တိုက်ရိုက်ထုတ်လွှင့်မှု, ဘန်ကောက်မှာ မြန်မာအမျိုးသား ၁ ဦး အထပ်မြင့်ကွန်ဒိုကနေ ပြုတ်ကျ သေဆုံး

ဘန်ကောက်မှာ မြန်မာအမျိုးသား ၁ ဦး အထပ်မြင့်ကွန်ဒိုကနေ ပြုတ်ကျ သေဆုံး တဲ့ သတင်းအပါအဝင် ဇူလိုင် ၂၇ နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

ဘန်ကောက်မြို့၊ ဘန်နာအရပ်က အထပ်မြင့်ကွန်ဒိုတိုက်ခန်းတစ်ခုကနေ မြန်မာအမျိုးသား ၁ ဦး ပြုတ်ကျ သေဆုံး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာရထားပေါ်က အငြင်းပွားဖွယ်ခရီးသွားများ

    DEMU အဆန်ရထားတစ်စင်းကို ဘူတာတစ်ခုမှာ ရပ်နားထားတာကို မြင်တွေ့ရတာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, DEMU အဆန်ရထားတစ်စင်း

    စပိန်နဲ့ ဂျပန်ထုတ် လေအေးပေးစက်ပါ ဒီဇယ်-လျှပ်စစ် ရထား(DEMU)တွေကို နိုင်ငံတဝန်း ဒေသအချို့မှာ ပြေးဆွဲလာတဲ့နောက် ရထားစီး ခရီးသည်တချို့ရဲ့ရထားပေါ် အပြုအမူနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေလည်း ညံလာပါတယ်။

    ဇူလိုင်လထဲမှာပဲ ဖြစ်စဥ် ၂ ခုထက်မနည်းရှိခဲ့ပါတယ်။ ပထမတခုက ရန်ကုန်-မန္တလေး ပြေးဆွဲတဲ့ DEMU ရထားပေါ်မှာ ကွမ်းယာပြီး အဲဒီကွမ်းယာတဲ့ထုံးတွေက ရထားထိုင်ခုံအစွပ်တွေကို ပေကျံတာ၊ ကွမ်းတံတွေးဘူးတွေကို ရထားပေါ် ချန်ထားခဲ့တာနဲ့ စကားကျယ်ကျယ်ပြောဆိုတာတွေရှိတယ်ဆိုပြီး သက်လတ်ပိုင်း အမျိုးသမီး လေးယောက် အမှုဖွင့် အရေးယူခံလိုက်ရပါတယ်။

    နောက်ဖြစ်ရပ်ကတော့ ဇူလိုင် ၂၃ ရက်က မော်လမြိုင်-ရန်ကုန် DEMU ရထားပေါ်မှာအမျိုးသမီး အယောက် ၆၀ ဝန်းကျင်ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ရဲ့ဆူညံသံတွေကြောင့် တခြားခရီးသည်တွေ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်ဆိုတဲ့ပြောဆိုမှုတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

    ဒီလိုဖြစ်စဥ်တွေ ဆက်တိုက်ဖြစ်လာတဲ့နောက် အများပြည်သူပိုင် ရထားပေါ်မှာ စည်းကမ်းမဲ့တဲ့အပြုအမူတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့နဲ့ လိုအပ်ရင် အရေးယူဖို့ဆိုတဲ့တောင်းဆိုသံတွေ ထွက်ပေါ်လာပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  2. ဘန်ကောက်မှာ မြန်မာအမျိုးသား ၁ ဦး အထပ်မြင့်ကွန်ဒိုကနေ ပြုတ်ကျ သေဆုံး

    ထိုင်းနိုင်ငံမြို့တော်၊ ဘန်ကောက်မြို့ မြင်ကွင်း (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံမြို့တော်၊ ဘန်ကောက်မြို့ မြင်ကွင်း (ပုံဟောင်း)

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အရှေ့တောင်ဘက်ပိုင်း ဘန်နာအရပ်က အထပ်မြင့်ကွန်ဒို၀င်း တိုက်ခန်းတစ်ခုကနေ မြန်မာအမျိုးသားတစ်ဦး ပြုတ်ကျ သေဆုံးခဲ့တယ်လို့ အဲဒီကွန်ဒိုမှာ နေထိုင်တဲ့မြန်မာ ၂ ဦးထက်မနည်းက ပြောပါတယ်။

    မြန်မာအမျိုးသား ပြုတ်ကျမှု ဖြစ်ခဲ့တဲ့နေရာဟာ ကွန်ဒိုဝင်းရဲ့ အဆောက်အဦ စီမှာဖြစ်ပြီး ၁၂ လွှာအမြင့်ကနေ ပြုတ်ကျခဲ့တာလို့လည်း အဲဒီမှာနေထိုင်တဲ့မြန်မာတစ်ဦးက ပြောပါတယ်။

    သူတို့အပြောအရ အဲဒီအမျိုးသား တိုက်ပေါ်ကနေ ပြုတ်ကျခဲ့တဲ့ဖြစ်ရပ်ဟာ ဇူလိုင် ၂၁ ရက်၊ ညနေ ၃ နာရီကျော်ခန့်က ဖြစ်ပွားခဲ့တာလို့လည်း ဆိုပါတယ်။

    ဒီအမျိုးသားဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းအမျိုးမျိုးထွက်နေပြီး အဲဒီထဲ ‘’ကောင်မလေးက ထားသွားလို့ စိတ်ဓာတ်ကျပြီး ခုန်ချသွားတယ်လို့ လည်း ကြားတယ်” အကြောင်း အဲဒီကွန်ဒို ဝင်းအတွင်းမှာ နေထိုင်တဲ့ မြန်မာတစ်ဦးက ပြောပါတယ်။

    ကွန်ဒို စီမံ ရုံးအဖွဲ့ကတော့ ကွန်ဒိုမှာနေထိုင်တဲ့အမျိုးသားတစ်ဦး ပြုတ်ကျမှုဖြစ်တစ်ခု ဖြစ်ခဲ့တဲ့အကြောင်း ကွန်ဒိုမှာနေထိုင်သူတွေကို Line အက်ပလီကေးရှင်းကတဆင့် ကနဦးကြေညာခဲ့ပါတယ်။

    အမျိုးသားဟာ အဆောက်အဦ စီ ရဲ့ လျှပ်စစ်နဲ့ ထိန်းသိမ်းရေးလုပ်တဲ့နေရာကို ပြုတ်ကျခဲ့တာဖြစ်ပြီး တစ်ဦးတည်း နေထိုင်သူဖြစ်တယ်လို့ ကွန်ဒိုဘက်က နောက်ပိုင်းမှာ ကြေညာပါတယ်။

    အဲဒီဖြစ်ရပ်အတွက် ဘန်နာ ရဲတပ်ဖွဲ့၊ ဆေးမှုခင်းအဖွဲ့တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ကွန်ဒို စီမံအဖွဲ့က ကြေညာပါတယ်။

    ဒီဖြစ်စဉ် အခြေအနေကို သိရဖို့ ဘီဘီစီက ကွန်ဒိုဝင်းကို စီမံနေတဲ့ကုမ္ပဏီကို အီးမေးလ်က တဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်လာတာတော့ မရှိသေးပါဘူး။

  3. မင်္ဂလာပါ။ ဇူလိုင် ၂၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။