တိုက်ရိုက်ထုတ်လွှင့်မှု, "မြန်မာရှိ အဖွဲ့အစည်းအားလုံးနဲ့ ဆက်ဆံနေ" ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြော

အမေရိကန်အနေနဲ့ မြန်မာမှာရှိတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ဆက်ဆံ ပြောဆိုနေတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောလိုက်တဲ့သတင်းအပါအဝင် စက်တင်ဘာ ၁၈ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

အမေရိကန်အစိုးရ တာဝန်ရှိသူတွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ စက်တင်ဘာ ၁၅ ရက်နေ့မှာ နေပြည်တော်ကို သွားရောက်ခဲ့ပြီး မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တယ်လီနောအမှုကို တရားရုံးက လက်ခံလိုက်ပြီ

    တယ်လီနောဟာ မြန်မာနိုင်ငံမှာ ၂၀၁၄ ကနေ ၂၀၂၂ ထိ လုပ်ငန်းလုပ်ကိုင်ခဲ့ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, တယ်လီနောဟာ မြန်မာနိုင်ငံမှာ ၂၀၁၄ ကနေ ၂၀၂၂ ထိ လုပ်ငန်းလုပ်ကိုင်ခဲ့ပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနောကုမ္ပဏီဟာ မြန်မာစစ်တပ်ဆီကို သုံးစွဲသူတွေရဲ့ အရေးကြီးကိုယ်ရေးအချက်အလက်တွေ မျှဝေခဲ့လို့ ထိခိုက်နစ်နာခဲ့တယ်ဆိုပြီး တရားစွဲထားတဲ့အမှုကို နော်ဝေတရားရုံးက လက်ခံလိုက်ပြီ ဖြစ်ပါတယ်။

    သေဒဏ်ပေးခံခဲ့ရတဲ့ NLD လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်အတွက် သူ့ရဲ့ဇနီးဖြစ်သူ မသဇင်ညွန့်အောင်နဲ့အတူ တယ်လီနောကြောင့် နစ်နာသူ ၁၂၅၃ ဦးတို့က စုပေါင်းတရားစွဲထားတာ ဖြစ်ပါတယ်။

    နစ်နာသူတွေ ကိုယ်စား ဆွီဒင်အခြေစိုက် တရားမျှတမှုနဲ့တာဝန်ယူမှုဆိုင်ရာ ဦးဆောင်လှုပ်ရှားမှု အဖွဲ့ (JAI) က တရားလိုလုပ်ပြီး ၂၀၂၆ ဧပြီလမှာ နော်ဝေက အက်စကာနှင့် ဘာရွန် ခရိုင်တရားရုံးမှာ တရားစွဲခဲ့တာပါ။

    တရားစွဲခံရတဲ့ တယ်လီနော (Telenor ASA) အနေနဲ့ ဒီဆုံးဖြတ်ချက်ကို တစ်လအတွင်း အယူခံဝင်ပိုင်ခွင့်ရှိပေမဲ့ အမှုရဲ့အကြောင်းခြင်းရာတွေအပေါ် စတင်ကြားနာစစ်ဆေးတော့မှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  2. ဗိုလ်ချုပ်ကြီးလေးဦး အနှစ် ၆၀ နီးပါး အာဏာသိမ်းထားတဲ့ မြန်မာပြည်

    လွတ်လပ်ရေးရတာ ၇၈ နှစ်ရှိပြီတဲ့ မြန်မာပြည်မှာ စစ်ဗိုလ်ချုပ်တွေကြီးစိုးတဲ့ အုပ်ချုပ်ရေးကာလက အနှစ် ၆၀ ဝန်းကျင်အထိ ရှိနေ

    ဓာတ်ပုံ ရင်းမြစ်, Getty/BBC

    ဓာတ်ပုံ ပုံစာ, လွတ်လပ်ရေးရတာ ၇၈ နှစ်ရှိပြီတဲ့ မြန်မာပြည်မှာ စစ်ဗိုလ်ချုပ်တွေကြီးစိုးတဲ့ အုပ်ချုပ်ရေးကာလက အနှစ် ၆၀ ဝန်းကျင်အထိ ရှိနေ

    လွတ်လပ်ရေးရတာ ၇၈ နှစ်ရှိပြီတဲ့ မြန်မာပြည်မှာ စစ်ဗိုလ်ချုပ်တွေကြီးစိုးတဲ့ အုပ်ချုပ်ရေးကာလက အနှစ် ၆၀ ဝန်းကျင်အထိ ရှိနေပါတယ်။

    ၁၉၆၂ မှာ ပထမဆုံးအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း၊ ၁၉၈၈ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်၊ သူ့ကိုဆက်ခံသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ၂၀၂၁ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ပဲ ဖြစ်ပါတယ်။

    ဒီ ၄ ဦးမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တခြားသူတွေနဲ့မတူဘဲ ဒုချုပ်ကနေ တပ်ချုပ်ကို အာဏာပြန်သိမ်းတာဖြစ်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးစောမောင်ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင်တစ်ဦးဖြစ်ပေမဲ့ ကျန်တဲ့ စစ်ခေါင်းဆောင်သုံးဦးနဲ့ နှိုင်းယှဥ်ရင် သူ့ရဲ့အာဏာသိမ်းအုပ်ချုပ်ရေးကာလက တိုတောင်းလွန်းလှပါတယ်။

    မြန်မာပြည်ရဲ့ အာဏာသိမ်းကာလတွေအကြောင်း ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

  3. "မြန်မာရှိ အဖွဲ့အစည်းအားလုံးနဲ့ ဆက်ဆံနေ" ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြော

    နေပြည်တော်လေဆိပ် ပုံဟောင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နေပြည်တော်လေဆိပ် ပုံဟောင်း

    အမေရိကန်အနေနဲ့ မြန်မာမှာရှိတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ဆက်ဆံ ပြောဆိုနေပြီး အမေရိကန်ရဲ့ အကျိုးစီးပွားကို ရှေ့ဆက် ဖော်ဆောင်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘီဘီစီကို ပြောပါတယ်။

    နေပြည်တော်ကို အမေရိကန် အစိုးရ ကိုယ်စားလှယ်အဖွဲ့ လေယာဉ်နဲ့ အဝင်အထွက် လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဘီဘီစီက မေးမြန်းတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းမီဒီယာဌာနက နိုင်ငံခြားရေးရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး တုံ့ပြန်တာ ဖြစ်ပါတယ်။

    အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံမှာ ၁၉၄၇ ခုနှစ်ကတည်းက သံတမန်ရေးအရ ကိုယ်စားပြုမှု ထားရှိခဲ့တာမှာ၊ အခု မျက်မှောက်ကာလမှာလည်း အမေရိကန်ရဲ့ အကျိုးစီးပွားတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို နေပြည်တော်က အာဏာပိုင်တွေနဲ့ ပုံမှန် ဆက်သွယ် ဆွေးနွေးလေ့ရှိတယ်လို့ ဆိုပါတယ်။

    အဲဒီလို ဆက်ဆံရေးတွေထဲက တစ်စိတ်တစ်ပိုင်းအနေနဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ စက်တင်ဘာ ၁၅ ရက်နေ့မှာ နေပြည်တော်ကို သွားရောက်ခဲ့ပြီး မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဘီဘီစီကို အတည်ပြုပါတယ်။

    အဲဒီ ခရီးစဉ် တွေ့ဆုံမှုတွေအတွင်းမှာ အမေရိကန်နိုင်ငံသား အဒမ် ကာစတီယို - Adam Castillo ကို ဖမ်းဆီး ထိန်းသိမ်းထားရာကနေ ပြန်လွှတ်ပေးရေး အမေရိကန်ကိုယ်စားလှယ်အဖွဲ့ရဲ့ ဆွေးနွေးမှုတွေ အထမြောက်ခဲ့တယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများ အသင်းကို ဦးဆောင်ခဲ့သူ မစ္စတာ ကာစတီယိုဟာ အသင်းဖွဲ့စည်းပုံပါ စည်းမျဉ်း ကန့်သတ်ချက်တွေကို ဖောက်ဖျက်တဲ့အတွက် အမှုဖွင့် ထိန်းသိမ်းထားတာကနေ၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုမှာ မိတ်ဝတ်မပျက်အောင် ရှေးရှုပြီး ပြည်နှင်ဒဏ်ပေး ပြန်လွှတ်လိုက်တယ်လို့ နေပြည်တော်ဘက်ကလည်း ထုတ်ပြန်ထားပါတယ်။

    အမေရိကန် ကိုယ်စားလှယ် အဖွဲ့ရဲ့ မကြေညာတဲ့ တိတ်တဆိတ် နေပြည်တော် ခရီးစဉ်မှာ မစ္စတာ ကာစတီယို လွတ်မြောက်ရေးထက် ကျော်လွန်ပြီး၊ တခြား န်ုင်ငံရေးဆိုင်ရာ ညှိနှိုင်းမှုတွေ၊ ဝါရှင်တန်နဲ့ နေပြည်တော် ပုံမှန် သံအဆင့်အတန်း ပြန်ထားဖို့လို ကိစ္စတွေကို ဆွေးနွေးခဲ့တယ်ဆိုတဲ့ သဘောမျိုးကိုတော့ နှစ်ဖက်ပြောဆိုတာတွေထဲမတွေ့ရပါဘူး။

    အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဘီဘီစီကို ဖြေဆိုမှုထဲမှာတော့၊ နေပြည်တော်က အာဏာပိုင်တွေနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်ပေးနိုင်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ လိုအပ်ကြောင်း အမြဲတမ်း ထည့်သွင်းပြောခဲ့တယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်မယ့် အခြေအနေတွေ ဖန်တီးနိုင်ဖို့အတွက်လည်း ဒီအချက်တွေကို ဆက်လက် တိုက်တွန်းပြောဆိုသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    အမေရိကန် ကိုယ်စားလှယ် အဖွဲ့ နေပြည်တော် ခရီးစဉ် ပြုလုပ်ခဲ့တဲ့ အချက်ကို ထောက်ပြပြီး အသွင်ပြောင်း သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ဆက်ဆံရေး တံခါးဖွင့်လိုတဲ့ ဝါရှင်တန်ရဲ့ အချက်ပြမှုအဖြစ် စစ်တပ်နဲ့ နီးစပ်သူတချို့က အဓိပ္ပာယ် ဖွင့်ကြပါတယ်။

    လက်ရှိအချိန်ထိတော့ ၂၀၂၁ စစ်တပ်ရဲ့ တကျော့ပြန် အာဏာသိမ်းမှုနောက်ပိုင်း၊ အမေရိကန်ဟာ တခြား ဒီမိုကရေစီ အနောက်အုပ်စု နိုင်ငံတွေ နည်းတူ ရန်ကုန်မှာ သံအမတ် အဆင့်အတန်း မထားတော့ပဲ သံအဆင့်အတန်း လျှော့ချထားပါတယ်။

    ဒါ့အပြင်၊ အကျဉ်းသား လွတ်မြောက်ရေး နေပြည်တော် ခရီးစဉ် ရက်ပိုင်းမှာပဲ မြန်မာဟာ မူးယစ်ဆေးဝါး ထုတ်လုပ်ရာ၊ တင်ပို့ရာ အဓိက နိုင်ငံ အဖြစ် သမ္မတ ထရမ့် အစိုးရက ဆက်လက် သတ်မှတ်ထားတယ် ဆိုတဲ့ အချက် ထွက်ပေါ်လာပါတယ်။

    မြန်မာပြည်က စစ်အာဏာပိုင်တွေအနေနဲ့ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ စီးပွါးရေးတွေ အပေါ် လုံလောက်အောင် မကိုင်တွယ်ဘူးလို့လည်း ဆိုထားပါတယ်။

  4. မင်္ဂလာပါ။ စက်တင်ဘာ ၁၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။