မလေးရှားတောင်ပိုင်း ဂျိုဟိုးပြည်နယ်မှာ တရားမဝင်မြန်မာ ၁၇ ဦးဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, Jabatan Imigresen Malaysia Negeri Johor
မလေးရှားနိုင်ငံတောင်ပိုင်း၊ ဂျိုဟိုးပြည်နယ် ကမ်းရိုးတန်းမြို့ မုအာက စီးပွားရေးလုပ်ငန်းတွေ၊ ဒူးရင်းသီးစိုက်ခင်းတွေနဲ့ လူနေအိမ်တွေကို စစ်ဆေးခဲ့ပြီးနောက် တရားမဝင် မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့မှာစတင်တဲ့ တရားဝင်အထောက်အထားမရှိဘဲ အလုပ်လုပ်သူတွေကို ဖမ်းဆီးတဲ့ စစ်ဆေးမှုတွေမှာ တရားမဝင်နိုင်ငံခြားသား ၃၆ ဦး ဖမ်းမိပြီး မြန်မာအမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၇ ဦး ပါဝင်ပါတယ်။
ဒါအပြင် အင်ဒိုနီးရှား အမျိုးသား ၁၃ ဦး၊ ဘင်္ဂလားဒေ့ရှ် အမျိုးသမီး ၂ နဲ့ ဗီယက်နမ် အမျိုးသမီး ၁ ဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ၁၆ နှစ်ကနေ ၅၄ နှစ်အရွယ်ရှိသူတွေဖြစ်ပြီး အထောက်အထား မရှိသူတွေကို အလုပ်လုပ်ခွင့်ပေးထားတဲ့ လုပ်ငန်းရှင်နှစ်ဦးကိုပါ ဖမ်းဆီးခဲ့ကြောင်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ဖော်ပြပါတယ်။
မလေးရှားဘာသာစကားနဲ့ အော်ပရာစီလို့ခေါ်တဲ့ တရားမဝင်အလုပ်လုပ်သူတွေကို စီမံချက်နဲ့ ဖမ်းဆီးမှုတွေဟာ ဂျိုဟိုးပြည်နယ်အပြင် မလေးရှားနိုင်ငံတဝန်းမှာလည်းရှိနေကြောင်း မလေးရှားရောက်မြန်မာတွေဆီကနေ သိရပါတယ်။
“အော်ပရာစီ ဝင်ဖမ်းတာတွေက ကွာလာလမ်ပူမြို့ပေါ်က သူဋ္ဌေးရပ်ကွက်တွေကိုပါ ဝင်ဖမ်းနေတာလေ။ အခုရက်ပိုင်းမှာတင် သုံးရက်ဆက်တိုက် ဝင်ဖမ်းနေလို့ ကျွန်မအသိတွေဆို ထွက်ပြေးနေရတယ်” လို့ ကွာလာလမ်ပူမြို့နေ မြန်မာတစ်ဦးက ပြောပါတယ်။
မလေးရှားနိုင်ငံတစ်ဝန်းမှာ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ၂၀ ရှိပြီး မလေးရှားအစိုးရရဲ့ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်အထိ အဲဒီစခန်းတွေမှာ နိုင်ငံခြားသား ၂၂,၁၆၆ ဦး ထိန်းသိမ်းခံထားရပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားက ၁၁,၁၉၄ ဦးနဲ့ အများဆုံးပါဝင်ပါတယ်။
မလေးရှားရောက် ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံသား ၅,၀၀၀ ကို ပြန်ပို့မယ်လို့ အာဏာပိုင်တွေက ကြေညာခဲ့ပြီးနောက် အောက်တိုဘာလဆန်းပိုင်းမှာပဲ ပထမအသုတ်အဖြစ် မြန်မာ ၁,၄၇၆ ဦးကို ပြန်ပို့ခဲ့ပါတယ်။
ဒါအပြင် မလေးရှားလွှတ်တော်ကလည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees) ကနေ အထောက်အထားပြုလုပ်ပေးတာတွေကိုရပ်ဖို့ ဇူလိုင်လထဲက ဆုံးဖြတ်ခဲ့ပါတယ်။
အခုရက်ပိုင်းမှာတော့ UNHCR လက်မှတ်မလေးရှားမှာ ဆက်ထုတ်ပေးတာတွေရှိနေတယ်ဆိုပြီး လွှတ်တော်အမတ်က ဝေဖန်တဲ့ဖြစ်စဉ်တွေလည်း ဆက်တိုက်ဖြစ်နေပါတယ်။




