ရုရှားကမ်းခြေကို ယူကရိန်းဒရုန်းတိုက်ခိုက်မှု ၇ ဦး သေဆုံး၊ ၄၀ ဦး ဒဏ်ရာရ
- ရေးသားသူ, လော်ရာ ဂေါ့ဇီ
- ရေးသားသူ, ဂါဘရီယဲလာ ဘိုကာချီယို
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၃
ရုရှားတောင်ပိုင်းက လူစည်ကားတဲ့ ကမ်းခြေတစ်ခုကို ဒရုန်းတစ်စင်း ထိမှန်ခဲ့ရာ ကလေးသုံးဦးအပါအဝင် လူခုနစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။
ဘီဘီစီက အတည်ပြုထားတဲ့ လူမှုကွန်ရက်ဗီဒီယိုမှတ်တမ်းမှာတော့ ဒရုန်းတစ်စင်းဟာ ကမ်းပါးဘက်ကို အရှိန်ပြင်းစွာ ပျံသန်းလာပြီးနောက် ကမ်းခြေအောက်ဘက်မှာ မီးလောင်ပေါက်ကွဲသွားတာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ ခရီးသွားတွေက ကမ်းခြေပေါ်နဲ့ ရေထဲကနေ ကြည့်ရှုနေကြတာကိုလည်း မြင်တွေ့ရပါတယ်။
ခရာစ်နိုဒါဒေသ အုပ်ချုပ်ရေးမှူး ဗင်နီယာမင် ကွန်ဒရာတီယက်ဗ် ကတော့ ဒဏ်ရာရသူ စုစုပေါင်း ၄၀ ဦးရှိပြီး အဲဒီအထဲက ၁၇ ဦးကို ဆေးရုံတင်ထားရတယ်လို့ ပြောပါတယ်။
သူကတော့ ဒီဖြစ်ရပ်ဟာ "အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ" ဖြစ်တယ်လို့ ယူကရိန်းကို စွပ်စွဲထားပါတယ်။
ယူကရိန်းဘက်ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်မပေးသေးပါဘူး။ စစ်ပွဲမှာ ပါဝင်နေတဲ့ နှစ်ဖက်စလုံးကတော့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
ဒီဒရုန်းဟာ ဘယ်ကို ပစ်မှတ်ထားခဲ့တာလဲဆိုတာကိုတော့ မသိရသေးပါဘူး။
ယူကရိန်း တယ်လီဂရမ် ချန်နယ်တချို့ကတော့ ဒရုန်းရဲ့ ဆက်သွယ်ရေးအချက်ပြကို အီလက်ထရွန်နစ်စစ်ဆင်ရေး (electronic warfare) နည်းနဲ့ နှောင့်ယှက်ခဲ့တာကြောင့် ဒရုန်းဟာ ကမ်းခြေပေါ်ကို ပျက်ကျခဲ့တာလို့ ပြောဆိုနေပါတယ်။
ရုရှားမီဒီယာတွေက ကိုးကားဖော်ပြတဲ့ မျက်မြင်သက်သေတချို့ကလည်း ပေါက်ကွဲမှုမဖြစ်ခင် သေနတ်ပစ်သံတွေ ကြားခဲ့ရတယ်လို့ ပြောထားတာကြောင့် ရုရှားလေကြောင်းကာကွယ်ရေးစနစ်က ဒရုန်းကို ပစ်ချဖို့ ကြိုးပမ်းခဲ့နိုင်တယ်လို့ ယူဆရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒရုန်းပျက်ကျခဲ့တဲ့ နေရာကတော့ ပင်လယ်နက်ကမ်းရိုးတန်းရှိ အာခီပို-အိုဆီပေါ့ဖ်ကာ ကျေးရွာအနီးက ကမ်းခြေတစ်ခု ဖြစ်ပါတယ်။
ရာသီဥတုသာယာသလို ရှည်လျားတဲ့ ကမ်းခြေတွေနဲ့ ခရီးသွားလုပ်ငန်း အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးနေတဲ့အတွက် အဲဒီဒေသဟာ ရုရှားနိုင်ငံသားတွေကြား လူကြိုက်များတဲ့ အပန်းဖြေခရီးစဉ်တစ်ခု ဖြစ်ပါတယ်။
အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် ရုရှားနိုင်ငံသား အများအပြား နိုင်ငံခြားခရီးသွားလာဖို့ အခက်အခဲရှိလာပြီးနောက်ပိုင်း အဲဒီနေရာကို ပိုမိုသွားရောက်ကြပါတယ်။
အာခီပို-အိုဆီပေါ့ဖ်ကာ ဒေသခံတွေနဲ့ ခရီးသွားတွေကတော့ ဒရုန်းမတိုက်ခိုက်ခင် သတိပေးဥသြသံတွေ မကြားခဲ့ရဘူးလို့ ဒေသတွင်းမီဒီယာတွေကို ပြောပါတယ်။
"ကျွန်တော်တို့က နေပူခံကုလားထိုင်တွေနဲ့ ကိုယ့်ကိုယ်ကို ကာလိုက်တယ်။ ဘယ်နေရာမှာ ပေါက်ကွဲသွားလဲဆိုတာ မမြင်လိုက်ရဘူး" လို့ အပန်းဖြေလာသူတစ်ဦးက ပြောပါတယ်။
နောက်ထပ်တစ်ဦးကလည်း ဒရုန်းထိမှန်တာကို မမြင်လိုက်ရပေမယ့် "စက်သေနတ်ပစ်သံလိုမျိုး သေနတ်သံတွေ" ကြားရပြီးနောက် ပေါက်ကွဲသံ ထွက်ပေါ်လာတာကို ကြားခဲ့ရတယ်လို့ ပြောပါတယ်။
"ဒီဖြစ်ရပ်အားလုံးက ကျွန်မကလေးတွေရဲ့ ရှေ့မှာ ဖြစ်သွားတာပါ။ ကျွန်မကလေး စိတ်ပိုင်းဆိုင်ရာ အပြင်းအထန် ထိခိုက်နေပါတယ်" လို့ နောက်ထပ်မျက်မြင်သက်သေအမျိုးသမီးတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ယူကရိန်းဟာ ရုရှားနိုင်ငံအတွင်းထဲအထိကိုရောက်နိုင်တဲ့ တာဝေးပစ်တိုက်ခိုက်မှုတွေကိုအောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီး၊ စစ်ရေးအတွက်အသုံးပြုနေတယ်လို့ ယူကရိန်းက ယူဆတဲ့ရုရှားရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေနဲ့ ကုန်လှောင်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလို တိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေလည်း အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး၊ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းကလည်း ရုရှားမြို့အသီးသီးမှာ အနည်းဆုံး လူရှစ်ဦး သေဆုံးခဲ့ပါတယ်။
အင်္ဂါနေ့ မနက်အစောပိုင်းမှာတော့ ရုရှားရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ စိန့်ပီတာစဘတ် အနီးက ကုန်လှောင်ရုံတစ်ခုကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသအုပ်ချုပ်ရေးမှူး အလက်ဇန်းဒါး ဒရိုဇ်ဒန်ကို က ပြောပါတယ်။ ဒါပေမယ့် ထိခိုက်ခဲ့တဲ့ ကုန်လှောင်ရုံအမည်ကိုတော့ သူက မပြောခဲ့ပါဘူး။
တစ်ဖက်မှာလည်း ရုရှားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းကို အင်အားအပြည့်နဲ့ ကျူးကျော်တိုက်ခိုက်ခဲ့ချိန်ကစပြီး လူနေအိမ်ရာနဲ့ မြို့ပြဒေသတွေကို ဆက်တိုက်တိုက်ခိုက်လာခဲ့ရာ အရပ်သား ထောင်နဲ့ချီ သေဆုံး၊ ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ကလည်း ကိယက်ဗ်မြို့ကို ရုရှားက ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူကိုးဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လင်စကီး က ပြောပါတယ်။
မြို့တော်ဝန်ကတော့ ရှက်ဗ်ချန်ကစ်စကီး ခရိုင်ထဲက လူနေအဆောက်အအုံတစ်ခု တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးခဲ့ပြီး လူတချို့ အဆောက်အအုံအတွင်း ပိတ်မိနေခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ယူကရိန်းရဲ့ ခရီဗီရီဟ် ဒေသက အဆောက်အအုံတစ်ခုကို ရုရှားတိုက်ခိုက်ခဲ့ရာ မိသားစုဝင် ၁၀ ဦး သေဆုံးခဲ့ပါတယ်။
မကြာသေးခင် သီတင်းပတ်တွေအတွင်း ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေဟာ ဝိုင်လ်ဒ်ဘယ်ရီစ်- Wildberries အွန်လိုင်းလက်လီရောင်းချရေးကုမ္ပဏီရဲ့ ကုန်လှောင်ရုံတွေကို အထူးပစ်မှတ်ထားလာခဲ့ပါတယ်။ Wildberries ကို "ရုရှားရဲ့ Amazon" လို့လည်း ခေါ်ဆိုကြပါတယ်။
နောက်ဆုံးတိုက်ခိုက်မှုမှာတော့ မော်စကိုမြို့ အရှေ့ဘက် ဗလာဒီမီယာ ဒေသက Wildberries ကုန်လှောင်ရုံတစ်ခုကို တနင်္လာနေ့ မနက်အစောပိုင်းမှာ ထိမှန်ခဲ့ပါတယ်။
ရုရှားနိုင်ငံအနှံ့မှာရှိတဲ့ Wildberries ကုန်လှောင်ရုံ ဒါဇင်နဲ့ချီဟာ ယူကရိန်းနယ်စပ်ကနေ ကီလိုမီတာ ထောင်နဲ့ချီ ဝေးကွာတဲ့ နေရာတွေမှာ ရှိနေပေမယ့် တိုက်ခိုက်ခံခဲ့ရပါတယ်။
ကိယက်ဗ်အစိုးရကတော့ Wildberries ကုန်လှောင်ရုံတွေကို ရုရှားစစ်တပ်အတွက် ထောက်ပံ့ရေးလုပ်ငန်းတွေမှာ အသုံးပြုနေတယ်လို့ ပြောထားပေမယ့် မော်စကိုကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
ဒါပေမယ့် Wildberries ပလက်ဖောင်းမှာ မကြာသေးခင်အချိန်အထိ ကိုယ်ခန္ဓာကာကွယ်ရေးအင်္ကျီ (body armour) အပါအဝင် စစ်ရေးနဲ့ဆက်နွှယ်တဲ့ ပစ္စည်းမျိုးစုံ၊ အရပ်ဘက်နဲ့ ဒရုန်းထုတ်လုပ်ရေး နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို ရောင်းချနေပါတယ်။


















