ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, မြန်မာထဲတိမ်းရှောင်နေတဲ့မူးယစ်ဂိုဏ်းတွေကို ဖမ်းပေးဖို့ ထိုင်းရဲတပ်ဖွဲ့က နေပြည်တော်ကိုပြော

ဘန်ကောက်မှာ မြန်မာအမျိုးသား ၁ ဦး အထပ်မြင့်ကွန်ဒိုကနေ ပြုတ်ကျ သေဆုံး တဲ့ သတင်းအပါအဝင် ဇူလိုင် ၂၇ နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်နာအရပ်က အထပ်မြင့်ကွန်ဒိုတိုက်ခန်းတစ်ခုကနေ မြန်မာအမျိုးသား ၁ ဦး ပြုတ်ကျသေဆုံးမှုဖြစ်
  • မြန်မာထဲ တိမ်းရှောင်နေတဲ့မူးယစ်ဂိုဏ်းတွေကို ဖမ်းဆီးပေးဖို့ နေပြည်တော်ရောက်တဲ့ ထိုင်းရဲတပ်ဖွဲ့ ကိုယ်စားလှယ်အဖွဲ့က တောင်းဆို
  • အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊ ဆီယက်တယ်မြို့မှာ အစားအသောက်ရောင်းချတဲ့ပွဲခင်းထဲ သေနတ်ပစ်ခတ်မှုဖြစ်လို့ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ပုဏ္ဏားကျွန်းက အမျိုးသမီး လက်ထိပ်ခတ် သတ်ဖြတ်ခံရမှုမှာ တရားခံ ၃ ဦးကို ဖမ်းမိပြီလို့ အေအေ ရဲတပ်ဖွဲ့ပြော

    ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရပြီးတဲ့နောက် လက်ထိပ်တန်းလန်းနဲ့ သေဆုံးမှုမှာ ကျူးလွန်သူလို့ဆိုတဲ့ အမျိုးသား ၃ ဦးကို ဖမ်းမိပြီလို့ AA ရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

    တရားခံလို့ဆိုသူ အမျိုးသား ၃ ဦးထဲက အသက် ၃၇ နှစ်အရွယ် မောင်တင်ဝင်းဆိုသူဟာ ဇူလိုင် ၁၈ ရက်က အဲဒီအမျိုးသမီးကို လူမှုရေးကိစ္စအကြောင်းပြခေါ်ယူခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ရွာနားက သရက်တောခြံဝင်းထဲမှာ မုဒိမ်းပြုကျင့်ခဲ့တာလို့ တရားခံ ၃ ယောက်လုံးက ထွက်ဆိုတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    နောက်ထပ် တရားခံ နှစ်ဦးကလည်း အတူလိုက်ပါလာပြီး အမျိုးသမီးရဲ့မျက်လုံးကို အဝတ်စစည်းထားပြီး တန်းစွယ်ရွာနားက ကားလမ်းဘေးမှာ စောင့်နေခဲ့တာလို့ ထွက်ဆိုခဲ့ကြပါတယ်။

    အသတ်ခံခဲ့ရသူ အမျိုးသမီးနဲ့ မောင်တင်ဝင်းတို့ဟာ ၂၀၁၄ ခုနှစ်ကတည်းက သိကျွမ်းခဲ့ကြသူတွေဖြစ်တာကြောင့် လူမှုရေးကိစ္စ အကြောင်းပြပြီး ခေါ်ယူခဲ့တာလို့လည်း ဖမ်းဆီးထားသူတွေရဲ့အပြောကို AA ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    မောင်တင်ဝင်းက အဲဒီအမျိုးသမီးကို လက်ထိပ်ခတ်၊ မျက်နှာစည်းပြီးတဲ့ချိန် ကာမဆန္ဒဖြည့်ဆည်းပေးဖို့ တောင်းဆိုခဲ့ပြီး အမျိုးသမီးဘက်က ငြင်းဆန်တာကြောင့် ကျောက်ခဲနဲ့ ထုရိုက်ခဲ့ပြီး မုဒိမ်းကျင့်ခဲ့တာလို့ ၀န်ခံခဲ့တဲ့အကြောင်း AA ရဲတပ်ဖွဲ့က ပြောပါတယ်။

    အာရက္ခရဲတပ်ဖွဲ့က တရားခံသုံးဦးလုံးကို ဇူလိုင် ၂၄ ရက်မှာ ဖမ်းဆီးခဲ့ပြီး သက်သေခံပစ္စည်းတွေကို လည်း သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

    ဖမ်းဆီးထားတဲ့အမျိုးသား ၃ ဦးကိုတော့ ရဲတပ်ဖွဲ့က ဥပဒေနဲ့အညီ တရားစွဲဆိုတာတွေဆက်ပြီး လုပ်ဆောင်သွားမယ်လို့ AA ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။

    အာရက္ခတပ်တော် ရဲ့ ဥပဒေတွေအရ လူသတ်မှုပုဒ်မ ၃၀၂ (၁) ကို ကျူးလွန်ရင် သေဒဏ် နဲ့ ငွေဒဏ် ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

    ‌‌‌နောက်ပြီး မုဒိမ်းမှုပုဒ်မ ၃၇၆ ကို ကျူးလွန်ရင် ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ငွေဒဏ်အပြင် နှစ်မျိုးလုံးပါ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

  2. မြန်မာထဲ တိမ်းရှောင်နေတဲ့မူးယစ်ဂိုဏ်းတွေကို နှိမ်နှင်းပေးဖို့ ထိုင်းက နေပြည်တော်ကိုတောင်းဆို

    မြန်မာနိုင်ငံထဲ တိမ်းရှောင်နေတဲ့ ထိုင်းဘက်က အလိုရှိသူ မူးယစ်ဂိုဏ်းနဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီး နှိမ်နင်းပေးဖို့ နေပြည်တော်ကိုရောက်ချိန်မှာ တောင်းဆိုခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

    ထိုင်းစစ်အစိုးရလက်ထက် တရားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပိုင်ဘွန် ခွန်ချာရာ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့က ဇူလိုင် ၂၅ ရက်မှာ နေပြည်တော်ကို သွားခဲ့ချိန် အခုလိုတောင်းဆိုခဲ့တာလို့ ထိုင်းဘက်က ပြောပါတယ်။

    ဒီခရီးစဉ်အကြောင်းကိုတော့ ထိုင်းဘက်က ဇူလိုင် ၂၆ ရက်မှာ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

    ထိုင်းရဲတပ်ဖွဲ့ခေါင်းဆောင်တွေပါတဲ့ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ်ကြီးဟောင်း ပိုင်ဘွန်ခွန်ချာရာက ဦးဆောင်ပြီး နေပြည်တော် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဒုဝန်ကြီး ဗိုလ်ချုပ် မင်းသူ၊ ရဲဗိုလ်ချုပ် မျိုးမင်းထိုက် နဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီတွေ့ဆုံမှုမှာ မြန်မာနိုင်ငံမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ မူးယစ်မှောင်ခိုရောင်းဝယ်ရေးလုပ်နေသူတွေကို ခြေရာခံနိုင်ဖို့ အကူအညီပေးရေးကိစ္စအပါအဝင် အချက် ၃ ချက်ကို ဆွေးနွေးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    အဲဒီလူတွေဟာ ထိုင်းအာဏာပိုင်တွေက အလိုရှိနေတဲ့ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းတွေရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တယ်လို့ ဆိုပါတယ်။

    နောက်ပြီး ထိုင်းနိုင်ငံက တင်သွင်းတဲ့ ဓာတုဇီဝပစ္စည်းတွေကို မြန်မာနိုင်ငံက စက်ရုံတွေမှာ ဥပဒေနဲ့အညီ အသုံးပြု မပြုကိုလည်း စိစစ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

    နောက်တစ်ချက်အနေတဲ့ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေကို ထိုင်း-မြန်မာနယ်စပ်ကနေ မှောင်ခိုသယ်ယူနေမှုတွေကို နှိမ်နင်းရေး တားဆီးပေးဖို့ကိုလည်း မြန်မာဘက်ကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

    မြန်မာဘက်ကတော့ ထိုင်းနိုင်ငံကတောင်းဆိုမှုတွေ လက်ခံကြောင်းနဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးမှာ ထိုင်းဘက်က မြန်မာကို သင်တန်းပို့ချပေးဖို့ တောင်းဆိုခဲ့တယ်လို့ ထိုင်းဘက်က ထုတ်ပြန်ပါတယ်။

    နောက်ပြီး နိုင်ငံတကာအဆင့်အတန်းမီတဲဲ့ မူးယစ်ဆေးဝါး စစ်ဆေးရေး ကိရိယာတွေကို လည်း ထောက်ပံ့ပေးဖို့ မြန်မာဘက်က တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

    နေပြည်တော်ဘက်ကတော့ ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ တစုံတရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

    နေပြည်တော်ကို သွားခဲ့တဲ့ ထိုင်းကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားတဲ့ ဒုတိယစစ်ခေါင်းဆောင်ဟောင်း ဦးစိုးဝင်းနဲ့လည်း တွေ့ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

  3. အမေရိကန်က ဆီယက်တယ်မြို့မှာ ပစ်ခတ်မှု ၂ ဦးသေဆုံး, ၅ ဦး ဒဏ်ရာရ

    အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊ ဆီယက်တယ်မြို့က ဆီယက်တယ် စင်တာမှာ အစားအသောက်ပွဲတော် ကျင်းပနေတဲ့ပွဲခင်းထဲ သေနတ်ပစ်ခတ်မှုဖြစ်လို့ လူ ၂ ဦး သေဆုံးပြီး ကလေးတွေအပါအဝင် နောက်ထပ် ၅ ဦး ဒဏ်ရာရတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

    မျက်မြင်တွေကတော့ ဒေသစံတော်ချိန် ညနေ ၆ နာရီခန့်မှာ သေနတ်သံ အချက်ရေ များများကို ကြားခဲ့ရတယ်လို့ မြို့ခံသတင်းဌာနတွေကို ပြောပါတယ်။

    ရဲကတော့ အခုဖြစ်ရပ်ကို စုံစမ်းနေပြီဖြစ်ပြီး နောက်ဆုံးရအချက်အလက်ကို ဆက်ပြီး ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

    ပစ်ခတ်မှုဖြစ်တဲ့အချိန်ဟာ စင်တာထဲမှာ နှစ်စဉ်ကျင်းပပြီး လူထောင်ချီတက်ရောက်တဲ့ အစားအသောက်ပွဲတော် ကျင်းပနေချိန်လည်း ဖြစ်ပါတယ်။

    ဆီယက်တယ် မီးသတ်ဌာနကတော့ ပစ်ခတ်မှုဖြစ်တဲ့ နေရာတင် ဒဏ်ရာရလို့ ကုသပေးရသူ ၅ ဦးရှိပြီး အဲဒီထဲ အသက် ၅၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးဟာ ဒဏ်ရာပြင်းထန်လို့ ဆေးရုံပို့ထားလိုက်ပြီလို့ ပြောပါတယ်။

    သေနတ်သမားအခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ ရဲအရေအတွက်အများအပြားကို လုံခြုံရေးဖြန့်ထားလိုက်ပြီလို့ သိရပါတယ်။

  4. မြန်မာရထားပေါ်က အငြင်းပွားဖွယ်ခရီးသွားများ

    စပိန်နဲ့ ဂျပန်ထုတ် လေအေးပေးစက်ပါ ဒီဇယ်-လျှပ်စစ် ရထား(DEMU)တွေကို နိုင်ငံတဝန်း ဒေသအချို့မှာ ပြေးဆွဲလာတဲ့နောက် ရထားစီး ခရီးသည်တချို့ရဲ့ရထားပေါ် အပြုအမူနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေလည်း ညံလာပါတယ်။

    ဇူလိုင်လထဲမှာပဲ ဖြစ်စဥ် ၂ ခုထက်မနည်းရှိခဲ့ပါတယ်။ ပထမတခုက ရန်ကုန်-မန္တလေး ပြေးဆွဲတဲ့ DEMU ရထားပေါ်မှာ ကွမ်းယာပြီး အဲဒီကွမ်းယာတဲ့ထုံးတွေက ရထားထိုင်ခုံအစွပ်တွေကို ပေကျံတာ၊ ကွမ်းတံတွေးဘူးတွေကို ရထားပေါ် ချန်ထားခဲ့တာနဲ့ စကားကျယ်ကျယ်ပြောဆိုတာတွေရှိတယ်ဆိုပြီး သက်လတ်ပိုင်း အမျိုးသမီး လေးယောက် အမှုဖွင့် အရေးယူခံလိုက်ရပါတယ်။

    နောက်ဖြစ်ရပ်ကတော့ ဇူလိုင် ၂၃ ရက်က မော်လမြိုင်-ရန်ကုန် DEMU ရထားပေါ်မှာအမျိုးသမီး အယောက် ၆၀ ဝန်းကျင်ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ရဲ့ဆူညံသံတွေကြောင့် တခြားခရီးသည်တွေ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်ဆိုတဲ့ပြောဆိုမှုတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

    ဒီလိုဖြစ်စဥ်တွေ ဆက်တိုက်ဖြစ်လာတဲ့နောက် အများပြည်သူပိုင် ရထားပေါ်မှာ စည်းကမ်းမဲ့တဲ့အပြုအမူတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့နဲ့ လိုအပ်ရင် အရေးယူဖို့ဆိုတဲ့တောင်းဆိုသံတွေ ထွက်ပေါ်လာပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  5. ဘန်ကောက်မှာ မြန်မာအမျိုးသား ၁ ဦး အထပ်မြင့်ကွန်ဒိုကနေ ပြုတ်ကျ သေဆုံး

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အရှေ့တောင်ဘက်ပိုင်း ဘန်နာအရပ်က အထပ်မြင့်ကွန်ဒို၀င်း တိုက်ခန်းတစ်ခုကနေ မြန်မာအမျိုးသားတစ်ဦး ပြုတ်ကျ သေဆုံးခဲ့တယ်လို့ အဲဒီကွန်ဒိုမှာ နေထိုင်တဲ့မြန်မာ ၂ ဦးထက်မနည်းက ပြောပါတယ်။

    မြန်မာအမျိုးသား ပြုတ်ကျမှု ဖြစ်ခဲ့တဲ့နေရာဟာ ကွန်ဒိုဝင်းရဲ့ အဆောက်အဦ စီမှာဖြစ်ပြီး ၁၂ လွှာအမြင့်ကနေ ပြုတ်ကျခဲ့တာလို့လည်း အဲဒီမှာနေထိုင်တဲ့မြန်မာတစ်ဦးက ပြောပါတယ်။

    သူတို့အပြောအရ အဲဒီအမျိုးသား တိုက်ပေါ်ကနေ ပြုတ်ကျခဲ့တဲ့ဖြစ်ရပ်ဟာ ဇူလိုင် ၂၁ ရက်၊ ညနေ ၃ နာရီကျော်ခန့်က ဖြစ်ပွားခဲ့တာလို့လည်း ဆိုပါတယ်။

    ဒီအမျိုးသားဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းအမျိုးမျိုးထွက်နေပြီး အဲဒီထဲ ‘’ကောင်မလေးက ထားသွားလို့ စိတ်ဓာတ်ကျပြီး ခုန်ချသွားတယ်လို့ လည်း ကြားတယ်” အကြောင်း အဲဒီကွန်ဒို ဝင်းအတွင်းမှာ နေထိုင်တဲ့ မြန်မာတစ်ဦးက ပြောပါတယ်။

    ကွန်ဒို စီမံ ရုံးအဖွဲ့ကတော့ ကွန်ဒိုမှာနေထိုင်တဲ့အမျိုးသားတစ်ဦး ပြုတ်ကျမှုဖြစ်တစ်ခု ဖြစ်ခဲ့တဲ့အကြောင်း ကွန်ဒိုမှာနေထိုင်သူတွေကို Line အက်ပလီကေးရှင်းကတဆင့် ကနဦးကြေညာခဲ့ပါတယ်။

    အမျိုးသားဟာ အဆောက်အဦ စီ ရဲ့ လျှပ်စစ်နဲ့ ထိန်းသိမ်းရေးလုပ်တဲ့နေရာကို ပြုတ်ကျခဲ့တာဖြစ်ပြီး တစ်ဦးတည်း နေထိုင်သူဖြစ်တယ်လို့ ကွန်ဒိုဘက်က နောက်ပိုင်းမှာ ကြေညာပါတယ်။

    အဲဒီဖြစ်ရပ်အတွက် ဘန်နာ ရဲတပ်ဖွဲ့၊ ဆေးမှုခင်းအဖွဲ့တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ကွန်ဒို စီမံအဖွဲ့က ကြေညာပါတယ်။

    ဒီဖြစ်စဉ် အခြေအနေကို သိရဖို့ ဘီဘီစီက ကွန်ဒိုဝင်းကို စီမံနေတဲ့ကုမ္ပဏီကို အီးမေးလ်က တဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်လာတာတော့ မရှိသေးပါဘူး။

  6. မင်္ဂလာပါ။ ဇူလိုင် ၂၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။