ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, ရခိုင်-မကွေးအစပ် မင်းတုန်းနယ်ထဲ တိုက်ပွဲဆက်ပြင်းထန်နေ

ရခိုင်-မကွေးအစပ် မင်းတုန်းနယ်ထဲ တိုက်ပွဲဆက်ပြင်းထန်နေတဲ့သတင်းအပါအဝင် စက်တင်ဘာ ၂၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ရခိုင်နဲ့ မကွေးအစပ် မင်းတုန်းအနောက်ခြမ်းက တိုက်ပွဲတွေအတွင်း စစ်တပ်တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို အေအေ ထုတ်ပြန်လာ
  • မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားပြု သံအမတ်နေရာမှာ ဆက်ထားရှိဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ကုလသမဂ္ဂကို အိတ်ဖွင့်ပေးစာပို့
  • မြန်မာ့အရေးဟာ ကမ္ဘာ့အာရုံစိုက်မှုကနေ လွတ်ထွက်မယ့်ကိန်းဆိုက်နေပြီလို့ ကုလအထွေထွေအတွင်းရေးမှူးချုပ် ပြော
  • ရန်ကုန်-ပြည်နဲ့ ရန်ကုန်-မော်လမြိုင်အမြန်ရထား ၂စင်းကို ခဲနဲ့ပေါက်ခဲ့သူ ၂ ဦးကို နေပြည်တော်က အနည်းဆုံး ထောင်ဒဏ် ၅ နှစ်ချနိုင်တဲ့ ပုဒ်မနဲ့ ဖမ်းဆီးအမှုဖွင့်၏
  • မြန်မာ့အရေးနဲ့ မ္ဘာ့ပေါ်က ပဋိက္ခတွေမှာ ကုလသမဂ္ဂရဲ့ထားထုတ်မှုဟာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ကုလအထွေထွညီလာခံဥက္ကဋ္ဌပြော
  • ရွှေကူ-မန်းမော်ကြား ဧရာဝတီမြစ်ကြောင်းအတွင်း KIA ရဲ့တိုက်ခိုက်မှုကြောင့် ဆုံးရှုံးသွားတဲ့သင်္ဘောပိုင်ရှင်တွေအတွက် စိတ်မကောင်းဘူးလို့ KIO ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွန်မော်ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဗန်းမော်တိုက်ပွဲအတွင်း ဆုံးရှုံးသွားတဲ့သင်္ဘောပိုင်ရှင်တွေ နားလည်ပေးဖို့ ဗိုလ်ချုပ် ဂွန်မော်ပြော

    ဗန်းမော်မှာ စစ်တပ်ရဲ့ ခေါ်ဆောင်ခံရပြီး ကချင်လွတ်လပ်ရေးတပ်(KIA)ရဲ့တိုက်ခိုက်မှုခံရလို့ သင်္ဘောတွေ ဆုံးရှုံးသွားတဲ့သင်္ဘောပိုင်ရှင်တွေအတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ နားလည်ပေးဖို့ မျှော်လင့်တဲ့အကြောင်း KIO ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွန်မော်က လူမှုကွန်ရက်ကနေ ထုတ်ပြောလာပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရိက္ခာနဲ့ လူသူ လက်နက်အင်အား ထောက်ပို့ဖို့ မန္တလေးကနေ ကချင်ပြည်နယ်၊ ဗန်းမော်အထိ အစုန်အဆန် ခုတ်မောင်းခဲ့တဲ့ စစ်တပ်သင်္ဘော အုပ်စုကို KIA က တိုက်ခိုက်ခဲ့ပါတယ်။

    အဲဒီတိုက်ခိုက်မှုတွေအတွင်း သင်္ဘော အစင်း ၂၀ ထက်မနည်း ပျက်စီး နစ်မြုပ်ခဲ့တယ်လို့ KIA ပြန်ကြားရေးက အစောပိုင်းကတည်းက သတင်းထုတ်ထားပါတယ်။

    အခုတော့ ဒီတိုက်ခိုက်မှုတွေမှာ ဆုံးရှုံးတဲ့ သင်္ဘောပိုင်ရှင်တွေအနေနဲ့ နားလည်ပေးဖို့ ဗိုလ်ချုပ် ဂွန်မော်က ဒီနေ့မှာ ပြောလာတာဖြစ်ပါတယ်။

    ဆုံးရှုံးသွားတဲ့ ပိုင်ရှင်တွေထဲမှာ တချို့ဆိုရင် တစ်ဦးတည်း သင်္ဘော ၄ စင်းအထိ ပါ၀င်သူလည်းရှိပြီး သိန်းပေါင်း ထောင်သောင်းချီတန်ဖိုးရှိနေတာကြောင့် ဗိုလ်ချုပ် ဂွမ်မော်က အခုလို စာရေးတာလို့ နားလည်ရပါတယ်။

  2. မြန်မာ့အရေး ကုလလုပ်ဆောင်ချက် မလုံလောက်သေး - အထွေထွေညီလာခံဥက္ကဋ္ဌ

    မြန်မာ့အရေးအပါအ၀င် ကမ္ဘာ့ပေါ်က ပဋိက္ခတွေမှာ ကုလသမဂ္ဂရဲ့ထားထုတ်မှုဟာ လိုအပ်ချက်တွေ ရှိနေတယ်လို့ဆိုပြီး အခုနှစ် ကုလအထွေထွညီလာခံဥက္ကဋ္ဌက ပြောလိုက်ပါတယ်။

    အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ၈၁ ကြိမ်မြောက် ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံအဖွင့်မိန့်ခွန်းမှာ ညီလာခံဥက္ကဋ္ဌအဖြစ် တာ၀န်ယူနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေ၀န်ကြီး ခါလီလာ ရာမန်က ပြောလိုက်တာဖြစ်ပါတယ်။

    ''ကုလအဖွဲ့၀င် ၁၉၃ နိုင်ငံဟာ နှစ်ပေါင်း ၈၀ ကြာတဲ့အထိ တစ်မိုးအောက်မှာ စုစည်းနေပေမဲ့ မြန်မာ၊ ဂါဇာ၊ ယူကရိန်းနဲ့ ဆူဒန်တို့က ပဋိပက္ခတွေအရေးမှာ လုံလောက်တဲ့အားထုတ်မှု ပြည့်ပြည့်၀၀ မရှိဘူးဆိုတာကို ပြသနေတယ်'' လို့ သူက ပြောပါတယ်။

    ''ဒီနံရံတွေနဲ့ အပြင်ဘက်မှာတော့ လူတွေဟာ ကုလသမဂ္ဂအဖွဲ့ကြီး ရှိတောင် ရှိသေးရဲ့လားလို့ မမေးကြပါဘူး။ အလုပ်လုပ်သေးရဲ့လားဆိုတာမျိုးပဲ မေးကြတာပါ။ ... ယုံကြည်မှုဟာ အလိုလိုဖြစ်မလာပါဘူး။ ယုံကြည်မှုကို တည်ဆောက်ရတာပါ'' လို့ သူက ထောက်ပြပါတယ်။

    နောက်ပြီး လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ခြိမ်းခြောက်ခံရတဲ့အခါမျိုးမှာ ကုလလုံခြုံရေးကောင်စီအနေနဲ့ အရေးတယူဆောင်ရွက် လုပ်ကိုင်ဖို့ လိုအပ်တဲ့အကြောင်းလည်း သူက ပြောပါတယ်။

    အထွေထွေညီလာခံ ဥက္ကဋ္ဌရဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ နယ်စပ်ချင်းကပ်လျက်က ရခိုင်ပြည်နယ်ထဲ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေကြောင့် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ သိန်းချီကို လက်ခံထားတဲ့နိုင်ငံဖြစ်ပါတယ်။

    ဒီဒုက္ခသည်တွေအရေးဟာ ဘင်္ဂလားဒေ့ရှ်အတွက် ၀န်ထုပ်၀န်ပိုးဖြစ်နေစေတာကြောင့် ရိုဟင်ဂျာတွေ သိက္ခာရှိရှိနေရပ်ပြန်နိုင်ရေး အားထုတ်ကြဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က အကြိမ်ကြိမ်တိုက်တွန်းနေပါတယ်။

  3. အမြန်ရထားကို ခဲနဲ့ပေါက်ခဲ့သူ ၂ ဦးကို နေပြည်တော် ဖမ်းဆီးအမှုဖွင့်

    ရန်ကုန်-ပြည်နဲ့ ရန်ကုန်-မော်လမြိုင် ပြေးဆွဲနေတဲ့ လူစီးအမြန်ရထား၂ စင်းကို ရထားလမ်းပိုင်းတစ်နေရာမှာ ခဲနဲ့ပေါက်ခဲ့သူ ၂ ဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၄ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ နေပြည်တော်က နိုင်ငံပိုင်သတင်းစာကနေ ကြေညာလာပါတယ်။

    ပြည်-ရန်ကုန် DEMU လူစီးအမြန်ရထားဟာ တိုက်ကြီးမြို့နယ် ဖလုံနဲ့ သနပ်ချောင်း ဘူတာကြားအရောက်မှာ ရထားလမ်းဘေးကနေ ခဲနဲ့ပစ်ပေါက်ခံခဲ့ရပြီး စက်ခေါင်းနောက်ဘက်အတွဲက ပြတင်းတံခါးဘေးလေကာမှန် လေးလက်မခန့် ပေါက်ထွက် ကြေမွသွားခဲ့တယ်လို့ သတင်းစာထဲမှာ ဖော်ပြပါတယ်။

    စက်တင်ဘာ ၂၁ ရက်တုန်းက ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်မှာ ကျူးလွန်တယ်လို့ သံသယရှိတဲ့ အသက် ၃၄ နှစ်အရွယ် ကိုဇော်ရဲအောင်ကို အဲဒီနေ့ညပိုင်းမှာပဲ ဖမ်းမိခဲ့ပြီး ပုဒ်မ ၈၄ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

    မနေ့ စက်တင်ဘာ ၂၂ ရက်ကတော့ ရန်ကုန်-မော်လမြိုင်ပြေးဆွဲတဲ့ လူစီးအမြန်ရထားတစ်စင်းကို ပေါင်မြို့နယ် ပေါင်နဲ့ သဲဖြူကုန်း ဘူတာကြားအရောက်မှာ ရထားလမ်း‌ဘေးကနေ ခဲနဲ့ပေါက်ခံရလို့ ပြတင်းတံခါးဘေး လေကာမှန်တစ်ချပ် ပေါက်ခဲ့ပြီး စက်ခေါင်းနောက် ငါးတွဲမြောက်က ပြတင်းတံခါးမှန်တစ်ချပ် ပေါက်ထွက်သွားတယ်လို့ သတင်းစာထဲမှာ ဖော်ပြပါတယ်။

    ဒီဖြစ်စဉ်မှာလည်း သံသယတရားခံ အသက် ၄၄ နှစ်အရွယ် ကိုကျော်လင်းထွန်းဆိုသူကို ဖမ်းမိထားပြီး ပုဒ်မ ၈၄ နဲ့ အရေးယူမယ်လို့ နေပြည်တော်က ပြောပါတယ်။

    ဒီပုဒ်မရ တရားခံတွေဟာ အနည်းဆုံး ၅ နှစ်ကနေ နှစ် ၂၀ ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ခံရမှာဖြစ်ပြီး ငွေဒဏ်ကိုပါ တစ်ပါတည်းချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။

    ဇွန်လတုန်းကပဲ DEMU အမြန်ရ‌ထားပေါ်မှာ စည်းကမ်းမလိုက်နာခဲ့တဲ့ လူဆယ်ချီပါတဲ့ စီးနင်းသူအုပ်စု ၂ စုကို ပြစ်ဒဏ်အလိုက် ထောင်ဒဏ် ၂ လနဲ့ ငွေဒဏ်ချမှတ်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

  4. မြန်မာ့အရေးကို ကမ္ဘာ့အာရုံစိုက်မှု လျော့မယ့်ကိန်းဆိုက်နေ - ကုလအတွင်းရေးမှူးချုပ်

    မြန်မာ့အရေးဟာ ကမ္ဘာ့အာရုံစိုက်မှုကနေ လွတ်ထွက်သွားတော့မယ့်ကိန်းဆိုက်နေပြီလို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တော်နီယို ဂူတားရက်စ်က ပြောပါတယ်။

    အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာပြုလုပ်တဲ့ ၈၁ ကြိမ်မြောက် အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားချိန် သူက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

    ''မြင့်တက်နေတဲ့အကြမ်းဖက်မှု၊ လူထုဟာ အကြီးအကျယ် နေရပ်စွန့်ခွာရမှုနဲ့ ကျယ်ပြောလာနေတဲ့ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတွေရှိနေတဲ့'' မြန်မာဟာ ကမ္ဘာ့အာရုံစိုက်မှု လျော့ကျခံရတဲ့ကိန်းဆိုက်နေပြီလို့ သူက သတိပေး ပြောသွားတာပါ။

    ဂါဇာ အနောက်ဘက်ကမ်းမှာ အစ္စရေးနဲ့ အခြေချမှု ချဲ့လာတာ၊ ကုလပဋိဉာဏ်ကို ပြောင်းပြောင်တင်းတင်းချိုးဖောက်ပြီး ကျူးကျော်ခဲ့တဲ့ရုရှားကြောင့်ဖြစ်တဲ့ယူကရိန်းစစ်ပွဲ၊ ပြည်ပ ပယောဂနွှယ်တဲ့ဆူဒန်စစ် စတဲ့ ကမ္ဘာ့အခြေအနေတွေကို ပြောရင်း မြန်မာ့အရေးကိုလည်း သူက ထည့်ပြောသွားတာဖြစ်ပါတယ်။

    အထွေထွအတွင်းရေးမှူးချုပ်ကတော့ အာဏာကို ဥပေဒေနဲ့ ထိန်းကွပ်ရမယ်၊ နောက်ပြီး ကမ္ဘာတလွှား ပူးပေါင်းဆောင်ရွက်မှုမှာ အက်ကြောင်းရာဟာ အက်သထက် အက်လာတယ်လို့ဆိုပြီး ကမ္ဘာ့အခြေအနေကို အရပ်ရပ်ကို ခြုံငုံပြီး သူ့မိန့်ခွန်းထဲ ပြောသွားပါတယ်။

  5. မြန်မာသံအမတ်နေရာမှာ ဦးကျော်မိုးထွန်းကိုဆက်ရွေးချယ်ဖို့ ကုလကို NLD အိတ်ဖွင့်ပေးစာပို့

    ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားပြု သံအမတ်နေရာမှာ ဆက်ထားရှိဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) က ကုလသမဂ္ဂကို အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။

    အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က ကုလရုံးချုပ်မှာ ကမ္ဘာ့ခေါင်းဆောင်တွေတက်ရောက်တဲ့ ၈၁ ကြိမ်မြောက် အထွေထွေ ညီလာခံ စတင်ကျင်းပနေချိန်မှာပဲ NLD ပါတီဗဟိုက အခုလို စာထုတ် တောင်းဆိုတာဖြစ်ပါတယ်။

    ဦးကျော်မိုးထွန်းဟာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကနေ ဒီမိုကရေစီနည်လမ်းကျ ပေါ်ပေါက်လာတဲ့အစိုးရရဲ့ခန့်အပ်ထားတယ်ဆိုတဲ့အချက်ကို ပါတီက ထောက်ပြပါတယ်။

    နောက်ပြီး ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်နေရာမှာ ဆက်ထားရှိရေးဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒသဘောထားတွေနဲ့ ဆက်စပ်နေတယ်လို့လည်း NLD က ပြောပါတယ်။

    ကုလသမဂ္ဂက မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံတွေရဲ့ ကိုယ်စားပြုခွင့်ကို စိစစ်ရွေးချယ်မယ့် အရည်အချင်းစစ်ဆေးရေးကော်မတီ(Credentials Committee)ကို နိုင်ငံ ၉ နိုင်ငံနဲ့ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။

    ဒီနိုင်ငံတွေကို လက်ရှိအထွေထွေညီလာခံဥက္ကဋ္ဌ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရာမန် အဆိုပြုမှုနဲ့ ‌ရွေးချယ်ခဲ့တာပါ။

    ဒီကော်မတီကနေ နိုင်ငံအလိုက် ကိုယ်စားကိုယ်စားပြုမယ့် သံအမတ် သီးသီးကို လာမယ့် စက်တင်ဘာ ၂၈ ရက်မှာ ရွေးချယ်ခန့်အပ်သွားမှာဖြစ်ပါတယ်။

    ၁၉၅၀ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့ အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၃၉၆ (V) ပါ အခြေခံမူအရ “အဖွဲ့ဝင်နိုင်ငံတစ်ခုကို ကိုယ်စား ပြုဖို့ အာဏာပိုင်တစ်ဦးထက်ပို၍ တောင်းဆိုမှုရှိလာရင် “ပဋိညာဉ်စာတမ်းရဲ့ ရည်ရွယ် ချက်နဲ့ အခြေခံမူတွေအပြင် ဖြစ်စဉ်တစ်ခုချင်း အခြေအနေတွေနဲ့ ကိုက်ညီစွာ” ဆုံးဖြတ်ရမယ်ဆိုတဲ့အချက်ကို NLD က ထောက်ပြပါတယ်။

    ဒါကြောင့် ကိုယ်စားပြုအမတ်‌ရွေးချယ်ရေး စံနှုန်းသတ်မှတ်တဲ့နေရာမှာ နယ်မြေကို ချုပ်ကိုင်ထားနိုင်မှုတစ်ခုတည်းမဟုတ်ဘဲ ပြည်သူတွေရဲ့ ဒီမိုကရေစီ လုပ်ပိုင်ခွင့်နဲ့ လူ့အခွင့်အရေး လေးစားမှုတို့ဟာလည်း ပဋိညာဉ်စာတမ်းနဲ့ ကိုက်ညီတဲ့ တရားဝင်မှုဖြစ်တယ်လို့ NLD က ဆိုပါတယ်။

    တစ်ဖက်မှာလည်း စစ်တပ်ရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် အတိုက်အခံဘက်ကပါဝင်မှု တင်းကျပ်ကန့်သတ်ခံရတာ၊ အဓိကနိုင်ငံရေးပါတီတွေ ဖယ်ထုတ်ခံရတာ၊ မဲပေးသူအရေအတွက် လျော့နည်းတာနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြား မဲပေးစေခဲ့တာကို ဖော်ပြထားပြီး ကုလသမဂ္ဂအနေနဲ့ ဒီလုပ်ငန်းစဉ်ကို ထောက်ခံတာ ဒါမှမဟုတ် စောင့်ကြည့်တာ မလုပ်ခဲ့ဘူးလို့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်ကနေ ကြေညာထားတဲ့အချက်ကိုလည်း NLD က ထည့်ပြောပါတယ်။

    အလားတူ ကော်မတီအနေနဲ့ .....

    • ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနဲ့ ကုလသမဂ္ဂဆိုင်ရာ မှတ်တမ်းတွေအပြင်
    • ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်တဲ့ ပြည်သူလူထုကို ဖမ်းဆီး ချုပ်နှောင်ထားတာ
    • လေကြောင်းအင်အားသုံးပြီး ဘာသာရေးအဆောက်အအုံများ၊ အရပ်သား မခွဲခြားဘဲ ဖျက်ဆီးသတ်ဖြတ်တာ

    စတဲ့အခြေအနေတွေနဲ့လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေကိုပါ စဉ်းစားပေးပြီး သင့်လျော်တဲ့ ဆုံးဖြတ်ချက်နဲ့ အစီရင်ခံတင်ပြမှု ပြုလုပ်ပေးဖို့ NLD က အိတ်ဖွင့်စာထဲမှာ တောင်းဆိုထားပါတယ်။

    သံအမတ်နေရာအတွက် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင်က ခန့်အပ်ထားတဲ့ ဦးကျော်မိုးထွန်းကိုပဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က တင်သွင်းထားသလို နေပြည်တော်ကတော့ စစ်သံမှူး ဦးအောင်သူရိန်ကို ၂၀၂၄ ခုနှစ်ကတည်းက နာမည်တင်သွင်းထားပါတယ်။

    နေပြည်တော်ကတော့ သံအမတ်ဦးကျော်မိုးထွန်းကို နိုင်ငံတော် ပုန်ကန်မှု အပါအဝင် အမှုပေါင်း ၅ မှုနဲ့ တရားစွဲထားပြီး ဒီအပေါ် အရေးယူနိုင်ဖို့ အမေရိကန် နိုင်ငံအပြင်၊ နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပို နဲ့ပါ သံတမန်ရေး ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ စက်တင်ဘာလထဲမှာပဲ အသိပေးကြေညာထားပါတယ်။

  6. ရခိုင်-မကွေးအစပ် မင်းတုန်းနယ်ထဲ တိုက်ပွဲဆက်ပြင်းထန်နေ

    ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ် မင်းတုန်းမြို့နယ်အနောက်ဘက်ခြမ်းက စစ်တပ်ပွိုင့်ကုန်းတစ်ခုနဲ့ ဆက်စပ်ကျေးရွာမှာ စစ်တပ်နဲ့ စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ)တို့ကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

    မင်းတုန်းအနောက်ခြမ်း ကန်ကျောကျေးရွာအနီးက စစ်တပ်ရဲ့အမှတ် ၉၄၈ ပွိုင့်ကုန်းနဲ့ သဖန်ရောင်ရွာဘက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီနေ့ အထိ နှစ်ဖက်စစ်ရေးပြင်းထန်နေဆဲဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    “စစ်တပ်ရဲ့ စစ်ကြောင်းကို အေအေက ဖြတ်တိုက်ပြီးတဲ့နောက်မှာ တိုက်ပွဲဆက်ဖြစ်နေတာ” လို့ သူကဆိုပါတယ်။

    အေအေကတော့ စက်တင်ဘာ ၂၀ နဲ့ ၂၁ ရက်တွေမှာ စစ်တပ်ရဲ့ ၉၄၈ ပွိုင့်ကုန်းအနီးမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကနေ စစ်တပ် တပ်ဖွဲ့ဝင် အလောင်းတွေအပြင် လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိတယ်လို့ ဓာတ်ပုံတွေနဲ့အတူ မနေ့က သတင်းထုတ်ပြန်လာပါတယ်။

    မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ရွာတွေမှာ ဩဂုတ်လကုန်ပိုင်းကတည်းက စစ်တပ်ရဲ့ တပ်မ ၅၅ လက်အောက်ခံတပ်ရင်းတွေ ရောက်ရှိနေပြီး ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတာလို့ မြေပြင်အခြေအနေသိသူတချို့က အစောပိုင်းကတည်းက ပြောထားပါတယ်။

    စက်တင်ဘာ ၁၃ ရက်တုန်းကလည်း မင်းတုန်းနယ်ထဲက ဇွန်းကျကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ၆ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ပါတယ်။ လက်ရှိမှာလည်း မင်းတုန်းနယ်က စစ်တပ် စစ်ကြောင်း ဖြတ်တိုက်ခံရပြီးနောက် ဒီနေ့ မနက်အစောပိုင်းအထိ စစ်တပ်က လေကြောင်းကနေ ကင်းထောက် စောင့်ကြည့်တာတွေ လုပ်နေတယ်လို့ စစ်တပ်ရဲ့လေကြောင်းကို စောင့်ကြည့်နေတဲ့ အဖွဲ့တချို့ဆီကနေ သိရပါတယ်။

    တစ်ဖက်မှာလည်း စစ်တပ်ရဲ့စစ်ကြောင်းတွေနဲ့ စစ်ရေးပြင်းထန်နေတဲ့အခြေအနေတွေကြောင့် မင်းတုန်းအနောက်ခြမ်းမှာနေထိုင်တဲ့ဒေသခံတေကို လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကို ဂရုပြုကြဖို့ သရက်ခရိုင်အခြေစိုက်တပ်တွေက သတိပေးထားပါတယ်။

    မင်းတုန်းမြို့နယ်အနောက်ဘက်ခြမ်းဟာ ရခိုင်ပြည်နယ်နဲ့ ရိုးမသာခြားပြီး အေအေ ထိန်းချုပ်ထားတဲ့ ရခိုင်တောင်ပိုင်းက အမ်းနဲ့ တောင်ကုတ်မြို့တို့ရဲ့နယ်နိမိတ်တွေ ထိစပ်နေတာဖြစ်ပါတယ်။ မကွေးကနေ ရခိုင်ထဲ ဝင်ပေါက်ဖြစ်တဲ့ ရိုးမတောင်‌ကျော်လမ်းတွေနဲ့ တောလမ်းစတဲ့ စစ်ရေးလှုပ်ရှားနိုင်တဲ့ လမ်းတွေကလည်း မင်းတုန်းနယ်အနောက်ဘက်ခြမ်းမှာ ရှိနေတာကြောင့် ဒီနေရာကိုစိုးမိုးရေး စစ်တပ်က ကြိုးပမ်းနေတာလို့ စစ်‌ရေးသတင်းရင်းမြစ်က ရှင်းပြပါတယ်။

    အေအေကလည်း သူထိန်းချုပ်ထားတဲ့ ရခိုင်‌ဒေသတွေထဲ စစ်တပ်ရဲ့တပ်ဖွဲ့ဝင်တွေ ထိုးမဖောက်နိုင်ရေး စစ်ကြောင်းတွေကို ဖြတ်တိုက်ခုခံနေသလို စစ်တပ်ရဲ့ ထောက်ပို့လမ်းကြောင်းတွေကို ပိတ်ဆို့ဟန့်တားတာတွေ ဆက်လုပ်နေတယ်လို့ သူက ထပ်ပြောပါတယ်။ မြန်မာစစ်တပ်ကတော့ မင်းတုန်းနယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့ မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

  7. မင်္ဂလာပါ။ စက်တင်ဘာ ၂၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။