ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, မြန်မာ့ပြဿနာအတွက် ထိုင်းကြားဝင်ညှိနှိုင်းပေးဖို့အသင့်ရှိတယ်လို့ ဆီဟာဆက်ပြော

မြန်မာ့ပြဿနာအတွက် ထိုင်းကြားဝင်ညှိနှိုင်းပေးဖို့အသင့်ရှိတယ်လို့ ကမ်းလှမ်းခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြောတဲ့ သတင်းနဲ့အတူ ဇူလိုင် ၁၆ ရက် နောက်ဆုံးရ မြန်မာနဲ့ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

မြန်မာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) တွေအနေနဲ့ ထပ်မံတွေ့ဆုံလိုတယ်ဆိုရင် ထိုင်းမှာ တွေ့ဆုံနိုင်ကြောင်း ကမ်းလှမ်းထားတယ်လို့ EROs နဲ့ အာဆီယံ အထူးသံတို့ရဲ့ အလွတ်သဘောတွေ့ဆုံမှုမှာ ပါဝင်ခဲ့တဲ့ထိုင်းဘက်က ပြောပါတယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. “The Lady နဲ့ အာဆီယံအထူးသံတို့ လူချင်းတွေ့ခွင့်ပေးဖို့ မျှော်လင့်တယ်လို့ ကျွန်တော်တို့ ပြောခဲ့တယ်” - ထိုင်းနိုင်ငံခြားရေးဝန်ကြီး

    ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးသံတမန်တို့ကို လူချင်းတွေ့ဆုံမှုပေးဖို့ မျှော်လင့်တဲ့အကြောင်း နေပြည်တော်နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကို ပြောခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ပြောပါတယ်။

    နေပြည်တော်နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက တွေ့ဆုံခဲ့တဲ့အခြေအနေကို မစ္စတာ ဆီဟာဆက်က ဇူလိုင် ၁၅ ရက်မှာ ပြန်ပြောချိန် အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။

    “ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လိုအပ်တာတွေအကုန်လုံး ဂရုစိုက်နေတယ်ဆိုတဲ့အကြောင်း တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးက အာမခံ ပြောသွားတယ်။ ကျွန်တော်တို့ဘက်ကတော့ The Lady နဲ့ အာဆီယံအထူးသံတို့ လူချင်းတွေ့ခွင့်ပေးဖို့ မျှော်လင့်တယ်လို့ ပြောခဲ့တယ်”လို့ မစ္စတာ ဆီဟာဆက်က ပြောပါတယ်။

    မြန်မာအနေနဲ့ တိုးတက်မှုပြဖို့လိုအပ်တဲ့နယ်ပယ် ၄ ခုရှိဖို့လိုအပ်တဲ့အကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ သီးသန့်ဆွေးနွေးခဲ့ကြတယ်လို့လည်း ထိုင်းဘက်က ပြောလာပါတယ်။

    အဲဒီထဲမှာ အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့တိုးတက်မှုတွေ ရှိရေးကိုလည်း နိုင်ငံခြားရေးဝန်ကြီးတွေ အလေးထား ဆွေးနွေးခဲ့ကြတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    ဒီတွေ့ဆုံပွဲအပါအဝင် နေပြည်တော်က ငြိမ်းချမ်းရေးအဖွဲ့ (NSPNC) ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs) ကိုယ်စားလှယ်တွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့တဲ့ အခြေအနေကို သံတမန်တွေကို မနေ့က သူ ရှင်းပြခဲ့ပါတယ်။

    ထိုင်းဟာ မြန်မာနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အလွတ်သဘောဆွေးနွေးပွဲကို ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ဇူလိုင် ၁၂ ရက်တုန်းက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ပါတယ်။

    အဲဒီအလွတ်သဘောတွေ့ဆုံပွဲကို အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံထဲ ၉ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ပေမဲ့ မလေးရှားက အတွင်းဝန်ကိုပဲ စေလွှတ်ခဲ့ပြီး ထိုင်းနဲ့နယ်စပ် အငြင်းပွားနေတဲ့ ကမ္ဘောဒီးယားကတော့ မတက်ရောက်ခဲ့ပါဘူး။

    အဲဒီနောက် အာဆီယံအထူးသံ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ အိမ်ရှင် ထိုင်းနိုင်ငံခြား ရေးဝန်ကြီးတို့ဟာ နေပြည်တော်ငြိမ်းချမ်းရေး(NSPNC) ကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs) ကိုယ်စားလှယ်အဖွဲ့တို့နဲ့ ပတ္တရားမြို့မှာ ဇူလိုင် ၁၃ ရက် သီးခြား ထပ်မံတွေ့ဆုံခဲ့ပါတယ်။

  2. မြန်မာနဲ့ ရုရှားစစ်တပ်တို့ FPV ဒရုန်းတွေပါသုံးတဲ့ စစ်ရေးလေ့ကျင့်မှုပြုလုပ်

    မြန်မာနဲ့ ရုရှားအထူးတပ်ဖွဲ့တွေဟာ FPV ဒရုန်းတွေကို အသုံးပြုပြီး အကြမ်းဖက်အခြေစိုက်စခန်းတစ်ခုကို ၀င်တိုက်ခိုက်တဲ့ပုံစံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နေပြည်တော်မှာ ပြုလုပ်နေတယ်လို့ ရုရှားဘက်က သတင်းထုတ်ပါတယ်။

    မြန်မာနဲ့ ရုရှားကြည်းတပ် တပ်ဖွဲ့ဝင်တွေဟာ နေပြည်တော်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ထဲမှာ ဇူလိုင် ၆ ရက်ကနေ ၁၇ ရက်အထိ စစ်ရေးလေ့ကျင့်နေတာလို့ ရုရှားဘက်က ပြောပါတယ်။

    အဆင့်မြင့်အရာရှိကြီးတစ်ဦး လိုက်လာတဲ့ကားတန်း တိုက်ခိုက်ခံရမှုကို ကာကွယ်ရေးလုပ်တဲ့အသွင် ပူးတွဲလေ့ကျင့်မှုလည်း ပါဝင်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

    ရုရှားအရှေ့ပိုင်းစစ်တိုင်းက ဒုတိယတပ်မှူး ဗိုလ်မှူးကြီး တစ်ဦး ဦးဆောင်တဲ့ ရုရှားတပ်ဖွဲ့ဝင်တွေဟာ မြန်မာစစ်တပ်နဲ့ စစ်ရေးလေ့ကျင့်နေတာလို့လည်း ဆိုပါတယ်။

    အဲဒီစစ်ရေးလေ့ကျင့်မှုကို မြန်မာစစ်တပ်ရဲ့လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စုံလင်းလည်းတက်ရောက်ပြီး သူက ‘‘အခုစစ်ရေးလေ့ကျင့်မှုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ၂ နိုင်ငံ စစ်ရေးပူးပေါင်းမှု တိုးတက်မှု နောက်တဆင့်ကို ပြတယ်’’ လို့ ပွဲမှာ ပြောခဲ့တဲ့အကြောင်းလည်း ရုရှားဘက်က သတင်းထုတ်ပါတယ်။

    ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တယ်လီဂရမ်ကနေထုတ်ပြန်တဲ့ရုပ်သံမှာတော့ ရုရှားတပ်ဖွဲ့တွေဟာ ဒရုန်း၊ စနိုက်ပါသေနတ်တွေနဲ့ ယာဉ်အချို့ကို မြန်မာစစ်တပ်အရာရှိအချို့ကို ပြသနေတာကိုလည်း တွေ့ရပါတယ်။

    လာမယ့် ၅ နှစ်အတွင်း မြန်မာနဲ့ရုရှားကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို အခုနှစ် ဖေဖော်ဝါရီလဆန်းမှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ ရုရှားနိုင်ငံပိုင် TASS က သတင်းဖော်ပြပါတယ်။

    အခုနှစ် ရုရှားကာကွယ်ရေးဝန်ကြီးဟောင်းလည်းဖြစ်၊ လက်ရှိ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဆာဂေး ရှိုဂူးရဲ့ ဖေဖော်ဝါရီလဆန်း နေပြည်တော် ခရီးစဉ်မှာ အဲဒီစာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

    ရုရှားဘက်က နေပြည်တော်ကို လုံခြုံရေးအပါအဝင် ဘက်စုံလွှမ်းခြုံတဲ့အကူအညီတွေ ပေးသွားဖို့ ရုရှားဘက်က အဲဒီကတည်းက ကတိပြုခဲ့တယ်လို့လည်း သတင်းက ဆိုပါတယ်။

    အခုတော့ သဘောတူညီချက်လက်မှတ်ထိုးပြီး လပိုင်းအကြာမှာပဲ နေပြည်တော် ကာကွယ်ရေးတက္ကသိုလ်ဝင်းထဲ ရုရှားတပ်ဖွဲ့ဝင်တွေနဲ့ပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

  3. တူရကီက မအောင်မြင်တဲ့အာဏာသိမ်းမှု - ၁၀ နှစ်အတွင်း အာဒိုဝမ် ဘာတွေပြောင်းလဲခဲ့လဲ

    လမ်းမတွေပေါ်က ထွက်လာတဲ့သေနတ်သံတွေ၊ လမ်းမပေါ်က တင့်ကားတွေ၊ အစိုးရအဆောက် အအုံတွေအပေါ် နိမ့်နိမ့်ပျံနေတဲ့ဂျက် တိုက်လေယာဉ်တွေအပြင် လွှတ်တော်တိုက်ခိုက်ခံရတဲ့မြင်ကွင်းတွေစတဲ့ ဒီအဖြစ်အပျက်အားလုံးကို ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ပြချက်ကနေ မြင်နေရပါတယ်။

    အာဏာသိမ်းတာ သုံးကြိမ်၊ စစ်တပ်က နိုင်ငံရေးထဲ ဝင်ရောက်စွက်ဖက်တာ နှစ်ကြိမ်ကြုံဖူးတဲ့ တူရကီနိုင်ငံအတွက်တောင် ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၁၅ ရက်ညက မကြုံဖူးတဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်။

    အရင်တုန်းက တူရကီလွှတ်တော်တိုက်ခိုက်ခံရတာမျိုး မရှိခဲ့ဖူးသလို၊ အစ္စတန်ဘူလ်မြို့က အခုတော့ "ဇူလိုင် ၁၅ အာဇာနည်တံတား" လို့ ခေါ်တဲ့ ဘာဖရာစ် တံတားပေါ်မှာလည်း ဒီလောက် သွေးထွက်သံယို ဖြစ်ခဲ့တာ မရှိခဲ့ဖူးပါဘူး။ သမ္မတ ရီကပ် တာယစ် အာဒိုဝမ်က အာဏာသိမ်းဖို့ ကြိုးစားသူတွေကို ဆန့်ကျင်ကြဖို့ဆိုပြီး လူထုကို တိုက်တွန်းလိုက်တဲ့အခါ အရပ်သားတွေက လမ်းပေါ် ထွက်လာပြီး ခုခံတားဆီးကြရာကနေ ဒီသွေးထွက်သံယိုမှုတွေဖြစ်ပွားခဲ့တာပါ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  4. မြန်မာ့ပြဿနာအတွက် ထိုင်းကြားဝင်ညှိနှိုင်းပေးဖို့အသင့်ရှိတယ်လို့ ဆီဟာဆက်ပြော

    မြန်မာ့ပြဿနာအတွက် မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EROs) တွေအပါအဝင် နောက်ထပ်တွေ့ဆုံဆွေးနွေးချင်တယ်ဆိုရင် ဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးနိုင်သူအဖြစ် ထိုင်းဘက်က ကမ်းလှမ်းထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ပြောပါတယ်။

    မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲတွေထဲက တစ်ခုအဖြစ် မြန်မာတိုင်းရင်းသားလက်နက်ကိုင်(EROs)အဖွဲ့ကိုယ်စားလှယ်တွေ၊ နေပြည်တော် ငြိမ်းချမ်းရေးအဖွဲ့(NSPNC)က ကိုယ်စားလှယ်တွေနဲ့ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ဇူလိုင် ၁၄ ရက်မှာ သီးခြားစီ တွေ့ဆုံချိန် အခုလိုကမ်းလှမ်းခဲ့တာလို့လည်း မစ္စတာ ဆီဟာဆက်က ပြောပါတယ်။

    "သူတို့(မြန်မာ့အရေး သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီး) အနေနဲ့ ထပ်မံတွေ့ဆုံလိုတယ်ဆိုရင် တွေ့ဆုံဆွေးနွေးမယ့်နေရာအဖြစ် ထိုင်းနိုင်ငံကို အသုံးပြုနိုင်ကြောင်း ကျွန်တော်တို့ ကမ်းလှမ်းထားပါတယ်။ အဲဒီကတစ်ဆင့် နောက်ထပ် တိုးတက်မှုတွေ ရရှိလာမယ်လို့ မျှော်လင့်ပါတယ်''

    သူက မြန်မာ့အရေးဒီဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာသံတမန်တွေကို မနေ့တုန်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှာ ရှင်းလင်းပြောကြားချိန် အခုလိုပြောလိုက်တာဖြစ်ပါတယ်။

    လက်ရှိမှာ တိုင်းရင်းသားလက််နက်ကိုင်(EROs)တွေဘက်မှာ ဘုံရပ်တည်ချက်တစ်ခု မရှိနေသေးတာကို တွေ့ရပေမဲ့ အဲဒီအတွက် ကြိုးစားနေတယ်လို့ EROs တွေဘက်က ပြောခဲ့တဲ့အကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    ‘‘သူတို့(EROs) အနေနဲ့ ဆွေးနွေးပြောဆိုတာတွေလုပ်နိုင်မယ့် ဘုံသဘောတူညီချက်အချို့ကို နောက်ပိုင်း တဖြည်းဖြည်းနဲ့ ရှာတွေ့မယ်လို့ ထင်ပါတယ်။ လက်ရှိအချိန်မှာတော့ ဆွေးနွေးပွဲဖြစ်မြောက်ဖို့ ဆွေးနွေးရတာတွေ ရှိနိုင်ပါတယ်။ ဘယ်လိုဆွေးနွေးကြမယ်၊ ဘယ်မှာဆွေးနွေးကြမယ်ဆိုတာတွေပေါ့။’’ လို့ သူက ပြောပါတယ်။

    ဒါကြောင့် ‘‘ကြီးကြီးမားမား ဆွေးနွေးပြောဆိုမှုအချို့ ဖြစ်ပေါ်လာနိုင်မယ့် ပထမဆုံးအဆင့်ကို တွေးဆကြည့်ဖို့ ကျွန်တော်တို့ဘက်က တိုက်တွန်းတာတော့ ရှိပါတယ်။’’ လို့လည်း မစ္စတာ ဆီဟာဆက်က ပြောပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့နဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အဖြစ် စုဖွဲ့မှုမှာလည်း ပါဝင်ထားပြီး အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီပြည်၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကလည်း မနေ့ညနေပိုင်းမှာ သူတို့ရဲ့ သဘောထားကို ထုတ်ပြန်ပါတယ်။

    လက်ရှိမြန်မာ့နိုင်ငံရေး အရှိတရားအရ မြန်မာ့အုပ်ချုပ်ရေးဟာ နေပြည်တော်မှာပဲ သီးသန့်မရှိတော့တဲ့ အပြောင်းအလဲကိုရောက်သွားပြီမို့ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မဆို တရားဝင်နိုင်ငံရေးအာဏာပိုင်တွေကို အသိအမှတ်ပြု ထိတွေ့ဆက်ဆံမှုပြုလုပ်ရမယ်လို့ SCEF က ပြောပါတယ်။

    နိုင်ငံရေးအသွင်ကူးပြောင်းမှုက ရည်မှန်းချက်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးက နည်းလမ်းဖြစ်တာကြောင့် အကြမ်းဖက်မှုလျှော့ချရုံသက်သက် ရည်ရွယ်တဲ့တွေ့ဆုံဆွေးနွေးမှုဟာ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကိုဆောင်ကျဉ်းပေးနိုင်မှာမဟုတ်ဘူးလို့လည်း SCEF က သဘောထားထုတ်ပြန်ပါတယ်။

    စစ်တပ်ဟာ အဓိပ္ပါယ်ပြည့်ဝတဲ့ဆွေးနွေးပွဲတွေအတွက် နိုင်ငံရေးဆန္ဒပြသတာ မမြင်ရသေးတာကြောင့် တရားဝင်နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုများ စတင်ဖို့ အခြေအနေမရောက်သေးဘူးလို့လည်း SCEF က ပြောပါတယ်။

    အဓိပ္ပါယ်ပြည့်ဝတဲ့ဆွေးနွေးပွဲပေါ်ပေါက်ဖို့ နိုင်ငံရေးယုံကြည်ချက်ရှိရမှာဖြစ်ပြီး အဲဒီယုံကြည်ချက် ပေါ်လာဖို့ဆိုရင် စစ်တပ်ဘက်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေသူတွေ သေချာစွာရောက်ရှိဖို့၊ စစ်မှန်တဲ့ကတိကဝတ်ဖော်ပြနိုင်တဲ့ ယုံကြည်မှု တည်ဆောက်ရေး အစီအစဉ်တွေ ပြသဖို့ လိုတယ်လို့လည်း SCEF က ပြောပါတယ်။

    SECF အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေဟာ မြန်မာ့အရေးအလွတ်သဘော တွေ့ဆုံမှုအဖြစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်ပြီး ထိုင်းက အိမ်ရှင်အဖြစ် လက်ခံပြုလုပ်တဲ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

  5. မင်္ဂလာပါ။

    ဇူလိုင်လ ၁၆ ရက်နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်မှု စတင်ပါပြီ။

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။