ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာမှာ တရုတ်ငွေနဲ့ ရင်းနှီးမြှုပ်နှံဖို့ ဘာကြောင့် ခွင့်ပြုတာလဲ
အမေရိကန်ရဲ့အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ နိုင်ငံခြားဝင်ငွေကျဆင်းမှုတွေကြောင့် ကြုံနေရတဲ့ ဒေါ်လာအကျပ်အတည်းကို လျှော့ချဖို့ နေပြည်တော်အစိုးရဟာ တရုတ်ယွမ်ငွေအပါအဝင် သူ့ မဟာမိတ်နိုင်ငံတွေရဲ့ငွေကြေးတွေနဲ့ တိုက်ရိုက်ဖလှယ်ပြီး ကုန်သွယ်ဖို့ ပြင်လာနေပါတယ်။
ဒေါ်လာအသုံးပြုတာကို လျှော့ချပြီး တိုက်ရိုက်ငွေပေးချေ ကုန်သွယ်နိုင်ဖို့ ရည်ရွယ်တဲ့ အဲဒီအစီအစဉ်ထဲမှာ မြန်မာမှာ တရုတ် ယွမ်ငွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခွင့်ပေးလိုက်တာလည်း ပါဝင်ပါတယ်။ မတ်လ ၁၆ ရက်ကစလို့ တရုတ်ယွမ်ငွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်တယ်လို့ ဗဟိုဘဏ်က ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအသင်း(MCITP)ရဲ့အဆိုအရ ၂၀၂၆ ခုနှစ်ကနေ လာမယ့် ငါးနှစ်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုကနေ ယွမ်ငွေ ၃ ထရီလီယံကျော် ဝင်ရောက်လာဖို့ မြန်မာဘက်က မျှော်လင့်နေပါတယ်။
ဒါဟာ မြန်မာနိုင်ငံအတွင်း ယွမ်ငွေသုံးစွဲမှု ပိုမိုကျယ်ပြန့်လာစေဖို့ ရည်ရွယ်ထားတဲ့ လက္ခဏာတစ်ခုဖြစ်တယ်လို့ စီးပွားရေးလေ့လာသူတချို့က ရှုမြင်ကြပါတယ်။
စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေအပြင် ဆေးဝါးတင်သွင်းမှုကနေ လက်နက်ဝယ်ယူမှုအထိ ဒေါ်လာအပေါ် မှီခိုနေရတဲ့ငွေပေးချေမှုတွေကို ယွမ်ငွေနဲ့ တိုက်ရိုက်အစားထိုးဖလှယ်နိုင်ဖို့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
တရုတ်ငွေကြေးကို ပြည်တွင်းမှာ လည်ပတ်ဖို့ ယန္တရားစတင်
စစ်ခေါင်းဆောင်ရဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတုန်းက တရုတ်နိုင်ငံခရီးစဥ်အတွင်း တရုတ်ကုမ္ပဏီ နှစ်ရာကျော်က စီးပွားရေးလုပ်ငန်းရှင် နှစ်ရာကျော်နဲ့ တွေ့ဆုံပြီးတဲ့နောက် မြန်မာနိုင်ငံပြန်အရောက်မှာ MCITP ဖွဲ့ဖို့ ညွှန်ကြားခဲ့ပါတယ်။
အဲဒီအသင်းမှာ အသင်းဝင် ငါးရာကျော်ရှိနေပြီး တရုတ်နိုင်ငံဘက်က လုပ်ငန်းရှင် ၈၅ ဦးပါဝင်ပါတယ်။ အသင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။
အသင်းမှာပါဝင်သူ မြန်မာဘက်က အဖွဲ့ဝင်အများစုကတော့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)အဖွဲ့ဝင် လုပ်ငန်းရှင်တွေ၊ မြန်မာပြည်ဖွား တရုတ်လုပ်ငန်းရှင်တွေ ပါဝင်ကြပါတယ်။
အသင်းအကြံပေးပုဂ္ဂိုလ်တွေထဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့အကြံပေး ဖြစ်ခဲ့ပြီး လက်ရှိ အသွင်ပြောင်းအစိုးရရဲ့ဗဟိုဘဏ်အဖွဲ့ဝင် ဒေါက်တာဇော်ဦး၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ က ဦးကိုကို(စက်မှု)တို့အပြင် နေပြည်တော်နဲ့ နီးစပ်တဲ့အကြံပေးအချို့ ပါဝင်ကြပါတယ်။
ယွမ်ငွေနဲ့ ရင်းနှီးမြှုပ်နှံလာသူတွေကို ပြည်တွင်းသတ်မှတ်ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေမှာ ယွမ်နဲ့ ကျပ်ငွေ တိုက်ရိုက်ဖလှယ်ရောင်းချခွင့်ပေးမယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ပြောထားပါတယ်။
သဘောကတော့ ရင်းနှီးမြှုပ်နှံသူတွေဟာ ယွမ်ငွေကို အမေရိကန်ဒေါ်လာ ပြောင်းစရာမလိုဘဲ မြန်မာကျပ်ငွေနဲ့ တိုက်ရိုက်ဖလှယ်ပြီး ရင်းနှီးမြှုပ်နှံနိုင်မယ့်အခြေအနေ ဖန်တီးပေးလိုက်တာဖြစ်ပါတယ်။
မြန်မာနဲ့ တရုတ်ဟာ နယ်စပ်ထိစပ်နေတဲ့နိုင်ငံတွေဖြစ်သလို မြန်မာဘက်က လိုအပ်တဲ့ အခြေခံကုန်ပစ္စည်းအများစုကိုလည်း တရုတ်နိုင်ငံကနေ တင်သွင်းနေရပါတယ်။
''နှစ်နိုင်ငံလုံးက နယ်စပ်ကုန်သွယ်ရေးအပေါ် အပြန်အလှန် မှီခိုနေရတယ်'' လို့ မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအသင်း(MCITP) အကြံပေး ဦးညိုအုန်းမြင့်က ဘီဘီစီကို ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် အခြားနိုင်ငံတွေကနေ တင်သွင်းမယ်ဆိုရင် ကုန်ကျစရိတ်ပိုများလာနိုင်တဲ့ပစ္စည်းတွေကို တရုတ်ဘက်က ပိုမိုလွယ်ကူစွာတင်သွင်းနိုင်ဖို့နဲ့ ယွမ်ငွေနဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံလာနိုင်ဖို့ လမ်းဖွင့်ပေးလိုက်တာဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
"မြန်မာက ဆင်းရဲတဲ့နိုင်ငံဖြစ်တော့ အရည်အသွေးထက် အရေအတွက်နဲ့ ဈေးနှုန်းကို ပိုကြည့်ရတယ်။ အဲဒီအတွက် တရုတ်ဘက်က ပစ္စည်းတွေကို ပိုအသုံးပြုနေရပြီး ယွမ်နဲ့ ရင်းနှီးမြှုပ်နှံမှု လမ်းဖွင့်ပေးလာတာလို့ မြင်တယ်" လို့ ဦးညိုအုန်းမြင့်က ပြောပါတယ်။
ဒါပေမဲ့ လက်တွေ့ကုန်သွယ်ရေးနဲ့ ငွေပေးချေမှုစနစ်တွေမှာတော့ ယွမ်ငွေက အမေရိကန်ဒေါ်လာနေရာကို အစားထိုးဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ မြန်မာပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
သူက "တရုတ်ကုမ္ပဏီတချို့က ယွမ်နဲ့ မယူချင်ဘဲ ဒေါ်လာပဲ တောင်းတာတွေ ရှိတယ်။ ငွေပေးချေမှုဆိုတာ တစ်ဖက်က လက်ခံမှ လည်ပတ်လို့ရမှာဖြစ်ပြီး လက်တွေ့မှာ ဒေါ်လာကိုပဲ ပိုသုံးနေကြတုန်းပဲ" လို့ ပြောပါတယ်။
တချို့တရုတ်ကုမ္ပဏီကြီးတွေမှာတောင် ယွမ်ငွေအကောင့် အသုံးပြုမှု နည်းနေသေးတာကြောင့် နေပြည်တော်အစိုးရ မျှော်မှန်းသလို ဒေါ်လာအစား ယွမ်ကို အပြည့်အဝ အစားထိုးသုံးနိုင်ဖို့က လက်တွေ့မှာ အကန့်အသတ်တွေ ရှိနေဆဲဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ရှုမြင်ကြပါတယ်။
တရုတ်ယွမ်ကို ဘယ်နိုင်ငံတွေ သုံးနေလဲ
ကမ္ဘာမှာ မြန်မာဟာ တရုတ်ယွမ်ကို ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုမှာ လက်ခံအသုံးပြုတဲ့ ၉ ခု မြောက်နိုင်ငံ ဖြစ်လာပါတယ်။ အဲဒီမတိုင်မီကတော့ ရေနံစိမ်းနဲ့ စက်သုံးဆီတွေကို ယွမ်နဲ့ဝယ်ယူခွင့်ပြုတဲ့ ရုရှား၊ အီရန်၊ အီရတ်၊ ဆော်ဒီအာရေးဗျ၊ ပါကစ္စတန်တို့ ရှိနေပါတယ်။ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ရုရှား နျူကလီးယားစွမ်းအင်ကို တရုတ်ယွမ်ငွေ သုံးပြီး ဝယ်ယူခဲ့တာလည်း ရှိပါတယ်။
ဘရာဇီးနဲ့ အာဂျင်တီးနားနိုင်ငံတို့မှာလည်း ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ယွမ်ငွေနဲ့ခွင့်ပြုထားကြပါတယ်။ စွမ်းအင်အကျပ်အတည်းနဲ့ ဒေါ်လာသုံးစွဲမှုကိုလျှော့ဖို့ တရုတ်ယွမ်ငွေဟာ အဲဒီနိုင်ငံတွေမှာ ကုန်သွယ်ရေးငွေကြေးဖြစ်ဖို့ ကြိုးပမ်းနေတာ တွေ့နိုင်ပါတယ်။
မြန်မာကလည်း အဲဒီလိုအဆင့်ထိ ရောက်ဖို့ ခုလိုယွမ်အသုံးပြုရင်းနှီးမြှုပ်နှံမှုတွေခွင့်ပြုတာလို့ လေ့လာသူတွေက ပြောပါတယ်။
စီးပွားရေးတိုးတက်နေတဲ့နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း(BRICS) ကလည်း အမေရိကန်ဒေါ်လာအပေါ် ကမ္ဘာ့စီးပွားရေးရဲ့မှီခိုမှုကို လျှော့ချနိုင်မယ့် ငွေပေးချေမှုစနစ်နဲ့ ငွေကြေးအသုံးပြုမှုတွေ ဖော်ဆောင်ဖို့ ကြိုးပမ်းလာနေပါတယ်။
အဲဒီအဖွဲ့ထဲမှာ တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ တောင်အာဖရိကနိုင်ငံတို့အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံအများအပြား ပါဝင်နေပြီး နေပြည်တော်က BRICS နဲ့ ပူးပေါင်းနိုင်ဖို့ စိတ်ဝင်စားကြောင်း မကြာခဏ ပြောဆိုထားပါတယ်။
ဒါဟာ နိုင်ငံခြားသုံးငွေ၊ အထူးသဖြင့် အမေရိကန်ဒေါ်လာ အသုံးပြုမှုကို လျှော့ချချင်တယ်ဆိုတဲ့ နေပြည်တော်ရဲ့ မူဝါဒနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ လေ့လာသူတွေက ရှုမြင်ကြပါတယ်။
လက်ရှိမှာလည်း အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုတွေကြောင့် စက်သုံးဆီဈေးမြင့်တက်လာတာနဲ့အတူ နေပြည်တော်ဟာ စက်သုံးဆီသုံးစွဲမှု လျှော့ချရေးအတွက် ဆီခွဲတမ်းသတ်မှတ်ရောင်းချတာ၊ ယာဉ်တွေကို စုံ-မ စနစ်နဲ့ မောင်းနှင်ခွင့်ပြုတာလိုမျိုး အစီအမံတွေ လုပ်ဆောင်နေပါတယ်။
ဦးမင်းအောင်လှိုင်ကတော့ အဲဒီအစီအမံတွေကြောင့် တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်းနဲ့ချီတဲ့ သုံးစွဲမှုကို လျှော့ချနိုင်တယ်လို့ မကြာခဏ ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒါပေမဲ့ မြန်မာလို သွင်းကုန်အပေါ် အလွန်မှီခိုနေရတဲ့ စီးပွားရေးစနစ်မှာ ယွမ်ငွေကို ဒေါ်လာအစားထိုး ကုန်သွယ်ရေးငွေကြေးအဖြစ် အပြည့်အဝ အသုံးပြုနိုင်ဖို့က လက်တွေ့မှာ ခက်ခဲနိုင်တယ်လို့ စီးပွားရေးသုံးသပ်သူတွေက ပြောပါတယ်။
စီးပွားရေးပညာရှင် ရှောင်တာနယ် ကတော့ တရုတ်ယွမ်ငွေဟာ အမေရိကန်ဒေါ်လာလို ကမ္ဘာလုံးဆိုင်ရာ ယုံကြည်စိတ်ချရတဲ့အရန်ငွေကြေးမျိုး မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
"တရုတ်ရဲ့ဘဏ္ဍာရေးစနစ်ဟာ တရုတ်ကွန် မြူနစ်ပါတီရဲ့ ထိန်းချုပ်မှုအများအပြားရှိတဲ့အရာမျိုးပါ။ တရုတ်ရဲ့ ဗဟိုဘဏ်ကလည်း လွတ်လပ်တဲ့အဖွဲ့အစည်းမျိုး မဟုတ်သလို ဥပဒေစိုးမိုးမှု ဒါမှမဟုတ် ပိုင်ဆိုင်မှုအခွင့်အရေးကို ကာကွယ်ပေးနိုင်စွမ်းရှိတဲ့အရာမဟုတ်ပါဘူး''
သူဆိုလိုတာက ယွမ်ငွေဟာ နိုင်ငံရေးနဲ့ မူဝါဒအပြောင်းအလဲအပေါ် မူတည်မှုများတာကြောင့် ကမ္ဘာ့ကုန်သွယ်ရေးမှာ ဒေါ်လာလို တည်ငြိမ်တဲ့ အရန်ငွေကြေးအဖြစ် ယုံကြည်စိတ်ချစွာ အသုံးပြုဖို့ ခက်ခဲတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။
''ဘဏ္ဍာရေးမူဝါဒတွေက အစိုးရဆုံးဖြတ်ချက်ပေါ် မူတည်ပြီး အချိန်မရွေး ပြောင်းလဲနိုင်တဲ့အန္တရာယ်ရှိတယ်။အရန်ငွေကြေးသဘောမျိုး မှီခိုနိုင်ဖို့ ထားလို့ရတဲ့ငွေမျိုးမဟုတ်ပါဘူး" လို့ ရှောင်တာနယ်က ဘီဘီစီကို မှတ်ချက်ပြုပြောပြပါတယ်။
လက်ရှိ ကမ္ဘာ့ဘဏ္ဍာရေးစနစ်မှာ အမေရိကန်ဒေါ်လာကို အဓိကအသုံးပြုနေကြတာကြောင့် ဒေါ်လာနဲ့ လုပ်ဆောင်တဲ့ ငွေပေးချေမှုတွေဟာ နိုင်ငံတကာဘဏ်စနစ်တွေကနေ ဖြတ်သန်းရပါတယ်။
အဲဒီလို ဒေါ်လာအသုံးပြုတဲ့ ငွေကြေးလမ်းကြောင်းတွေကို အမေရိကန်အာဏာပိုင်တွေက စောင့်ကြည့်နိုင်တာကြောင့် စစ်လက်နက်ဝယ်ယူမှု၊ ပိတ်ဆို့ခံထားရတဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းတွေနဲ့ ဆက်စပ်တဲ့ငွေပေးချေမှုတွေကို ပိတ်ဆို့နိုင်တဲ့အခြေအနေရှိပါတယ်။
ဒါကြောင့် အမေရိကန်ဘဏ္ဍာရေးစနစ်အပေါ် မှီခိုရမှုကို လျှော့ချဖို့ နေပြည်တော်ဘက်က ယွမ်ငွေအပါအဝင် အခြားငွေကြေးတွေကို ပိုမိုအသုံးပြုဖို့ ကြိုးစားလာတယ်လို့ ပြည်တွင်း နိုင်ငံရေးနဲ့ စီးပွားရေးလေ့လာသုံးသပ်သူတွေက ရှုမြင်ကြပါတယ်။
မြန်မာကို တရုတ်က ဘာနည်းပညာနဲ့ ကူညီနေလဲ
တရုတ်နိုင်ငံကလည်း နေပြည်တော်အစိုးရကို အမေရိကန်ရဲ့ငွေကြေးထိန်းချုပ်မှုကနေ လွတ်မြောက်နိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကို ကူညီပေးနေတယ်လို့ ရှောင်တာနယ်ကပြော ပါတယ်။
ဘေဂျင်းရဲ့ဘဏ္ဍာရေးနည်းပညာတွေကိုအသုံးချပြီး ဒီဂျစ်တယ်ငွေကြေးစနစ်တစ်ခုကို မြန်မာမှာ ကူညီတည်ထောင်ပေးနေတာကို လက်ဝယ်ရရှိထားတဲ့ စာရွက်အထောက်အထားတွေအရ သိရှိထားတယ်လို့ သူက ပြောပါတယ်။
အဲဒီစနစ်ဟာ နိုင်ငံတကာငွေပေးချေမှု PayPal လို ဝန်ဆောင်မှုမျိုး၊ အမေရိကန်စောင့်ကြည့်နိုင်တဲ့ အပြည်ပြည်ဆိုင်ရာငွေလွှဲစနစ် SWIFT တို့ကို ကျော်ဖြတ်ပြီး ဒစ်ဂျစ်တယ်ငွေကြေးလွှဲပြောင်းနိုင်တာမျိုးဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
မြန်မာမှာ ဟွာဝေး (Huawei)နဲ့ Industrial and Commercial Bank of China (ICBC) တို့ရဲ့ အခြေခံစနစ်တွေကို အသုံးပြုပြီး ဒစ်ဂျစ်တယ် ကျပ်ငွေ တစ်ရပ်ဖန်တီးနေတာကို သူရရှိထားတဲ့ စာရွက်စာတမ်းတွေက ပြသနေတယ်လို့ The Wallstreet Journal မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဆောင်းပါးရေးသားဖော်ပြခဲ့ပါတယ်။
တရုတ်နဲ့ ကုန်သွယ်တဲ့မြန်မာဘဏ်တွေက ICBC ဘဏ် အပလီကေးရှင်းကတစ်ဆင့် ဒစ်ဂျစ်တယ်ကျပ်ငွေကို ဒစ်ဂျစ်တယ်ယွမ်ငွေအဖြစ် အပြန်အလှန်ပြောင်းလဲနိုင်ပြီး CIPS (Cross-Border Interbank Payment System) စနစ်ကနေတဆင့် လဲလှယ်မှုတွေကို လုပ်ဆောင်ကြတယ်လို့ သူ့ရဲ့အဆိုအရ သိရပါတယ်။ နေပြည်တော်အစိုးရကလည်း တရုတ်နဲ့ ကုန်သွယ်ရာမှာ CIPS ကို တစ်စိတ်တစ်ပိုင်း အသုံးပြုနေပြီလို့ ဆိုပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် SWIFT ကို အသုံးမပြုရတော့ဘဲ အရေးယူခံထားရတဲ့အဖွဲ့အစည်းတွေ ကိုယ်တိုင်က ငွေကြေးလွှဲပြောင်းမှုတွေကိုအသုံးပြုနိုင်မှာဖြစ်သလို၊ အရေးကြီးတာက ဒီစနစ်ဟာ အဆင့်ဆင့် တည်ဆောက်ထားတာကြောင့် ငွေကို ဘယ်သူက ထိန်းချုပ်နေတယ်ဆိုတာကို ဖုံးကွယ်ထားနိုင်ပါတယ်လို့ ရှောင်တာနယ်က The Wallstreet မှာ ထည့်သွင်းရေးသားထားပါတယ်။
တရုတ်ဗဟိုဘဏ်က ထုတ်တဲ့ ဒီလိုဒစ်ဂျစ်တယ်ငွေမျိုးတွေက ငွေကြေးလဲလှယ်မှုတိုင်းကို တရုတ်က အချိန်နဲ့တပြေးညီကြည့်ရှုနိုင်ပြီး၊ အဲဒီငွေကို ဘယ်လိုသုံးစွဲရမလဲဆိုတာကိုတောင် ထိန်းချုပ်နိုင်တယ်လို့ ရှောင်တာနယ်က ရေးသားထားပါတယ်။
အဲဒီလိုငွေကြေးစနစ်တွေ၊ ယွမ်ငွေတွေနဲ့ လေယာဥ်ဆီအပါ နိုင်ငံတကာက ချမှတ်၊ တားမြစ်ထားတဲ့ လက်နက်အပါအဝင် နည်းပညာအစရှိတာတွေကိုလည်း ဝယ်ယူတဲ့နေရာမှာအသုံးပြုနိုင်တာမျိုးလည်း ဖြစ်နိုင်ခြေရှိတယ်လို့ ရှောင်တာနယ်က ပြောပါတယ်။
ဒါပေမဲ့ လေယာဥ်ဆီရောင်းချသူတွေက ဒေါ်လာနဲ့ ပဲ ပေးချေဖို့တောင်းဆိုတာမျိုး ရှိနိုင်ပြီး အမေရိကန်ဒေါ်လာနဲ့က ပိုပြီးစျေးချိုတာမျိုးဖြစ်လာနိုင်ပါတယ်။
အဲဒီလိုဆိုရင် ဒေါ်လာအစား ယွမ်အစားထိုးဖို့ဆိုတဲ့ရည်ရွယ်ချက်က အပြည့်အဝ ဖြစ်မြောက်နိုင်ဖို့ မလွယ်ကူနိုင်သလို တရုတ်ငွေကြေးကို အသုံးပြုခြင်းဟာ ကုန်ကျစရိတ်ပိုများလိမ့်မယ်လို့ ရှောင်တာနယ်က ပြောပါတယ်။
လက်ရှိမှာတော့ မြန်မာမှာ တရုတ်ရဲ့ ရပ်ဝန်းနဲ့လမ်းများစီမံကိန်း (BRI) အောက်မှာပါဝင်နေတဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းကြောင်း၊ တရုတ်နိုင်ငံရဲ့အိန္ဒိယသမုဒ္ဒရာထွက်ပေါက်တစ်ခုဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ရှိနေပါတယ်။
အခုလာမယ့် ၅ နှစ်အတွင်းမှာတော့ MCITP ထဲမှာပါဝင်ထားကြတဲ့ တရုတ်နဲ့ မြန်မာပြည်က လုပ်ငန်းရှင်တွေကတော့ မြန်မာနိုင်ငံထဲက ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွေ၊ စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ သတ္ထုတူးဖော်ရေး စတဲ့လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ရည်မှန်းထားကြတာကိုအသင်းရဲ့အချက်အလက်တွေအရသိရပါတယ်။