မေ ၃၁ ရက်သတင်းအနှစ်ချုပ် - "မြန်မာ့ပြည်တွင်းစစ်ဟာ အာဆီယံအတွက်အစွန်းအထင်းဖြစ်စေ" - အရှေ့တီမော သမ္မတ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

မြန်မာက ပြည်တွင်းစစ်ကြောင့် နိုင်ငံရဲ့ စီးပွားကျဆင်းသလို နိုင်ငံထဲက သာမန်ပြည်သူအရပ်သားတွေ၊ လယ်သမားနဲ့ စာသင်ကြားနေကြတဲ့ ကျောင်းသားလူငယ်တွေ ဒုက္ခတွေနဲ့ ရင်ဆိုင်နေတယ်လို့ အရှေ့တီမော သမ္မတ ဟိုဆေး ရာမို့ ဟော်တာက ပြောလိုက်ပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ ဒေသတွင်း ထိပ်တန်းကာကွယ်ရေးဆိုင်ရာ ဖိုရမ်တစ်ခုဖြစ်တဲ့ ၂၀၂၆ ရှန်ဂရီလာဆွေးနွေးပွဲမှာ မနေ့ မေလ ၃၀ ရက်က တက်ရောက် ဆွေးနွေးချိန် သူက ခုလိုပြောတာဖြစ်ပါတယ်။

မြန်မာရဲ့ "ပြည်တွင်းစစ်ဟာ အာဆီယံရဲ့ အထင်ကြီးလောက်စရာ အောင်မြင်မှုစာရင်းမှာ အစွန်းအထင်းတစ်ခုဖြစ်နေတယ်" လို့ အရှေ့တီမောသမ္မတက ဆိုပါတယ်။

ဒါ့အပြင် သမ္မတ ဟိုဆေး ရာမို့ ဟော်တာက မြန်မာမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ‌တွေ အထမြောက်လာစေဖို့ အရှေ့တောင်ဒေသတွင်းနိုင်ငံတွေထဲက အငြိမ်းစား ကြယ်လေးပွင့် ဗိုလ်ချုပ်အဆင့်ရှိသူတစ်ဦးကို အထူးသံတမန်အဖြစ် အာဆီယံအနေနဲ့ ခန့်အပ်ပေးဖို့ကိုလည်း အဆိုပြုပါတယ်။

ဒီလိုအဆိုပြုရတာဟာ လူသားချင်းစာနာအကူအညီတွေ နိုင်ငံထဲ အကန့်အသတ်မရှိ ဝင်စေပြီး လူထုရဲ့ ဒုက္ခတွေကို သက်သာစေဖို့လို့ သူက ထောက်ပြပါတယ်။

အလားတူ ဒီအထူးသံတမန်အနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်မှာပါတဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့၊ လူသားစာနာအကူအညီတွေ ဝင်ခွင့်ပြုဖို့နဲ့ အကျပ်အတည်းတွေကို ကြားဝင်စေ့စပ်ဖို့ စတဲ့ အချက်တွေကို မြန်မာ့ငြိမ်းချမ်းရေးအတွက် လမ်းညွှန်မှုတွေပေးနိုင်ဖို့ဆိုပြီး တီမော သမ္မတက ထည့်သွင်းပြောကြားပါတယ်။

အရှေ့တီမောဟာ မြန်မာစစ်တပ်အရာရှိတချို့ စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က အမှုဖွင့်တိုင်ကြားတဲ့ တိုင်တန်းချက်ကို လက်ခံထားတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။

မေလထဲမှာပဲ အဲဒီအမှုအတွက် တရားရေးရာ နောက်ထပ်တစ်ဆင့်ဖြစ်တဲ့ တီမောပထမတန်းတရားရုံးဆီ တင်သွင်းလိုက်နိုင်ပြီလို့ CHRO က အစောပိုင်းမှာ ပြောပါတယ်။

တစ်ဖက်မှာလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး တီမောဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ထိတွေ့ဆက်ဆံမှုတွေရှိနေတာဖြစ်ပါတယ်။

မြန်မာအာဏာပိုင်တွေကတော့ မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေ သံရုံးတာဝန်ခံကို ဖေဖော်ဝါရီမှာ ထွက်ခွာခိုင်းတာတွေ လုပ်ခဲ့ပြီး တီမောအနေနဲ့ မြန်မာအပေါ်ထားရှိတဲ့ သဘောထားနဲ့ ရပ်တည်ချက်ပြောင်းလဲခြင်းမရှိသေးရင် ပိုမိုပြင်းထန်တဲ့ အစီအမံများ ထပ်မံချမှတ်ဆောင်ရွက်သွားမယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

မန္တလေးမှာ ဘောလုံးပွဲအကြောင်း စနောက်ရာကနေ ရိုက်နှက်မှုဖြစ်

ရန်ကုန်မှာ ဖျော်ဖြေရေးလုပ်ငန်းတွေကို ည ၁၁ နာရီနောက်ဆုံးထား ပိတ်ခိုင်းနေတယ်လို့ဆို

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ထဲက စားသောက်ဆိုင်တစ်ခုမှာ မနေ့ မေလ ၃၀ ရက်ညက UEFA Champions League ဖလား ဘောလုံးပွဲပြနေချိန်အတွင်း ဆိုင်မှာလာရောက်ကြည့်သူရှုသူတွေ စနောက်ကြရာကနေ ဒဏ်ရာရတဲ့အထိ ရိုက်နှက်မှု ဖြစ်ခဲ့တယ်လို့ အဲဒီဆိုင်မှာရှိခဲ့တဲ့သူတချို့က ပြောပါတယ်။

ဟန်ဂေရီနိုင်ငံ Puskás Arena ကွင်းမှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ PSG အသင်း ဗိုလ်လုပွဲစဉ်ကို မန္တလေးက စားသောက်ဆိုင်တစ်ခုမှာပြသနေချိန် ဆိုင်ထဲမှာ အခုလိုထိုးကြိတ်ရိုက်နှက်မှုတွေ ဖြစ်ခဲ့တာလို့ ထိခိုက်ဒဏ်ရာရခဲ့သူတချို့က ပြောပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်တစ်ခုမှာလည်း ခေါင်းကွဲပြီး သွေးထွက်နေတဲ့ လူငယ်အမျိုးသားနဲ့ သူ့ကို တွဲလာတဲ့အမျိုးသမီးတစ်ဦးကို တွေ့ရပါတယ်။

ရန်ပွဲအသွင်ဖြစ်ခဲ့တဲ့ အဲဒီရိုက်နှက်မှုအတွင်း ဦးခေါင်းကို ပုလင်းနဲ့ အရိုက်ခံရသူ တစ်ဦးရှိခဲ့ပြီး ဦးခေါင်းကွဲပြီး ၄ ချက် ချုပ်လိုက်ရတယ်လို့ ကာယကံရှင်ရဲ့ညီမဖြစ်သူက ပြောပါတယ်။

"ရန်ဖြစ်တာမျိုး မဟုတ်ဘဲ အာဆင်နယ် အသင်းရှုံးသွားတော့ ဆိုင်ထဲက လူတွေက သီချင်းအော်ဆိုပြီး စကြတာ။ အဲဒီကနေ အားပေးသူ တချို့က ဘီယာပုလင်းကိုင်ပြီး ဘေးနားက ဝိုင်းတွေကို လိုက်ရိုက်တာ" လို့ သူက မြင်တွေ့ခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။

ဆိုင်ထဲမှာ ရှိခဲ့တဲ့ နောက်ထပ် အမျိုးသမီးတစ်ဦးကလည်း ရန်ပွဲအတွင်း ခေါင်းကို ရိုက်နှက်ခံခဲ့ရပြီး ပြေးလွှားရင်း ခိုက်မိတာတွေကြောင့် အညိုအမည်းစွဲဒဏ်ရာရခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

မနေ့ညတုန်းက ကစားခဲ့တဲ့ UEFA Champions League ဗိုလ်လုပွဲမှာတော့ PSG အသင်းက အာဆင်နယ်ကို ပယ်နယ်နီ အဆုံးအဖြတ်နဲ့နိုင်ပြီး ဥရောပရဲ့ ချန်ပီယံ နှစ်နှစ်ဆက်တိုက်ဖြစ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၂၅-၂၀၂၆ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ပူပူနွေးနွေး ချန်ပီယံ ဖြစ်ထားတာကြောင့် UEFA ဖလားကိုလည်း အနိုင်ရဖို့ မြန်မာအပါအဝင် ကမ္ဘာတလွှားက အာဆင်နယ် အသင်းပရိသတ်တွေ မျှော်လင့်ချက်နဲ့ အားပေးခဲ့ကြတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ရန်ကုန်မြို့တွင်းမှာ ရှိတဲ့ ကေတီဗီ(KTV)၊ ဘားနဲ့ ကလပ်တွေကို မေလကုန်ပိုင်းကစပြီး ညနေ ၅ နာရီကနေ ည ၁၁ နာရီအထိ အချိန်သတ်မှတ်ပြီးဖွင့်ဖို့ ရပ်ကွက်တချို့မှာ စည်ပင်နဲ့ အုပ်ချုပ်ရေးမှူးတွေ လိုက်လံစစ်ဆေး ပြောကြားတာတွေရှိတယ်လို့ မြို့ခံတချို့ကနေ သိရပါတယ်။

အလားတူ ဆိုင်တွေက ဖျော်ဖြေရေးတီးဝိုင်းတွေကိုလည်း ဆိုင်ပိတ်ချိန် ၁၁ နာရီမတိုင်ခင် ၁၀ နာရီကတည်းက တီးခတ်သီဆိုဖျော်ဖြေတာတွေရပ်ဖို့ ဒေသန္တရအမိန့်ဆိုပြီး ညွှန်ကြားတာတွေရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ဒီလို ညဘက်ဖျော်ဖြေရေးလုပ်ငန်းတွေဖြစ်တဲ့ ကေတီဗီ၊ ဘားနဲ့ ကလပ်တွေအတွက် ဖွင့်ချိန်၊ ပိတ်ချိန် ကန့်သတ်မှုဟာ အရပ်ဘက်အသွင်ပြောင်းအစိုးရအဖွဲ့ရဲ ရက် ၁၀၀ စီမံချက်အတွင်း လုပ်ဆောင်တာဖြစ်တယ်လို့လည်း မြို့ ခံတချို့က ယူဆနေကြပါတယ်။

ရန်ကုန်က ကလပ်အချို့ကလည်း ဆိုင်ဖွင့်ချိန်ကို ညနေ ၅ နာရီကနေ ည ၁၁ နာရီအထိ ပြောင်းလဲလိုက်ပြီဆိုတဲ့အကြောင်း လူမှုကွန်ရက် ကြော်ငြာပို့စ်တွေမှာ ရေးသားထားတာတွေ့ရပါတယ်။

နေပြည်တော်ကတော့ ရန်ကုန်က ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ ဒီနေ့ မေလ ၃၁ ရက်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

ပုဂံပြတိုက်က ရွှေ့လိုက်တဲ့ ကြေးကြာဖူး ဘယ်မှာလဲ

နှစ် ၉၀၀ ဝန်းကျင်သက်တမ်းရှိ ပုဂံခေတ် ၁၁ ရာစုလက်ရာ ကြေးကြာဖူးကို နေပြည်တော်အမျိုးသားပြတိုက်မှာ vault (ဗော်လ့်) ခန်း လို့ခေါ်တဲ့ အဆင်မြင့်လုံခြုံရေးခန်းမှာ သိမ်းဆည်းထားရှိထားတယ်လို့ နေပြည်တော်ရဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ စီမံဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော် က ဘီဘီစီကို ဒီကနေ့ မေ ၃၁ ရက်မှာ ပြောပါတယ်။

''ကြေးကြာဖူးက ရှားပါးတဲ့အတွက် ရှေးဟောင်းပစ္စည်းဖြစ်တဲ့အတွက် လုံခြုံရေးပိုကောင်းမွန်တဲ့ နေပြည်တော်အမျိုးသားပြတိုက်က ဗော့လ်ခန်းထဲမှာပဲ သိမ်းဆည်းထားရှိပါတယ်။ ရှိနေကြောင်း ကျွန်တော် တာဝန်ယူပါတယ်။တာဝန်ခံပါတယ်'' လို့ ဦးအောင်ကျော်ကျော် ကပြောပါတယ်။

၂၀၂၃- ၂၄ ဘဏ္ဍာရေးနှစ်က ပုဂံဒေသတွင်း တိုက်ပွဲတွေနဲ့ နယ်မြေမလုံခြုံမှုတွေကြောင့် ပုဂံပြတိုက်က ကြေးကြာဖူးအပါအဝင် ရှေးဟောင်းပစ္စည်းတချို့ကို နေပြည်‌တော်အမျိုးသားပြတိုက်ကိုရွှေ့ပြောင်းထားရှိဖို့ဆိုတဲ့ ညွှန်ကြားချက်ရှိခဲ့တယ်လို့ အဲဒီကာလက ပုဂံမြို့ဟောင်း ရှေးဟောင်းသုတေသနပြတိုက်မှာ ညွှန်ကြားရေးမှူးတာဝန်ယူခဲ့တဲ့ ဦးကျော်မျိုးဝင်း(လက်ရှိ တူးဖော်ရှေးပစ္စည်းကမ္ပည်းကျောက်စာဌာနခွဲ၊ညွှန်ကြားရေးမှူး) က ဘီဘီစီကို ပြောပါတယ်။

အဲဒီလိုညွှန်ကြားချက်ကြောင့် ရှေးဟောင်းပစ္စည်းတွေမပျောက်ပျက်ရေး စီမံချက်နဲ့ စနစ်တကျပြောင်းရွှေ့ခဲ့ရတာလို့ ဦးကျော်မျိုးဝင်း ကဆိုပါတယ်။

'' အဲဒီကာလက ပုဂံရဲ့ နယ်မြေအခြေအနေ၊ အထူးသဖြင့် ဧရာဝတီမြစ်တဖက်ကမ်း နဲ့ ငါ့သရောက်မြို့က အခြေအနေတွေကြောင့် နေပြည်တော်ကနေ ပုဂံရှေးဟောင်းပြတိုက်ထဲက တန်ဖိုးကြီး ရှားပါးတဲ့ရှေးဟောင်းပစ္စည်းတွေကို နေပြည်တော်ပြတိုက်ကိုရွှေ့ပြောင်းခိုင်းတာပါ'' လို့ ဦးကျော်မျိုးဝင်း က ပြောပါတယ်။

အခုရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ ရှေးဟောင်းကြေးကြာဖူးကို ပုဂံမြို့ဟောင်းရှေးဟောင်း သုတေသနပြတိုက်ကနေ နေပြည်တော်အမျိုးသားပြတိုက်ကို ပို့ဆောင်ထားတယ်ဆိုတဲ့ ကြေညာချက်စာရွက်ပျံ့နှံ့နေပါတယ်။

တချိန်တည်းမှာပဲ အဲဒီ ကြေးကြာဖူးကို နေပြည်တော်ပြတိုက်မှာလည်း မတွေ့ရှိဘူးဆိုတဲ့ ပြောဆိုချက်တွေရှိနေတာပါ။ ပြင်ပရှေးဟောင်းပညာရှင်အချို့ကလည်း ပုဂံပြတိုက်က ပျောက်နေတဲ့ ကြေးကြာဖူးကို စိစစ်ပေးဖို့ ပြောဆိုနေကြတာပါ။

ဦးအောင်ကျော်ကျော်ကတော့ ၂၀၂၅ ငလျင်ဘေးထိခဲ့တဲ့ နေပြည်တော်အမျိုးသားပြတိုက်ကိုပြန်လည်ပြုပြင်နေဆဲဖြစ်ပြီး ပြခန်းတွေပြင်ဆင်ရေးအလုံးစုံမပြီးသေးတာကြောင့် ပြခန်းအပြည့်မဖွင့်နိုင်သေးဘူးလို့ တုံ့ပြန်ပါတယ်။

'' ပြခန်း ၁၃ ခန်းမှာ ၆ ခန်းလောက်ပဲ ပြင်ဆင်ပြီးစီးပါ‌သေးတယ်။ ကျန်တဲ့အခန်းတွေကမပြီးသေးပါဘူး။ နောက်တစ်ချက်က ဒီကြေးကြာဖူးက ပုဂံကပစ္စည်းဖြစ်ပါတယ်။ ဒီတော့ ပိုလုံခြုံတဲ့နေရာမှာလည်းသိမ်းထားရတာကြောင့် မပြနိုင်သေးတာပါ'' လို့ ရှင်းပြပါတယ်။

အခု ပုဂံကနေ နေပြည်တော် ကိုရွှေ့ထားတဲ့ ကြေးကြာဖူးက ပုဂံခေတ် ၁၁ ရာစုလက်ရာဖြစ်ပြီး ၁၉၇၅ ခုနှစ်၊ ငလျင်လှုပ်ချိန်က ဥပါလိသိမ်အနီး ဂူဘုရားပျက်က ရရှိခဲ့တာလို့ သမိုင်းအထောက်တချို့ကဖော်ပြပါတယ်။

ကြေးလက်ရာ ပြောင်မြောက်လွန်းလှပြီး ကြေးကြာဖူးမှာ ပွင့်ဖတ်၈ ချပ်ပါရှိကာ အဖွင့်အပိတ်ကို အဆင့်ဆင့်ပြုလုပ်ထားလို့ လက်ရာထူးခြားသလို ပုဂံခေတ်ပန်းတဉ်းပညာရပ် အဆင့်မြင့်ကြောင်းပြသတဲ့ရှေးဟောင်းလက်ရာပစ္စည်းလို့ ညွှန်းဆိုကြပါတယ်။

ကြာပန်းခိုင်အဖူးကိုဖွင့်လိုက်တဲ့အခါ ကြာပွင့်ပုံစံဖြစ်သွားပြီး ပိတ်လိုက်တဲ့ အခါ ကြာဖူးပုံဖြစ်သွားအတွက် ကြေးကြာဖူး လို့‌ ခေါ်ကြပါတယ်။

ကြာရိုးတံရဲ့ တည့်တည့်မှာ စေတီငယ်တစ်ဆူရှိပြီး ကြာဖတ်ရဲ့ အတွင်းပိုင်း ကွမ်းတောင်မှာ ဗုဒ္ဓဝင်ရှစ်ခန်းကို လက်ရာပြောင်မြောက်စွာ ထုဆစ်ထည့်ထားတာတွေ့ရှိရပါတယ်။

ဘီဘီစီက နေပြည်တော်အမျိုးသားပြတိုက်တာဝန်ခံကို ထပ်မံဆက်သွယ်ပြီး မေးမြန်းတဲ့အခါ နေပြည်တော်အမျိုးသားပြတိုက်မှာ ကြေးကြာဖူးရှိနေကြောင်းအတည်ပြုနိုင်တယ်လို့ ဖြေပါတယ်။

နေပြည်တော်အမျိုးသားပြတိုက်တာဝန်ခံရဲ့ အပြောအရ တစ်နိုင်ငံလုံးမှာ ရှေးဟောင်းလက်ရာမြောက် ကြေးကြာဖူး ၂ ခုသာရှိပြီး ရန်ကုန်အမျိုးသားပြတိုက်နဲ့ ပုဂံရှေးဟောင်းပြတိုက်တို့က ဖြစ်တယ်လို့ ဆိုပါတယ်။