မြန်မာနဲ့ ရုရှားစစ်တပ်တို့ FPV ဒရုန်းတွေပါသုံးတဲ့ စစ်ရေးလေ့ကျင့်မှုပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, screengrab/ရုရှားကာကွယ်ရေးဝန်ကြီးဌာန
မြန်မာနဲ့ ရုရှားအထူးတပ်ဖွဲ့တွေဟာ FPV ဒရုန်းတွေကို အသုံးပြုပြီး အကြမ်းဖက်အခြေစိုက်စခန်းတစ်ခုကို ၀င်တိုက်ခိုက်တဲ့ပုံစံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နေပြည်တော်မှာ ပြုလုပ်နေတယ်လို့ ရုရှားဘက်က သတင်းထုတ်ပါတယ်။
မြန်မာနဲ့ ရုရှားကြည်းတပ် တပ်ဖွဲ့ဝင်တွေဟာ နေပြည်တော်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ထဲမှာ ဇူလိုင် ၆ ရက်ကနေ ၁၇ ရက်အထိ စစ်ရေးလေ့ကျင့်နေတာလို့ ရုရှားဘက်က ပြောပါတယ်။
အဆင့်မြင့်အရာရှိကြီးတစ်ဦး လိုက်လာတဲ့ကားတန်း တိုက်ခိုက်ခံရမှုကို ကာကွယ်ရေးလုပ်တဲ့အသွင် ပူးတွဲလေ့ကျင့်မှုလည်း ပါဝင်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားအရှေ့ပိုင်းစစ်တိုင်းက ဒုတိယတပ်မှူး ဗိုလ်မှူးကြီး တစ်ဦး ဦးဆောင်တဲ့ ရုရှားတပ်ဖွဲ့ဝင်တွေဟာ မြန်မာစစ်တပ်နဲ့ စစ်ရေးလေ့ကျင့်နေတာလို့လည်း ဆိုပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုကို မြန်မာစစ်တပ်ရဲ့လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စုံလင်းလည်းတက်ရောက်ပြီး သူက ‘‘အခုစစ်ရေးလေ့ကျင့်မှုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ၂ နိုင်ငံ စစ်ရေးပူးပေါင်းမှု တိုးတက်မှု နောက်တဆင့်ကို ပြတယ်’’ လို့ ပွဲမှာ ပြောခဲ့တဲ့အကြောင်းလည်း ရုရှားဘက်က သတင်းထုတ်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တယ်လီဂရမ်ကနေထုတ်ပြန်တဲ့ရုပ်သံမှာတော့ ရုရှားတပ်ဖွဲ့တွေဟာ ဒရုန်း၊ စနိုက်ပါသေနတ်တွေနဲ့ ယာဉ်အချို့ကို မြန်မာစစ်တပ်အရာရှိအချို့ကို ပြသနေတာကိုလည်း တွေ့ရပါတယ်။
လာမယ့် ၅ နှစ်အတွင်း မြန်မာနဲ့ရုရှားကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို အခုနှစ် ဖေဖော်ဝါရီလဆန်းမှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ ရုရှားနိုင်ငံပိုင် TASS က သတင်းဖော်ပြပါတယ်။
အခုနှစ် ရုရှားကာကွယ်ရေးဝန်ကြီးဟောင်းလည်းဖြစ်၊ လက်ရှိ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဆာဂေး ရှိုဂူးရဲ့ ဖေဖော်ဝါရီလဆန်း နေပြည်တော် ခရီးစဉ်မှာ အဲဒီစာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
ရုရှားဘက်က နေပြည်တော်ကို လုံခြုံရေးအပါအဝင် ဘက်စုံလွှမ်းခြုံတဲ့အကူအညီတွေ ပေးသွားဖို့ ရုရှားဘက်က အဲဒီကတည်းက ကတိပြုခဲ့တယ်လို့လည်း သတင်းက ဆိုပါတယ်။
အခုတော့ သဘောတူညီချက်လက်မှတ်ထိုးပြီး လပိုင်းအကြာမှာပဲ နေပြည်တော် ကာကွယ်ရေးတက္ကသိုလ်ဝင်းထဲ ရုရှားတပ်ဖွဲ့ဝင်တွေနဲ့ပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။


