွေအရ သိရှိရပါတယ်။

    သူဟာ တရုတ်မယားအဖြစ် ၆ လကနေ ၁ နှစ်လုပ်ပေးရင် ယွမ် ၃၀,၀၀၀(သိန်း ၂၀၀ကျော်ဝန်းကျင်) ရမှာဖြစ်သလိုလစဥ်မုန့်ဖိုးသိန်း ကျပ် သိန်း ၂၀ ကနေ ၃၀ ကြားပေးမယ်လို့ TikTok ကနေ မက်လုံးပေး ခေါ်ယူခဲ့တာလို့ ဆိုပါတယ်။

    ရန်ကုန်- တွံတေးနဲ့ ဧရာဝတီ- ဝါးခယ်မမြို့တွေက မိန်းကလေး ၂ ဦးကို ရန်ကုန် မြောက်ဥက္ကလာက တည်းခိုခန်းတစ်ခုကိုခေါ်ဆောင်လာခဲ့တာ ကနေ စိစစ်ပေါ်ပေါက်တယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

    မန္တလေး လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့က အမှုဖွင့်တဲ့ ဒီအမှုကိုအောက်တိုဘာ ၁၆ ရက်က မဟာအောင်မြေခရိုင်တရားရုံးမှာ အမိန့်ချမှတ်ခဲ့တာပါ။

    တရုတ်မယားအဖြစ်ခေါ်ဆောင်သူတွေကို မကြာခဏဖမ်းဆီးတာ၊ ထောင်ဒဏ်ချမှတ်တာတွေရှိပေမဲ့ TikTok မှာတော့ အလုပ်အကိုင်တစ်ခုအဖြစ် ခေါ်ယူနေတဲ့ ရုပ်သံတွေ အများအပြား ရှိနေဆဲဖြစ်ပါတယ်။

    အများစုက တရုတ်နိုင်ငံထဲကို တရားမဝင်ပို့ဆောင်ကြတာဖြစ်ပါတယ်။

    အလုပ်ခေါ်တဲ့ TikTok အကောင့်တွေကပဲ တရုတ်မယား မလုပ်ချင်လို့ ထွက်ပြေးလိုသူတွေကို ခေါ်ထုတ်ပေး တယ်ဆိုပြီး ကြော်ငြာနေတာလည်းရှိပါတယ်။

    ဒီနှစ်ဇူလိုင်လတုန်းက တရုတ်ဘက်ခြမ်း၊ ကျန်းရှီးမြို့မှာ တရုတ်မယားအဖြစ် ‌ရောင်းစားခံရတာကနေ ထွက်ပြေးတဲ့ မြန်မာမိန်းကလေးတစ်ဦးကတော့ တိုက်ပေါ်ကနေ ပြုတ်ကျသေဆုံးမှု ဖြစ်ခဲ့ပါတယ်။

  10. ဒေါ်လာ၊ စက်သုံးဆီနဲ့ ရွှေဈေး ဆက်မြင့်တက်၊ ကျပ်ငွေတန်ဖိုး အနည်းငယ်ပြန်တက်

    မြန်မာကျပ်နဲ့ ဒေါ်လာငွေလဲစျေးကွက်
    ဓာတ်ပုံ ပုံစာ, မြန်မာကျပ်နဲ့ ဒေါ်လာငွေလဲစျေးကွက်

    အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၄,၅၀၀ ကျော်ဝန်းကျင် စျေးဆက်ပေါက်နေပြီး ဓာတ်ဆီနဲ့ ရွှေဈေးနှုန်းတွေလည်း အမြင့်စျေးမှာ ဆက်ရှိနေပါတယ်။

    အောက်တိုဘာ ၁၆ ရက် မနက်ပိုင်း ငွေလဲဈေးကွက်လုပ်ကိုင်သူတွေရဲ့ ပြောကြားချက်အရ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၄,၅၆၀၀ ဝန်းကျင်စျေးဆက်ပေါက်နေပြီး ကျပ်ငွေတန်ဖိုး အနည်းငယ်ပြန်တက်လာတယ်လို့ ဆိုပါတယ်။

    '' မြန်မာ‌‌ငွေ‌စျေးကွက်ထဲမှာ အတက်အကျအရမ်းကြမ်း‌နေတယ်။ဒီမနက်ပိုင်း‌တော့ ‌စျေးမငြိမ်‌သေးဘူး။ဒေါ်လာနဲ့ ဘတ်က နည်းနည်း‌တော့ ‌ကျလာပြီ။ ကျပ်ပြန်တက်လာတယ်။စျေးကွက်မငြိမ်ဘူး'' လို့ တာချီလိတ်က ငွေလဲလုပ်ကိုင်သူ တစ်ဦး က‌ပြောပါတယ်။

    မြဝတီ-မဲဆောက်၊ တာချီလိတ်-မယ်ဆိုင် နယ်စပ်ငွေလဲဈေးကွက်မှာလည်း ထိုင်းဘတ်တစ်ဘတ်ကို မြန်မာကျပ်ငွေ ၁၃၂ ကျပ်ကနေ ၁၃၅ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေပြီး မြန်မာကျပ်ငွေတစ်သိန်းကို ထိုင်းဘတ် ၇၅၀ ကနေ ၇၅၅ ဘတ်ဝန်းကျင် ဈေးပေါက်နေပါတယ်။ ဒါပေမဲ့ မနေ့က စျေးကွက်ပေါက်စျေး ငွေလဲနှုန်းထက် အနည်းငယ်ပြန်ကျတယ်လို့ သိရှိရပါတယ်။

    '' မြန်မာငွေစျေးကွက်မငြိမ်တဲ့ပြဿနာက မြန်မာတွေကလည်း နည်းနည်းတက်ပြီဆိုတာနဲ့ အတင်းလိုက်ဝယ်တာ အဲဒီတော့ ဒေါ်လာ လက်ကြီးသမားတွေက အမြင့်စျေးကိုဆွဲတင်ထားတာ၊ ဒါပေမဲ့ပုံမှန်ကိုက စျေးကအမြင့်ဆုံးတက်ပြီးရင် ပြန်ကျလာမှာပဲ။ အခု ပြန်ကျတယ်ဆိုတာ ပြည်တွင်းနိုင်ငံရေးနဲ့ ငွေစျေးကွက်မငြိမ်တာလည်းပါတယ်။ ဒါပေမဲ့ လူတွေက မချိန်ဆပဲ စျေးကွက်နောက်လိုက်တာလည်းပါတယ်'' လို့ ပြည်တွင်းက ဟွန်ဒီငွေလဲစျေးကွက်က ငွေလဲလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

    ရန်ကုန်မြို့မှာ စက်သုံးဆီတစ်လီတာဈေးနှုန်းတွေက ဓာတ်ဆီ (92) တစ်လီတာကို ၄,၇၀၅ ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာကို ၄,၈၅၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၄,၄၈၅ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၅,၄၄၀ ကျပ် အသီးသီး ဈေးပေါက်နေပါတယ်။

    မန္တလေးအပါအဝင် နယ်မြို့ကြီးတွေမှာတော့ တရားဝင်စက်သုံးဆီဈေးနှုန်းတွေဟာ ရန်ကုန်ဈေးနှုန်းထက် တစ်လီတာကို ကျပ် ၁၀၀ ကျော် ကနေ ၂၀၀ ကျော်အထိ ပိုမိုမြင့်မားနေပါတယ်။

    ပြည်တွင်းရွှေဈေးကွက်မှာတော့ ၁၆ ပဲရည် အကယ်ဒမီရွှေတစ်ကျပ်သားရဲ့ ပြင်ပဈေးဟာ အောက်တိုဘာ ၁၅ ရက် ညနေပိုင်း ဈေးကွက်ပိတ်ချိန်မှာ ကျပ် ၁၀၃ သိန်းခွဲရှိခဲ့ပါတယ်။

    ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ တရားဝင်ရည်ညွှန်းဈေးကတော့ တစ်ကျပ်သားကို ကျပ် ၇၁ သိန်းဖြစ်ပြီး ပြင်ပဈေးကွက်နဲ့ သိသိသာသာ ကွာဟနေပါတယ်။

    ကမ္ဘာ့ဈေးကွက်မှာလည်း အောက်တိုဘာ ၁၅ ရက်က ရွှေဈေးဟာ အမေရိကန်ဒေါ်လာ အားပျော့လာမှုနဲ့ အမေရိကန်အစိုးရငွေချေးစာချုပ် အတိုးနှုန်းတွေ ကျဆင်းလာမှုတို့ကြောင့် သုံးရက်ဆက်တိုက် ကျဆင်းခဲ့ပြီးနောက် တစ်အောင်စကို ဒေါ်လာ ၄,၁၅၃ ဝန်းကျင်အထိ ပြန်တက်လာခဲ့ပါတယ်။

    ရေနံဈေးကတော့ အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုတွေနဲ့ ရေနံထောက်ပံ့မှုအပေါ် စိုးရိမ်မှုတွေကြားမှာ မြင့်မားနေဆဲဖြစ်ပေမဲ့ အောက်တိုဘာ ၁၆ ရက်မှာ အနည်းငယ်ပြန်ကျခဲ့ပါတယ်။

    မြန်မာမှာတော့ နိုင်ငံခြားငွေရရှိနိုင်မှု အကန့်အသတ်တွေ၊ ဒေါ်လာဝယ်လိုအားနဲ့ ကျပ်ငွေအပေါ် ယုံကြည်မှုတို့အပါအဝင် ပြည်တွင်းစီးပွားရေးအခြေအနေတွေက ငွေလဲနှုန်းနဲ့ ကုန်ဈေးနှုန်းတွေအပေါ် သက်ရောက်နေပါတယ်။

    နေပြည်တော်အစိုးရနဲ့ ဆက်ဆံရေး‌ကောင်း‌‌နေတဲ့ ဘယ်လာရုစ်နိုင်ငံရဲ့ ဘဏ်နှစ်ခုကနေ ပို့ကုန်ချေးငွေယူဖို့နဲ့ မြန်မာဗဟိုဘဏ်ဆီက ကျပ် ၂.၁ ထရီလီယံအထိ ချေးယူမယ့်အစီအစဉ်တွေကို ‌ အောက်တိုဘာ ၁၄ ရက် နေပြည်တော်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

    ဒီအစီအစဉ်တွေကို လွှတ်တော်က အတည်ပြုချိန်မှာ ပြည်တွင်းပြင်ပငွေလဲဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ်ငွေဈေးတွေ မြင့်တက်နေပြီး ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေတာဖြစ်ပါတယ်။

    တဖက်မှာလည်း ကမ္ဘာ့ရွှေဈေးနဲ့ စက်သုံးဆီတင်သွင်းစရိတ်တွေ မြင့်တက်လာတာအပြင် ကျပ်ငွေတန်ဖိုးကျဆင်းမှုကလည်း ပြည်တွင်းရွှေဈေးနဲ့ စက်သုံးဆီဈေးနှုန်းတွေ မြင့်မားနေစေတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်နေပါတယ်။

    ပြည်တွင်စျေးကွက်မှာ အမေရိကန်ဒေါ်လာငွေလဲနှုန်းနဲ့ ရွှေစျေးနှုန်းတက်လာလို့ မြန်မာရွှေနဲ့ငွေလဲစျေးကွက်ထဲ ဖမ်းဆီးမှုတွေရှိနေတယ်လို့လည်း သတင်း‌တွေထွက်ပေါ် နေပါတယ်။

  11. မင်္ဂလာပါ။

    အောက်တိုဘာလ ၁၆ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

    ဆက်လက်ဖတ်ရှုကြဖို့လည်း ဖိတ်ခေါ်ပါတယ်။​