ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, "မြန်မာရှိ အဖွဲ့အစည်းအားလုံးနဲ့ ဆက်ဆံနေ" ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြော

အမေရိကန်အနေနဲ့ မြန်မာမှာရှိတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ဆက်ဆံ ပြောဆိုနေတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောလိုက်တဲ့သတင်းအပါအဝင် စက်တင်ဘာ ၁၈ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • စက်တင်ဘာလဆန်းကစလို့ ရခိုင်မှာ စစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်နေတဲ့ကြားက စစ်တပ်ကာကင်း ၄ ခုကို အေအေ ရ
  • ဖရူးဆိုမြို့နယ်မှာ စက်တင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက အသေခံဒရုန်းနဲ့ကျလို့ ကင်းစောင့်နေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တပ်ဖွဲ့ဝင် ၅ ယောက်သေဆုံး
  • အမေရိကန်အစိုးရ တာဝန်ရှိသူတွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ စက်တင်ဘာ ၁၅ ရက်နေ့မှာ နေပြည်တော်ကို သွားရောက်ခဲ့ပြီး မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. KTV မှာ အဖမ်းခံရတဲ့ KIO အရာရှိ ၁၃ ယောက်ပြန်လွတ်လာ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်က KTV ကနေ အဖမ်းခံလိုက်ရတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အရာရှိ ၁၃ ယောက် ပြန်လွတ်မြောက်လာပြီလို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ကနေ သိရပါတယ်။

    မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ KIO အရာရှိ ၁၃ ယောက်ကို PCG တာဝန်ရှိသူတချို့ သွားကြိုခဲ့တာဖြစ်တယ်လို့ PCG အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

    အဲဒီအရာရှိတွေဟာ အုပ်ချုပ်ရေးအဖွဲ့ ဝန်ထမ်းတွေဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်က ပြန်လွတ်လာတယ်ဆိုတဲ့ သတင်းတွေထွက်နေပေမဲ့ တရားဝင် သတင်းပေးပို့ချက် မရသေးဘူးလို့ ကချင်လွတ်လပ်ရေးတပ်- KIA ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    “သူတို့ကို ပြန်ပြီး စစ်ဆေးရမှာပေါ့။ သူတို့က လုပ်ငန်းတာဝန်နဲ့လား၊ ဘယ်လိုကြောင့် အခုလိုဖြစ်တာလဲဆိုတာ ပြန်စစ်ဆေးရမှာပေါ့”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    ဖမ်းဆီးခံရတဲ့အုပ်ချုပ်ရေးပိုင်းအရာရှိတွေဟာ KIO ခေါင်းဆောင်မှုသင်တန်းတစ်ခုကို တက်ရောက်ကြသူတွေဖြစ်ပြီး မြို့ပေါ်မှာ ဆုံကြချိန် အခုလို ဖမ်းဆီးခံခဲ့ရတာကို KIO နဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကို အတည်ပြုခဲ့ပါတယ်။

    KIO အရာရှိ ၁၃ ယောက်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာမှာ စစ်တပ်က ဖမ်းဆီးသွားပြီး စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က စစ်ဆေးခဲ့တာပါ။

    မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုခံရတာဖြစ်ပြီး လွတ်ရက်စေ့တာကြောင့် လွတ်မြောက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။

  2. စစ်တွေ-ပုဏ္ဏားကျွန်းအစပ်က စစ်တပ်ကာကင်းစခန်း ၄ ခု AA ထိန်းချုပ်, ပုဏ္ဏားကျွန်းကို ဆက်တိုက်ဗုံးကြဲနေ

    စစ်တပ်ကထိုးစစ်ဆင်နေတဲ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ်က စစ်တပ်ကာကင်းတပ်စခန်း ၄ ခုကို အာရက္ခတပ်တော်-အေအေက တစ်ပတ်အတွင်းမှာ ထိန်းချုပ်ထားပြီလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    စက်တင်ဘာလဆန်းကစလို့ ရခိုင်မှာ စစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်နေတဲ့ကြားက စစ်တပ်ကာကင်းတွေကို အေအေက ရလိုက်တာပါ။

    အခုချိန်မှာတော့ ရွှေမင်းဂံရေတပ်စခန်းရဲ့ ကာကင်းတွေဖြစ်တဲ့ အမြင့်ကျွန်းတံတားဂိတ်၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲက စပါးထား၊ ဆားကုန်းပို့နဲ့ ခမောင်းတောရွာနားက ကာကင်းစခန်းတွေကို ထိန်းချုပ်လိုက်တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    အဲဒီကျေးရွာတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာရှိပြီး စစ်တွေမြို့နယ်နဲ့ဆိုရင် မင်းဂံချောင်း ခေါ် မင်းချောင်း သာ ခြားတဲ့ကျေးရွာတွေဖြစ်ပါတယ်။

    ခမောင်းတောရွာမှာ စက်တင်ဘာ ၁၇ ရက်က တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က သေဆုံးသူဆယ်ချီရဲ့ အလောင်းတွေဟာ မင်းဂံချောင်းတလျှောက် မျောလာတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစပြီး စစ်တပ်က အဲဒီကျေးရွာတွေကို စစ်ကြောင်းထိုးတပ်စွဲထားတာကြောင့် ဒေသခံတွေ တိမ်းရှောင်ခဲ့ကြရတယ်လို့လည်း နောက်ထပ် ရခိုင်စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

    စစ်တပ်ကဘက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်ထဲကို လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်ရှိနေပြီး စက်တင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းအထိ နှစ်ဘက်အပြန်အလှန် လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့လည်း ပြောပါတယ်။

    ဒါ့အပြင် စစ်တွေလေဆိပ်ကနေ တိုက်လေယာဉ်တွေ ပျံတက်လာတာကိုလည်း ပြီးခဲ့တဲ့ ၄ ရက်လောက်ကစပြီး ပိုတွေ့လာရတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

  3. ဖရူးဆိုမှာ ကင်းစောင့်နေတဲ့နေရာ ဒရုန်းကျလို့ KNDF တပ်ဖွဲ့ဝင် ၅ ယောက်သေဆုံး, ရှမ်း-ကယားနယ်စပ်ကိုလည်း ဒီနေ့မနက် လေကြောင်းဗုံးကြဲနေ

    ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုခရိုင်၊ ဖရူဆိုမြို့နယ် မိုဆိုရွာနားမှာ စက်တင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်ကအသေခံ ဒရုန်းချတာကြောင့် ကင်းစောင့်နေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တပ်ဖွဲ့ဝင် ၅ ယောက်သေဆုံးတယ်လို့ ဒေသတွင်း အခြေအနေ သိရှိသူတချို့က ပြောပါတယ်။

    ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF ဦးဆောင်သူ ခွန်ဘီထူးကလည်း ဒရုန်းကျလို့ တပ်ဖွဲ့ဝင် ၅ ယောက်သေဆုံးတာကို အတည်ပြုပါတယ်။

    အသေခံဒရုန်းကျတာကြောင့် သေဆုံးသွားသူတွေထဲမှာ တပ်ခွဲမှူးတစ်ယောက်ပါဝင်ပြီး ကျန် လေးယောက်ကတော့ တပ်ဖွဲ့ဝင်တွေလို့ စစ်ရေးသတင်းအရင်းမြစ်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    စစ်တပ်က ပြီးခဲ့တဲ့လပိုင်းမှာ ဖရူဆိုမြို့နယ်အတွင်း နေရာစုံကို ကင်းထောက်သတင်းအချက်အလက်တွေ ရယူသွားတာရှိတယ်လို့လည်း ပြောပါတယ်။

    တိုက်ပွဲဖြစ်နေတာမဟုတ်ဘဲ ကင်းစောင့်တဲ့နေရာကို ဒရုန်း ကျလာတာလို့ အခြေအနေ သိရှိသူ နောက်ထပ် စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

    မိုဆိုရွာဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာတုန်းက စစ်ရှောင်ပြည်သူ အယောက် ၄၀ ကျော် မီးရှို့သတ်ဖြတ်ခံရတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။

    ဒါ့အပြင် ဒီနေ့ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းမှာလည်း ရှမ်းနဲ့ကယား(ကရင်နီ) အစပ်က မိုးဗြဲ၊ ဖယ်ခုံဝန်းကျင်နေရာတွေကိုလည်း လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

    “တိုက်ပွဲမဖြစ်ဘူး။ အဓိက တော်လှန်ရေးရဲဘော်တွေ ရှိမယ်ထင်တဲ့နေရာတွေကို ကြဲနေတာ”လို့ သူက ပြောပါတယ်။

    ကယား(ကရင်နီ)ဘက်ကို လေကြောင်းဗုံးကြဲတာ၊ ဒရုန်းချတာနဲ့ပတ်သက်လို့ စစ်တပ်က ထုတ်ပြန်တာ မရှိသေးပါဘူး။

  4. တယ်လီနောအမှုကို တရားရုံးက လက်ခံလိုက်ပြီ

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနောကုမ္ပဏီဟာ မြန်မာစစ်တပ်ဆီကို သုံးစွဲသူတွေရဲ့ အရေးကြီးကိုယ်ရေးအချက်အလက်တွေ မျှဝေခဲ့လို့ ထိခိုက်နစ်နာခဲ့တယ်ဆိုပြီး တရားစွဲထားတဲ့အမှုကို နော်ဝေတရားရုံးက လက်ခံလိုက်ပြီ ဖြစ်ပါတယ်။

    သေဒဏ်ပေးခံခဲ့ရတဲ့ NLD လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်အတွက် သူ့ရဲ့ဇနီးဖြစ်သူ မသဇင်ညွန့်အောင်နဲ့အတူ တယ်လီနောကြောင့် နစ်နာသူ ၁၂၅၃ ဦးတို့က စုပေါင်းတရားစွဲထားတာ ဖြစ်ပါတယ်။

    နစ်နာသူတွေ ကိုယ်စား ဆွီဒင်အခြေစိုက် တရားမျှတမှုနဲ့တာဝန်ယူမှုဆိုင်ရာ ဦးဆောင်လှုပ်ရှားမှု အဖွဲ့ (JAI) က တရားလိုလုပ်ပြီး ၂၀၂၆ ဧပြီလမှာ နော်ဝေက အက်စကာနှင့် ဘာရွန် ခရိုင်တရားရုံးမှာ တရားစွဲခဲ့တာပါ။

    တရားစွဲခံရတဲ့ တယ်လီနော (Telenor ASA) အနေနဲ့ ဒီဆုံးဖြတ်ချက်ကို တစ်လအတွင်း အယူခံဝင်ပိုင်ခွင့်ရှိပေမဲ့ အမှုရဲ့အကြောင်းခြင်းရာတွေအပေါ် စတင်ကြားနာစစ်ဆေးတော့မှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  5. ဗိုလ်ချုပ်ကြီးလေးဦး အနှစ် ၆၀ နီးပါး အာဏာသိမ်းထားတဲ့ မြန်မာပြည်

    လွတ်လပ်ရေးရတာ ၇၈ နှစ်ရှိပြီတဲ့ မြန်မာပြည်မှာ စစ်ဗိုလ်ချုပ်တွေကြီးစိုးတဲ့ အုပ်ချုပ်ရေးကာလက အနှစ် ၆၀ ဝန်းကျင်အထိ ရှိနေပါတယ်။

    ၁၉၆၂ မှာ ပထမဆုံးအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း၊ ၁၉၈၈ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်၊ သူ့ကိုဆက်ခံသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ၂၀၂၁ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ပဲ ဖြစ်ပါတယ်။

    ဒီ ၄ ဦးမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တခြားသူတွေနဲ့မတူဘဲ ဒုချုပ်ကနေ တပ်ချုပ်ကို အာဏာပြန်သိမ်းတာဖြစ်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးစောမောင်ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင်တစ်ဦးဖြစ်ပေမဲ့ ကျန်တဲ့ စစ်ခေါင်းဆောင်သုံးဦးနဲ့ နှိုင်းယှဥ်ရင် သူ့ရဲ့အာဏာသိမ်းအုပ်ချုပ်ရေးကာလက တိုတောင်းလွန်းလှပါတယ်။

    မြန်မာပြည်ရဲ့ အာဏာသိမ်းကာလတွေအကြောင်း ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

  6. "မြန်မာရှိ အဖွဲ့အစည်းအားလုံးနဲ့ ဆက်ဆံနေ" ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြော

    အမေရိကန်အနေနဲ့ မြန်မာမှာရှိတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ဆက်ဆံ ပြောဆိုနေပြီး အမေရိကန်ရဲ့ အကျိုးစီးပွားကို ရှေ့ဆက် ဖော်ဆောင်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘီဘီစီကို ပြောပါတယ်။

    နေပြည်တော်ကို အမေရိကန် အစိုးရ ကိုယ်စားလှယ်အဖွဲ့ လေယာဉ်နဲ့ အဝင်အထွက် လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဘီဘီစီက မေးမြန်းတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းမီဒီယာဌာနက နိုင်ငံခြားရေးရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး တုံ့ပြန်တာ ဖြစ်ပါတယ်။

    အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံမှာ ၁၉၄၇ ခုနှစ်ကတည်းက သံတမန်ရေးအရ ကိုယ်စားပြုမှု ထားရှိခဲ့တာမှာ၊ အခု မျက်မှောက်ကာလမှာလည်း အမေရိကန်ရဲ့ အကျိုးစီးပွားတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို နေပြည်တော်က အာဏာပိုင်တွေနဲ့ ပုံမှန် ဆက်သွယ် ဆွေးနွေးလေ့ရှိတယ်လို့ ဆိုပါတယ်။

    အဲဒီလို ဆက်ဆံရေးတွေထဲက တစ်စိတ်တစ်ပိုင်းအနေနဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ စက်တင်ဘာ ၁၅ ရက်နေ့မှာ နေပြည်တော်ကို သွားရောက်ခဲ့ပြီး မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဘီဘီစီကို အတည်ပြုပါတယ်။

    အဲဒီ ခရီးစဉ် တွေ့ဆုံမှုတွေအတွင်းမှာ အမေရိကန်နိုင်ငံသား အဒမ် ကာစတီယို - Adam Castillo ကို ဖမ်းဆီး ထိန်းသိမ်းထားရာကနေ ပြန်လွှတ်ပေးရေး အမေရိကန်ကိုယ်စားလှယ်အဖွဲ့ရဲ့ ဆွေးနွေးမှုတွေ အထမြောက်ခဲ့တယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများ အသင်းကို ဦးဆောင်ခဲ့သူ မစ္စတာ ကာစတီယိုဟာ အသင်းဖွဲ့စည်းပုံပါ စည်းမျဉ်း ကန့်သတ်ချက်တွေကို ဖောက်ဖျက်တဲ့အတွက် အမှုဖွင့် ထိန်းသိမ်းထားတာကနေ၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုမှာ မိတ်ဝတ်မပျက်အောင် ရှေးရှုပြီး ပြည်နှင်ဒဏ်ပေး ပြန်လွှတ်လိုက်တယ်လို့ နေပြည်တော်ဘက်ကလည်း ထုတ်ပြန်ထားပါတယ်။

    အမေရိကန် ကိုယ်စားလှယ် အဖွဲ့ရဲ့ မကြေညာတဲ့ တိတ်တဆိတ် နေပြည်တော် ခရီးစဉ်မှာ မစ္စတာ ကာစတီယို လွတ်မြောက်ရေးထက် ကျော်လွန်ပြီး၊ တခြား န်ုင်ငံရေးဆိုင်ရာ ညှိနှိုင်းမှုတွေ၊ ဝါရှင်တန်နဲ့ နေပြည်တော် ပုံမှန် သံအဆင့်အတန်း ပြန်ထားဖို့လို ကိစ္စတွေကို ဆွေးနွေးခဲ့တယ်ဆိုတဲ့ သဘောမျိုးကိုတော့ နှစ်ဖက်ပြောဆိုတာတွေထဲမတွေ့ရပါဘူး။

    အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဘီဘီစီကို ဖြေဆိုမှုထဲမှာတော့၊ နေပြည်တော်က အာဏာပိုင်တွေနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်ပေးနိုင်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ လိုအပ်ကြောင်း အမြဲတမ်း ထည့်သွင်းပြောခဲ့တယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်မယ့် အခြေအနေတွေ ဖန်တီးနိုင်ဖို့အတွက်လည်း ဒီအချက်တွေကို ဆက်လက် တိုက်တွန်းပြောဆိုသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    အမေရိကန် ကိုယ်စားလှယ် အဖွဲ့ နေပြည်တော် ခရီးစဉ် ပြုလုပ်ခဲ့တဲ့ အချက်ကို ထောက်ပြပြီး အသွင်ပြောင်း သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ဆက်ဆံရေး တံခါးဖွင့်လိုတဲ့ ဝါရှင်တန်ရဲ့ အချက်ပြမှုအဖြစ် စစ်တပ်နဲ့ နီးစပ်သူတချို့က အဓိပ္ပာယ် ဖွင့်ကြပါတယ်။

    လက်ရှိအချိန်ထိတော့ ၂၀၂၁ စစ်တပ်ရဲ့ တကျော့ပြန် အာဏာသိမ်းမှုနောက်ပိုင်း၊ အမေရိကန်ဟာ တခြား ဒီမိုကရေစီ အနောက်အုပ်စု နိုင်ငံတွေ နည်းတူ ရန်ကုန်မှာ သံအမတ် အဆင့်အတန်း မထားတော့ပဲ သံအဆင့်အတန်း လျှော့ချထားပါတယ်။

    ဒါ့အပြင်၊ အကျဉ်းသား လွတ်မြောက်ရေး နေပြည်တော် ခရီးစဉ် ရက်ပိုင်းမှာပဲ မြန်မာဟာ မူးယစ်ဆေးဝါး ထုတ်လုပ်ရာ၊ တင်ပို့ရာ အဓိက နိုင်ငံ အဖြစ် သမ္မတ ထရမ့် အစိုးရက ဆက်လက် သတ်မှတ်ထားတယ် ဆိုတဲ့ အချက် ထွက်ပေါ်လာပါတယ်။

    မြန်မာပြည်က စစ်အာဏာပိုင်တွေအနေနဲ့ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ စီးပွါးရေးတွေ အပေါ် လုံလောက်အောင် မကိုင်တွယ်ဘူးလို့လည်း ဆိုထားပါတယ်။

  7. မင်္ဂလာပါ။ စက်တင်ဘာ ၁၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။