တိုက်ရိုက်ထုတ်လွှင့်မှု, အာရက္ခတပ်တော်(အေအေ) ထိန်းချုပ် ကျောက်တော်မြို့ လေကြောင်းဗုံးကြဲခံရမှု သေဆုံးသူ ၈ ဦးရှိလာ

အာရက္ခတပ်တော်(အေအေ) ထိန်းချုပ် ကျောက်တော်မြို့ လေကြောင်းဗုံးကြဲခံရမှု သေဆုံးသူ ၈ ဦးရှိလာတဲ့သတင်းအပါအဝင် ဇွန်လ ၁၈ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ထိုင်း၊ ဘန်ကောက်နဲ့ အနီးနား ခရိုင်တွေမှာလုပ်တဲ့ ငွေကြေးခဝါချမှု နှိမ်နင်းမှုမှာ ဘတ်သန်းချီနဲ့ လက်ဝတ်ရတနာတွေ ထိုင်းရဲဖမ်းမိ
  • ကျောက်တော်မြို့ စစ်တပ်ဗုံးကြဲမှုမှာ အသက် ၅ နှစ်အောက်ကလေးငယ်တစ်ဦးအပါအဝင် သေဆုံးသူ စုစုပေါင်း ၈ ဦးအထိ ရှိလာ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မကွေး၊ Operation Su စစ်ဆင်ရေးမှာ စစ်တပ်ဘက်က ဗိုလ်ကြီးအပါ ၁၀ ဦးသေဆုံး - ပခုက္ကူ အမှတ် ၁၇ တပ်ရင်း

    စစ်ယာဉ်တန်းကို တိုက်ခိုက်ပြီးနောက် NUG ရဲ့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းထုတ်ပြန်လာတဲ့ပုံ

    ဓာတ်ပုံ ရင်းမြစ်, ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း

    ဓာတ်ပုံ ပုံစာ, စစ်ယာဉ်တန်းကို တိုက်ခိုက်ပြီးနောက် NUG ရဲ့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းထုတ်ပြန်လာတဲ့ပုံ

    မကွေး၊ ဆိပ်ဖြူမြို့နယ်က စစ်တပ်ရဲ့ အမှတ် ၃၀၃၆ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ စစ်ယာဉ်တန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ပူးပေါင်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၁၀ ဦး သေဆုံးတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က ပခုက္ကူအမှတ် ၁၇ တပ်ရင်းအပါအဝင် ပူးပေါင်းတပ်တွေက သတင်းထုတ်ပါတယ်။

    ဒီယာဉ်တန်းဟာ ဆိပ်ဖြူက အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ကို သွားမယ့် စစ်ယာဉ်တန်းလို့ဆိုပြီး Operation Su စစ်ဆင်ရေးအနေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    စစ်တပ်ရဲ့တပ်ဖွဲ့ဝင်စုစုပေါင်း ၁၅ ဦးလိုက်ပါလာတဲ့အဲဒီ စစ်ယာဉ်တန်းကို ဆိပ်ဖြူမြို့အထွက် လမ်းပိုင်းတစ်နေရာမှာ ဇွန်လ ၁၆ ရက်က တိုက်ခိုက်ခဲ့တာလို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (NSP)ရဲ့ ပြန်ကြားရေးတာ၀န်ခံ ကိုသူရိန်က ပြောပါတယ်။

    ဒီကနေ့ ဇွန် ၁၈ ရက်အထိ ဆိပ်ဖြူမြို့အပါအဝင် အနီးနားကျေးရွာတွေမှာ စစ်တပ်က အင်အားတွေထပ်ဖြန့်ကြက်ထားတယ်လို့ မြေပြင်မှာရှိတဲ့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    ဆိပ်ဖြူမြို့ကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး မြို့နဲ့ ကပစ ၂၁ ဟာ မိုင် ၄၀ နီးပါးကွာဝေးပါတယ်။

    “ဆိပ်ဖြူကနေ ကပစ-၂၁ ကိုသွားတဲ့ လမ်းပိုင်းမှာ စစ်ရေးတင်းမာမှုရှိနေတယ်” လို့ ကိုသူရိန်က ပြောပါတယ်။

    တိုက်ပွဲအတွင်း သေနတ် ၅ လက်၊ ကျည်နဲ့ လက်ပစ်ဗုံးတွေအပါအဝင် ငွေသားတချို့နဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖမ်းဆီးရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။

    မြန်မာစစ်တပ်ကတော့ ဆိပ်ဖြူမြို့နယ်ထဲက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မတွေ့ ရသေးပါဘူး။

  2. မကွေးတိုင်း - စစ်တပ်နဲ့ တော်လှန်ရေးအတွက် ထောက်ပံ့ရေးဗဟိုချက်

    မကွေးတိုင်း၊ မြစ်ခြေရဲစခန်းသိမ်းပြီးနောက် မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, မကွေးဖက်ဒရယ်ယူနစ်

    ဓာတ်ပုံ ပုံစာ, မကွေးတိုင်း၊ မြစ်ခြေရဲစခန်းသိမ်းပြီးနောက် မြင်ကွင်း

    ၂၀၂၆ ခုနှစ် နှစ်ဝက်ကျိုးလာချိန် မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၁၅ ရုံအထိရှိတဲ့ မကွေးတိုင်းမှာ စစ်ရေးတင်းမာနေပြီး အပြန်အလှန်ထိုးစစ်ဆင်မှုတွေ အရှိန်ကောင်းနေပါတယ်။

    ဧရာဝတီမြစ်အနောက်ခြမ်းဒေသဖြစ်တဲ့ မကွေးတိုင်းဟာ ချင်းတောင်တန်း၊ ရခိုင်ရိုးမ၊ စစ်ကိုင်းအညာနဲ့ ပဲခူးအထိပါ နယ်နိမိတ်ထိစပ်နေလို့ စစ်တပ်ရော တော်လှန်ရေးအတွက်ပါ ဆက်သွယ်ရေး ဗဟိုချက်တစ်ခု ဖြစ်ပါတယ်။

    "တော်လှန်ရေးတပ်တွေရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ထားလာနိုင်တဲ့ စစ်တပ်က စစ်ကိုင်း၊ မကွေးလို အညာမြေပြန့်ဒေသမှာ တော်လှန်ရေးတပ်တွေ ခြေကုပ်မယူနိုင်အောင် နယ်မြေ ရှင်းလင်းရေးတွေကို အလုံးအရင်းလိုက်လုပ်တဲ့အခြေအနေပါ" လို့ မြန်မာစစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူး နောင်ရိုးက ပြောပါတယ်။

    အထူးသဖြင့် ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်နဲ့ မင်းဘူးခရိုင်တို့မှာ စစ်ရေးအလှုပ်အခတ်အများဆုံးဖြစ်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကလည်း သိရပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. ထိုင်းမှာ ဘတ်ငွေ သန်း ၆၀ ကျော်နဲ့ ရတနာတွေကို ငွေကြေးခဝါချမှုတိုက်ဖျက်မှုအတွင်း ရဲဖမ်းဆီး

    ထိုင်းအထူးစုံစမ်းရေးဌာန(DSI) ရဲတပ်ဖွဲ့ဝင်တချို့

    ဓာတ်ပုံ ရင်းမြစ်, DSI

    ဓာတ်ပုံ ပုံစာ, ထိုင်းအထူးစုံစမ်းရေးဌာန(DSI) ရဲတပ်ဖွဲ့ဝင်တချို့

    ထိုင်းမှာ ဘန်ကောက်နဲ့ အနီးနား ခရိုင်တွေမှာ ပြုလုပ်ခဲ့တဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး နှိမ်နင်းမှုတွေအတွင်း ဘတ်ငွေ ၆၅ သန်းကျော်၊ ဇိမ်ခံကားတွေနဲ့ လက်ဝတ်ရတနာတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအထူးစုံစမ်းရေးဌာန(DSI) က သတင်းထုတ်ပါတယ်။

    ပြည်ပငွေလဲစျေးကွက် (Forex)ကို ရင်းနှီးမြှုပ်နှံမှုလုပ်တယ်လို့ဆိုတဲ့ မသင်္ကာစရာကွန်ရက်ကို တိုက်ဖျက်ဖို့ ထိုင်းနိုင်ငံတလွှားလုပ်နေတဲ့ ခဝါချမှုတိုက်ဖျက်ရေး စီမံချက်အတွင်း အခုလို ဖမ်းဆီးခဲ့တာလို့ DSI က ဇွန်လ ၁၆ ရက်မှာ သတင်းထုတ်ပါတယ်။

    စုံစမ်းစစ်ဆေးသူတွကတော့ အဲဒီကွန်ရက်မှာ နိုင်ငံရေးသမားတွေနဲ့ ဖျော်ဖြေရေးနယ်ပယ်က လူပုဂ္ဂိုလ်တွေပါဝင်တယ်လို့ ကနဦး ယူဆထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပြီလို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

    လက်ရှိမှာ ဒီကွန်ရက်နဲ့ဆက်စပ်ပြီး လူပုဂ္ဂိုလ် ၇၀ နဲ့ လုပ်ငန်းတွေရဲ့ဘဏ်အကောင့်တွေကို ငွေအဝင်အထွက် လုပ်လို့မရအောင် ပိတ်သိမ်းထားလိုက်ပြီလို့လည်း ဆိုပါတယ်။

    ထိုင်း DSI ကတော့ လက်ရှိမှာ သက်သေအဖြစ်ဖမ်းဆီးရထားတွေကို စိစစ်နေပြီး တွေ့ရှိချက်တွေကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

    ဒီ Forex နဲ့ဆက်စပ်ပြီး အင်တာနက်စာမျက်နှာတွေ၊ အက်ပလီကေးရှင်းနဲ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေအောက်မှာ လိမ်လည်ခံရသူတွေရှိရင်လည်း လာရောက် တိုင်တန်းကြဖို့ နှိုးဆော်ထားပါတယ်။

  4. ရခိုင်၊ ကျောက်တော် ဗုံးကြဲခံရမှု သေဆုံးသူ ၈ ဦးအထိရှိလာ

    ဇွန်လ ၁၇ ရက်က လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကျောက်တော်မြို့ တစ်နေရာ

    ဓာတ်ပုံ ရင်းမြစ်, Wai Hun Aung

    ဓာတ်ပုံ ပုံစာ, ဇွန်လ ၁၇ ရက်က လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကျောက်တော်မြို့ တစ်နေရာ

    ရခိုင်ပြည်နယ်ထဲက အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို စစ်တပ်ဗုံးကြဲမှုမှာ အသက် ၅ နှစ်အောက်ကလေးငယ်တစ်ဦးအပါအဝင် သေဆုံးသူ စုစုပေါင်း ၈ ဦးအထိ ရှိလာပြီး သေဆုံးအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ မြေပြင်မှာရှိတဲ့ စာရေးဆရာ ကိုဝေဟင်အောင်က ဘီဘီစီကို ဒီနေ့ ဇွန် ၁၈ ရက်မှာ ပြောပါတယ်။

    ဗုံးကြဲမှုကြောင့် ဒဏ်ရာရသူ ၁၇ ဦးရှိပြီး အဲဒီထဲက ၅ ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ သူက ဖြည့်ပြောပါတယ်။

    ကျောက်တော်မြို့နယ်အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက နေရာ ၉ နေရာလောက်ကို စစ်တပ်က မနေ့ညနေပိုင်းမှာ တိုက်လေယာဉ် ၃ စင်းနဲ့ ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာလို့ အဲဒီအချိန်ကတည်းက သူကဆိုပါတယ်။

    “မြို့ပေါ်က လူနေရပ်ကွက်တွေ ကစ္စပနဒီမြစ် ကျောက်တော်ဘက်က ကမ်းနဲ့ တဖက်ကမ်းက လမ်းမတော်ရွာဘက်တွေ ကြဲခံလိုက်ရတာ” လို့ သူက ဖြည့်ပြောပါတယ်။

    စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ကျောက်တော်မြို့အနီးက အေအေရဲ့ တပ်စခန်းကို လေကြောင်းကနေ ဗုံးကြဲပြီး ရှင်းလင်းခဲ့တယ်လို့ ရေးသားဖြန့်ဝေနေကြပါတယ်။

    မြေပြင်မှာ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကတော့ ဗုံးကြဲခံလိုက်ရတဲ့ နေရာတွေဟာ စစ်ရေးပစ်မှတ်မဟုတ်ဘဲ ဒေသခံတွေ နေထိုင်လှုပ်ရှားနေကြတဲ့နေရာတွေအနီးမှာ ဗုံးတွေ ကျကွဲခဲ့တာကြောင့် အရပ်သားတွေကို ပစ်မှတ်ထားလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြောပါတယ်။

    ရခိုင်ပြည်နယ်မှာ စစ်တပ်က ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင် စတဲ့ မြို့ ၃မြို့ကို ထိန်းချုပ်ထားပြီး ကျန်တဲ့မြို့တွေကို အေအေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

    စစ်တပ်ကတော့ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို (Rules of Engagement ROE)နဲ့ အညီ လိုအပ်သလို ဆက်လုပ်သွားမယ်လို့ ၂၀၂၅ နှောင်းပိုင်းမှာ ပြောထားပါတယ်။

    တစ်ဖက်မှာလည်း ရခိုင်ဒေသထဲမှာ ပြီးခဲ့တဲ့ လတွေအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေဟာ အရပ်သားတွေဖြစ်တယ်လို့ အေအေက အကြိမ်ကြိမ်ထုတ်ပြောထားပါတယ်။

    ‌ကျောက်တော်မြို့ ဗုံးကြဲခံရမှုနဲ့ပတ်သက်လို့ မြန်မာစစ်တပ်က ဒီနေ့ ဇွန်လ ၁၈ ရက် မနက်ပိုင်းအထိ သတင်းထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။

  5. မင်္ဂလာပါ။ ဇွန်လ ၁၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။