တိုက်ရိုက်ထုတ်လွှင့်မှု, ‌ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ နှင်းဆီလှုပ်ရှားမှုလုပ်မယ်လို့ သပိတ်အင်အားစုတွေပြော

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ် မပြည့်ခင်ရက်ပိုင်းအလိုမှာတော့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေရဲ့ မွေးနေ့လှုပ်ရှားမှုတွေကို ပြည်တွင်းပြည်ပမှာဆက်တိုက်တွေ့လာရတဲ့ သတင်းအပါအဝင် ဇွန် ၁၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်တင်ဆက်မှုကို ထုတ်လွှင့်ပေးနေပါပြီ။

အနှစ်ချုပ်

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို ပြည်ပရောက်မြန်မာတွေပူးပေါင်းပြီး ခြေလှမ်း ၈,၁၀၀ လမ်းလျှောက်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဦးမင်းအောင်လှိုင်နဲ့ သမ္မတ ရှီကျင့်ဖျင်တို့ ဘေကျင်းမှာ တွေ့ဆုံ

    ဇွန်လ ၁၆ ရက် မနက် ဘေကျင်းမြို့က ပြည်သူ့ခန်းမဆောင်မှာ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံမှု

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    ဓာတ်ပုံ ပုံစာ, ဇွန်လ ၁၆ ရက် မနက် ဘေကျင်းမြို့က ပြည်သူ့ခန်းမဆောင်မှာ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံမှု

    နေပြည်တော်မှာ သမ္မတရာထူး ယူထားသူ ဦးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ် ဒုတိယနေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဘေကျင်းမြို့မှာ တွေ့ဆုံနေပါတယ်။

    ဒီတွေ့ဆုံမှုအပြီးမှာ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးဖို့ရှိနေတယ်လို့လည်း ဘီဘီစီက သိရှိရပါတယ်။

    တရုတ်ပြည်သူ့ ခန်းမဆောင်မှာ ဂုဏ်ပြုတပ်ဖွဲ့ကြိုဆို

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    ဓာတ်ပုံ ပုံစာ, တရုတ်ပြည်သူ့ ခန်းမဆောင်မှာ ဂုဏ်ပြုတပ်ဖွဲ့ကြိုဆို

    ဦးမင်းအောင်လှိုင်ဟာ တရုတ်သမ္မတ နဲ့တွေ့ဆုံချိန် ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်အပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေ ထိန်းချုပ်မှုကြောင့် ရပ်တန့်သွားတဲ့ တရုတ်- မြန်မာ ကုန်သွယ်ရေးအပြင် တရုတ်ဘက်က အစဉ်တစိုက်ပြောနေတဲ့ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးကိစ္စ၊ နောက် ရှမ်းမြောက် အပါအ၀င် ပဋိပက္ခဒေသတွေကို ဖြတ်သန်းသွားတဲ့ တရုတ်- မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းအောက်က စီမံကိန်းတွေ ရပ်ဆိုင်းနေတာတွေအပေါ် ဆွေးနွေးနိုင်ခြေ ရှိနေပါတယ်။

    ဦးမင်းအောင်လှိုင်ဟာ သမ္မတရှီနဲ့တွေ့ဆုံပြီးရင် တရုတ်မှာ ဒုတိယမြောက် ခေါင်းဆောင်လို့ ဆိုနိုင်တဲ့ ဝန်ကြီးချုပ် လီကျန်းနဲ့လည်း မွန်းလွဲပိုင်းမှာ တွေ့ဆုံနိုင်ခြေရှိပါတယ်။

    သူဟာ တရုတ်ရဲ့ထိပ်တန်းဥပဒေပြုသမားလို့ဆိုနိုင်တဲ့ တရုတ်အမျိုးသားကွန်ကရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌနဲ့လည်း တွေ့ဆုံဖို့ရှိနေပါတယ်။

    ဇွန်လ ၁၅ ရက်ကနေ ၁၉ ရက်အထိကြာမယ့် ဦးမင်းအောင်လှိုင်နဲ့ တရုတ်ခရီးစဉ်ဟာ အိန္ဒိယကို ၅ ရက်ကြာသွားခဲ့တဲ့ခရီးစဉ်အပြီးမှာ ဖြစ်လာတာပါ။

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရသူကတော့ မြန်မာနဲ့တရုတ်ဟာ အိမ်နီးချင်းတွေဖြစ်တာကြောင့် အပြန်အလှန်ဖေးဖတဲ့ဆက်ဆံရေးရှိထားပြီးဖြစ်တယ်လို့ ဦးမင်းအောင်လှိုင်ခရီး မတိုင်ခင်ကတည်းက ပြောထားပါတယ်။

    ဦးမင်းအောင်လှိုင်နဲ့ သမ္မတရှီတို့ တွေ့ဆုံမှု မတိုင်ခင် တရုတ်ပြည်သူ့ခန်းမဆောင်မှာ ပြင်ဆင်ထားတဲ့ ဂုဏ်ပြုတပ်ဖွဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    ဓာတ်ပုံ ပုံစာ, ဦးမင်းအောင်လှိုင်နဲ့ သမ္မတရှီတို့ တွေ့ဆုံမှု မတိုင်ခင် တရုတ်ပြည်သူ့ခန်းမဆောင်မှာ ပြင်ဆင်ထားတဲ့ ဂုဏ်ပြုတပ်ဖွဲ့မြင်ကွင်း
  2. ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မွေးနေ့ ပြည်တွင်းပြည်ပလှုပ်ရှားမှုတွေပြုလုပ်လာ

    ဗြိတိန်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အကြိုလှုပ်ရှားတဲ့ သရုပ်ဆောင် မေမြတ်နိုး (ဘယ်) နဲ့ သားအငယ် ကင်မ် (ညာ)

    ဓာတ်ပုံ ရင်းမြစ်, Click to Fight

    ဓာတ်ပုံ ပုံစာ, ဗြိတိန်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အကြိုလှုပ်ရှားတဲ့ သရုပ်ဆောင် မေမြတ်နိုး (ဘယ်) နဲ့ သားအငယ် ကင်မ် (ညာ)

    စစ်အာဏာသိမ်းစကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ် မပြည့်ခင်ရက်ပိုင်းအလိုမှာတော့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေရဲ့ မွေးနေ့လှုပ်ရှားမှုတွေကို ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။

    လာမယ့် ဇွန် ၁၉ ရက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်ပါတယ်။

    ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံတို့မှာ ပြည်ပရောက်မြန်မာတွေပူးပေါင်းပြီး ခြေလှမ်း ၈,၁၀၀ လမ်းလျှောက်တာ၊ နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာလည်း မွေးနေ့ ဆုတောင်းပွဲတွေ ဒီရက်ပိုင်းဆက်တိုက်ပြုလုပ်နေပါတယ်။

    ဒါဟာ သားအငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက မိခင်ရဲ့ အသက် ၈၁ နှစ်ဆိုတဲ့ ကိန်းဂဏန်းကို အစွဲပြုပြီး ကိုယ့်အတွက်အမှတ်တရဖြစ်မယ့်လှုပ်ရှားမှုတွေလုပ်ကာ အသက်ရှင်နေကြောင်း သက်သေပြပေးဖို့တိုက်တွန်းတဲ့ “Proof Of life” အစီအစဉ် ပါဝင်ပေးဖို့ ဇွန်လဆန်းပိုင်းမှာ ထုတ်ပြောပြီးနောက် အခုလိုလှုပ်ရှားမှုတွေရှိလာတာပါ။

    ဒါအပြင် “Proof Of life” အစီအစဉ်နဲ့ ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ “နှင်းဆီ လှုပ်ရှားမှု - Rose Movement: Roses of Hope” ဆိုတဲ့ လှုပ်ရှားမှုကြီးတခုကို ပြုလုပ်မယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းကွန်ယက်တို့နဲ့စုပေါင်းထားတဲ့ ၁၈ ဖွဲ့က ပူးတွဲ ကြေညာထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့၊ စစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်သိမ်းဖို့နဲ့ မြန်မာနိုင်ငံရဲ့ သမ္မတဟာ ဦးဝင်းမြင့်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံ ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုဖို့ဆိုတဲ့ အချက် ၃ ချက်နဲ့ နှင်းဆီလှုပ်ရှားမှုလုပ်ဖို့ရှိနေတာပါ။

    အဲဒီလှုပ်ရှားမှုကို ပြည်တွင်း၊ ပြည်ပကပြည်သူတွေပါဝင်နိုင်ပြီး နှင်းဆီပန်း ဒါမှမဟုတ် ပန်းတမျိုးမျိုးကို ဘုရားတင်တာ၊ ပန်ဆင်တာ၊ အပြန်အလှန်ဝေမျှတာတွေလုပ်ဖို့၊ အွန်လိုင်း ပေါ်မှာ ဓာတ်ပုံ မျှဝေဖို့နဲ့ မြေပြင်မှာသပိတ်လှုပ်ရှားဆန္ဒပြဖို့ဆိုပြီး တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

    တော်လှန်ရေးအင်အားစုတွေစိုးမိုးထားတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာတော့ နှင်းဆီလှုပ်ရှားမှု အဖြစ် လက်ကမ်းစာစောင်ဝေတာနဲ့ ပိုစတာချိတ်ဆွဲတာတွေပြုလုပ်ကြောင်း ရွှေဘိုမြို့နယ် သပိတ်အင်အားစုက ဇွန် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

    ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၊ စစ်ကော်မရှင်ဆိုကာ ဖွဲ့စည်းမှုတွေ ပြောင်းလဲ ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ရောက်တိုင်း ပန်းပန်သူတွေ၊ အွန်လိုင်းပေါ်ဓာတ်ပုံမျှဝေ သူတွေကို စစ်တပ်က ဖမ်းဆီးထောင်ချတဲ့ဖြစ်စဉ်တွေလည်း နှစ်စဉ်လိုလို ဖြစ်ခဲ့ပါတယ်။

  3. မင်္ဂလာပါ။ ဇွန်လ ၁၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။