အာဖဂန်ဒုက္ခသည် ၂၀၀၀ ကို ယူဂန်ဒါ လက်ခံမယ်

ဓာတ်ပုံ ရင်းမြစ်, Defense One/Handout via Reuters
အာဖဂန်နစ္စတန်နိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် ၂၀၀၀ ကို ယူဂန်ဒါနိုင်ငံက လက်ခံသွားဖို့ ရှိပါတယ်။
အမေရိကန်အစိုးရရဲ့ ပန်ကြားမှုကြောင့် ဒီဒုက္ခသည်တွေကိုလက်ခံသွားဖို့ သမ္မတ ယိုဝီရီ မူဆီဗီနီ က သဘောတူခဲ့တယ်လို့ ဒုက္ခသည်များဆိုင်ရာ ဝန်ကြီး အက်စ်သာ အန်ယာကွန်က ဘီဘီစီ ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တွေ သိမ်းပိုက်လိုက်ပြီး အာဖဂန်အစိုးရ ပြိုလဲသွားခဲ့အပြီးမှာ ယူဂန်ဒါနိုင်ငံက အာဖဂန်ဒုက္ခသည်တွေကို အခုလို လက်ခံဖို့ ဖြစ်လာတာပါ။
ပထမအသုတ်အနေနဲ့ အာဖဂန် ဒုက္ခသည် ငါးရာလောက် ယူဂန်ဒါနိုင်ငံ အန်တက်ဘီ နိုင်ငံတကာ လေဆိပ်ကို လာမယ့် နာရီပိုင်းအတွင်း ရောက်ရှိလာမယ်လို့ ယူဆရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူဂန်ဒါနိုင်ငံဟာ ဒုက္ခသည်တွေကို နွေးနွေးထွေးထွေး လိုက်ခံတဲ့ အစဉ်အလာ ဟိုးအရင်ကတည်းက ရှိခဲ့ပြီး လောလောဆယ်မှာ ပဋိပက္ခစစ်ပွဲတွေ ဒါမှမဟုတ် ကပ်ဘေးအန္တရာယ်တွေကနေ နေအိမ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်ပေါင်း တစ်သန်း သုံးသိန်းလောက်ကို ခိုလှုံခွင့် ပေးထားပါတယ်။
အရှေ့အာဖရိက နိုင်ငံတနိုင်ငံ ဖြစ်တဲ့ ယူဂန်ဒါနိုင်ငံဟာ အာဖရိကဒေသနိုင်ငံတွေထဲမှာ ဒုက္ခသည် အရေအတွက်အများဆုံး လက်ခံထားတဲ့ နိုင်ငံဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေထဲမှာ ဒုက္ခသည် အရေအတွက် တတိယ အများဆုံး လက်ခံထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။
ရောက်လာမယ့် အာဖဂန်ဒုက္ခသည်တွေကို ကိုဗစ်ပိုးရှိမရှိ စစ်ဆေးပြီး ကွာရန်တင်း ဝင်ခိုင်းမယ်လို့ အက်စ်သာ အန်ယာကွန်က ထပ်ဖြည့် ပြောပါတယ်။ ဒုက္ခသည်တွေ လိုအပ်တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေနဲ့ ကုန်ကျစရိတ် အားလုံးကို အမေရိကန်အစိုးရက ပေးမှာ ဖြစ်ပါတယ်။
ယူဂန်ဒါနိုင်ငံမှာ ခိုလှုံနေတဲ့ ဒုက္ခသည်စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ အိမ်နီးချင်း ကွန်ဂို ဒီမိုကရက်တစ်နိုင်ငံနဲ့ တောင်ဆူဒန်နိုင်ငံတွေကနေ ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။









