တိုက်ရိုက်ထုတ်လွှင့်မှု, ရန်ကုန်က စင်တင် KTV နဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ မူးယစ်‌ဆေးမရောင်းဖို့ သတိပေး

ရန်ကုန်က စင်တင်ကာရာအိုကေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ မူးယစ်‌ဆေးမရောင်းဖို့ သတိပေးခေါ် ပြောတဲ့သတင်းအပါအဝင် အောက်တိုဘာ ၁၉ ရက် ကမ္ဘာနဲ့ နိုင်ငံတဝန်းထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ရန်ကုန်တိုင်းအတွင်း ၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့ကစပြီး ကာရာအိုကေလုပ်ငန်း လိုင်စင်အသစ်တွေ ခွင့်မပြု
  • တံတားဦးခရိုင်ထဲက ငါန်းဇွန်အပါအဝင် ရှမ်းပြည်နယ်က ကျောက်မဲနဲ့ သီပေါမြို့နယ်တို့ကို နေပြည်တော်က စစ်အုပ်ချုပ်ရေး ပယ်ဖျက်
  • မိုးကုတ် အခြေစိုက်လှုပ်ရှားတဲ့လီဆူတပ်ဖွဲ့ဝင်တွေဟာ လက်နက်ခဲယမ်း ၅၀ ဝန်းကျင်နဲ့ စစ်တပ်ဆီ ပူးပေါင်း
  • ပြည်တွင်းစျေးကွက်မှာ ကြက်သွန်နီစျေးနှုန်းဆက်တက်နေပြီး ရန်ကုန်ဒိုင် လက်ကားစျေးတင် တပိဿာ ကျပ် ၇၂၀၀ ကနေ ၁၀,၀၀၀ ကျပ်အထိ စျေးပေါက်နေ
  • တအာင်းတပ်(TNLA) မိုးကုတ်ကိုသိမ်းထားချိန်က မြို့လုံခြုံရေးအတွက်ပါ၀င်ခဲ့တဲ့ လီဆူတပ် စစ်တပ်နဲ့ပူးပေါင်းသွားတာကြောင့် အဲဒီအဖွဲ့ရဲ့ခြေလှမ်းကို စောင့်ကြည့်နေတယ်လို့ TNLA ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တစ်ရက်အတွင်း ဒေသ ၄ ခုကို စစ်တပ် ဗုံးကြဲမှု သေဆုံးသူ ၁၀ ဦးထက်မနည်းရှိ

    စဉ့်ကူးမှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကလေးငယ်
    ဓာတ်ပုံ ပုံစာ, စဉ့်ကူးမှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကလေးငယ်

    စစ်တပ်က ချင်း၊ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းထဲက ဒေသ ၄ ခုကို မနေ့ တစ်ရက်တည်းမှာတင် လေကြောင်းကနေ ဗုံးကြဲလို့ သေဆုံးတဲ့အရပ်သား ၁၀ ဦးထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။

    စစ်တပ်ဟာ မနေ့တစ်နေ့တည်းမှာ ပလက်ဝ၊ ပခုက္ကူ၊ မြင်းမူနဲ့ စဉ့်ကူးစတဲ့ဒေသတွေကို ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

    ချင်းပြည်နယ်ထဲ အာရက္ခတပ်တော် (အေအေ) သိမ်းထားတဲ့ ပလက်ဝမြို့နယ်၊ ချောင်းဆုံဒေသကို မနေ့ မနက် ၁၀ နာရီခန့်မှာ Y 12 လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒီနေ့ မနက်ပိုင်းလည်း ထပ်မံဗုံးကြဲနေတယ်လို့ မြေပြင် အခြေအနေသိရှိသူက ပြောပါတယ်။

    အဲဒီချောင်းဆုံဒေသဟာ မတူပီ-မင်းတပ်နဲ့လည်းဆက်စပ်နေသလို မကွေးတိုင်းဘက်ကပါ ကုန်စည် ပို့ဆောင်ရေးလုပ်ဆောင်တဲ့ အချက်အချာကျတဲ့နေရာဖြစ်လို့ ထိခိုက်သေဆုံးသူဦးရေ ၂၀ ဝန်းကျင်အထိ ရှိနိုင်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

    “(သေဆုံးသူ) လူ ၂၀ ရှိလားဆိုတာကို အတည်မပြုနိုင်သေးပါဘူး။ မနေ့ရော ဒီနေ့ရော၊ အခုနကပဲ ဗုံးထပ်ကြဲနေတယ်၊ ကျွန်တော်တို့ သတင်းထုတ်ပါမယ်” လို့ အေအေနဲ့မဟာမိတ် ချင်းညီနောင်အဖွဲ့(CB) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောပါတယ်။

    မနေ့ ညနေ ၄ နာရီခန့်မှာတော့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက အုန်းတောရွာထဲကို စက်တပ်လေထီးသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ရှောင်အရေးဆောင်ရွက်နေသူဆီကနေ သိရပါတယ်။

    “ရွာထဲကို ဗုံးကျလို့ သေဆုံးထိခိုက်သူ များတာပါ။ မြေပြင်စစ်ကြောင်းကတော့ ဒီနေ့မနက်မှာ ပခုက္ကူအထွက် မြိုင်မြို့နယ်အစပ် မန်းကျည်းတန်းရွာနဲ့ အင်းဘတ်ရွာပတ်ဝန်းကျင်မှာ ရောက်နေပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ပခုက္ကူမြို့နယ် လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး တာဝန်ခံ ကိုစိုးထွဋ်ဝင်းက ပြောပါတယ်။

    ညနေ ၅ နာရီခွဲအချိန်မှာတော့ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က ကျော့မင်းရွာဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မြောင်မြို့နယ်အခြေစိုက် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

    ဒါအပြင် မနေ့ည ၇ နာရီခန့်မှာတော့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ရွှေဘယက်ရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် လူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စဉ့်ကူးပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဆီကနေ သိရပါတယ်။

    ဒဏ်ရာရသူတွေထဲ ကလေးငယ် ၁ ဦးနဲ့ အမျိုးသမီး ၄ ဦးပါဝင်ပြီး အဲဒီထဲက အသက် ၄၅ ဝန်းကျင်အရွယ်အမျိုးသမီးဟာ ဒဏ်ရာပြင်းထန်တယ်လို့လည်း သိရပါတယ်။

    စစ်တပ်ကတော့ အခုဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ဒီနေ့ နေ့လယ်ပိုင်းအထိ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

  2. ရန်ကုန်က စင်တင်ကာရာအိုကေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ မူးယစ်‌ဆေးမရောင်းဖို့ သတိပေးခေါ် ပြော

    အောက်တိုဘာ ၁၇ ရက်က ရန်ကုန်အစိုးရအဖွဲ့ရုံးမှာလုပ်တဲ့အစည်းအဝေး
    ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၁၇ ရက်က ရန်ကုန်အစိုးရအဖွဲ့ရုံးမှာလုပ်တဲ့အစည်းအဝေး

    ရန်ကုန်က ကာရာအိုကေလုပ်ငန်းတွေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေအတွက် စည်းကမ်းချက် ၅၆ ချက်ကို ရန်ကုန်ဝန်ကြီးချုပ် ဦး‌အောင်နိုင်သူက လုပ်ငန်းရှင်တွေကို ခေါ် ပြောပြီး သတိပေးခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဖျော်ဖြေရေးဆိုင်ပိုင်ရှင်တချို့ ကပြောပါတယ်။

    အောက်တိုဘာ ၁၇ ရက်က ရန်ကုန်အစိုးရအဖွဲ့ရုံးမှာလုပ်တဲ့ အဲဒီအစည်းအဝေးမှာ ကာရာအိုကေလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ စည်းကမ်းချက် ၁၇ ချက်၊ ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စည်းကမ်းချက် ၃၉ ချက်အပြင် သက်ဆိုင်ရာညွှန်ကြားချက်တွေကို တိကျစွာ လိုက်နာဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

    မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေအထိဖြစ်နေတဲ့ ရန်ကုန်နဲ့ မန္တလေးမြို့က ဖျော်ဖြေရေးလုပ်ငန်းတွေကို စနစ်တကျ ကြပ်မတ်ဖို့ လိုတယ်ဆိုတဲ့ ဝေဖန်ချက်တွေနောက်မှာ စစ်ဆေးမှုတွေနဲ့ ခေါ် ယူပြောဆိုမှုတွေရှိလာတယ်လို့ နားလည်ရပါတယ်။

    ''ဟက်ပီး‌ဝါးတား‌တွေ၊ အထူးသဖြင့် မူးယစ်ဆေးတွေ‌ရောင်းတဲ့ ဟိုင်းခန်း‌တွေကိုအဓိကထားနှိမ်နင်းမယ်ပြောတယ်'' လို့ ‌နောက်ထပ်အစည်းအဝေးတက်‌ခဲ့သူတစ်ဦးက ‌ပြောပါတယ်။

    လက်ရှိမှာ စင်တင်တေးဂီတ၊ စင်တင်ဘား၊ DJ ဘား၊ unplugged ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စင်တင်တေးဂီတလုပ်ငန်းဆိုင်ရာ စည်းကမ်းချက် ၃၉ ချက်နဲ့ လိုင်စင်ကြေးအဖြစ် တစ်နှစ်စာ ကျပ် ၃၆ သိန်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကို ပေးသွင်းရပြီးတစ်နှစ်သက်တမ်းရှိ ယာယီလုပ်ငန်းလုပ်ကိုင်ခွင့်နဲ့ လုပ်ကိုင်ရတာလို့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က DJ ဘားဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

    ''ည ၁၁ နာရီ အထိပဲ ဖွင့်ဖို့၊ မူးယစ်ဆေးဝါးရောင်းချတာ၊ သုံးစွဲတာမရှိစေဖို့၊ ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်တွေကို လိုက်နာဆောင်ရွက်ဖို့၊ လိုက်နာမှုမရှိတာကို စစ်တဲ့အခါ တွေ့ရင် ဆိုင်ပိတ်သိမ်းတဲ့အထိ အရေးယူမယ်ဆိုတာတွေပြောပါတယ်'' လို့ အစည်အဝေးတက်ရောက်ခဲ့တဲ့ ကာရာအိုကေလုပ်ငန်းပိုင်ရှင်တစ်ဦးကပြောပါတယ်။

    ရန်ကုန်တိုင်းအတွင်း ၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့ကစပြီး ကာရာအိုကေလုပ်ငန်း လိုင်စင်အသစ်တွေ ခွင့်ပြုထုတ်ပေးတာမရှိတော့ဘူးလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ပြီးခဲ့တဲ့ သြဂုတ်လက ပြောထားပါတယ်။

    လက်ရှိ ရန်ကုန်ဝန်ကြီးချုပ်ဦးအောင်နိုင်သူဟာ ရဲမှူးချုပ်ဟောင်း(ငြိမ်း) ဖြစ်တာ‌ကြောင့် ပိုပြီးတင်းကျပ်ကိုင်တွယ်နိုင်တယ်ဆိုတဲ့ ပြောဆိုချက်‌တွေလည်းရှိနေပါတယ်။

    တဖက်မှာလည်း နှိမ်နင်းကိုင်တွယ်ချိန်မှာ ယာယီလုပ်ငန်း ရပ်ဆိုင်းကြလေ့ရှိပြီး ပပျောက်အောင်လုပ်ဆောင်နိုင်မှာ မဟုတ်ကြောင်း လုပ်ငန်းရှင်တချို့ကပြောပါတယ်။

    ''ခဏပါပဲ။ ပြီးရင် ပိုင်ရာဆိုင်ရာနဲ့ညှိပြီး ‌အချိန်ကျော် ဖွင့်တာပဲ၊ ‌ဆေးလည်း‌ရောင်းတာပဲ။ စစ်မယ်ဆို သိမ်းထားမယ်။ ပိတ်ထားမယ်။ ဒီလိုပဲနားလည်မှုတွေနဲ့ လုပ်ကိုင်နေကြတာများတယ်။ တကယ်တမ်း စည်းကမ်းလိုက်နာတဲ့သူတွေက နည်းပါတယ်'' လို့ သင်္ဃန်းကျွန်းမြို့နယ်က DJ ဘားဆိုင်ပိုင်ရှင်က ပြောပါတယ်။

    ကာရာအိုကေလုပ်ငန်း ၁၇ ချက်ဟာ ၁၉၉၈ ဗီဒီယိုလုပ်ငန်းဆိုင်ရာနည်းဥပဒေ အပိုဒ် ၁၁၊ ၁၂ အရ ဗီဒီယိုပြသခြင်းလုပ်ငန်းအဖြစ် သတ်မှတ်ပြီး ၂၃၊ ၂၄ အရ တိုင်းဒေသကြီး/ပြည်နယ် ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီတွေက ခွင့်ပြုမှ ဆောင်ရွက်ရတာဖြစ်ပါတယ်။

  3. မန္တလေးတိုင်းထဲ စစ်အုပ်ချုပ်ရေးကြေညာတဲ့မြို့နယ်တွေ မရှိတော့ပေမဲ့ စစ်တပ်က စစ်ကြောင်းထိုးနေဆဲ

    ရှမ်းပြည်နယ်ထဲတွေ့ရတဲ့စစ်တပ်နဲ့ ရဲတပ်ဖွဲ့၀င်တွေ (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, ရှမ်းပြည်နယ်ထဲတွေ့ရတဲ့စစ်တပ်နဲ့ ရဲတပ်ဖွဲ့၀င်တွေ (ပုံဟောင်း)

    မန္တလေးတိုင်းမှာ စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့မြို့နယ်တွေထဲက နောက်ဆုံးကျန်တဲ့ ငါန်းဇွန်ကို စာရင်းကနေ ပယ်ဖျက်လိုက်ပေမဲ့ သူနဲ့နယ်မြေဆက်စပ်နေတဲ့မြင်းခြံခရိုင်ထဲကို စစ်တပ်က နေ့စဉ်နီးပါး စစ်ကြောင်းထိုးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့ဆီကနေ သိရပါတယ်။

    “ငါန်းဇွန်ဘက်ကတော့ စက်မှုဇုန်ထဲမှာ အင်အားဖြည့်ပြီး ချထားပါတယ်။ သူနဲ့ ဆက်နေတဲ့ နွားထိုးကြီး၊ တောင်သာနဲ့ မြင်းခြံမြို့နယ်တွေဘက်ကတော့ နှစ်ရက်ကို တစ်ခါလို သူတို့(စစ်တပ်)ဘက်က စစ်ကြောင်းထိုးတယ်။ မြို့ပေါ်နဲ့ မြို့နဲ့နီးတဲ့ရွာတွေတဝိုက်ကို သူတို့ ပြန်ထိန်းချုပ်သွားတာပါ” လို့ မြင်းခြံခရိုင် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    မြင်းခြံမြို့နယ်၊ ကျောင်းဖြူကန်ရွာကို မနေ့တုန်းက စစ်ကြောင်းထိုးသလို အောက်တိုဘာ ၁၇ ရက်တုန်းကလည်း နွားထိုးကြီးမြို့နယ်၊ အောင်ပန်းကုန်းရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီး နေအိမ်တချို့ကို မီးရှို့ခံရတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    PDF တပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်တပ်က အင်အားဖြည့်စစ်ကြောင်းထိုးနေပေမဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာမရှိဘူးလို့ ဆက်ပြောပြပါတယ်။

    တံတားဦးခရိုင်ထဲက ငါန်းဇွန်အပါအဝင် ရှမ်းပြည်နယ်က ကျောက်မဲနဲ့ သီပေါမြို့နယ်တွေဟာ မူလအခြေအနေကိုပြန်ရောက်ပြီလို့ဆိုပြီး နေပြည်တော်က စစ်အုပ်ချုပ်ရေး ပယ်ဖျက်လိုက်တာပါ။

    ကျန်နေတဲ့ ၅၅ မြို့နယ်ကိုတော့ စစ်အုပ်ချုပ်ရေး ရက် ၉၀ သက်တမ်း ထပ်တိုးကြောင်း မနေ့က ထုတ်ပြန်ပါတယ်။

    နေပြည်တော်ကတော့ ဒါဟာ လွှတ်တော်ရဲ့သဘောတူညီမှုကို ရယူပြီး သမ္မတက အခု စစ်အုပ်ချုပ်ရေးကြေညာတဲ့မြို့နယ်တွေရဲ့အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးလုပ်ပိုင်ခွင့်တွေကို ကာကွယ်ရေးဦးစီးချုပ်ဆီ လွှဲပေးလိုက်တာလို့လည်း ကြေညာချက်မှာဖော်ပြပါတယ်။

    မြန်မာစစ်တပ်နဲ့အပစ်ရပ်ထားတဲ့ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအပါအဝင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ ရခိုင်တို့က ၅၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ဆက်ကြေညာထားပါတယ်။

  4. မိုးကုတ်လုံခြုံရေးပါ၀င်ခဲ့တဲ့လီဆူတပ် စစ်တပ်နဲ့ပူးပေါင်းတဲ့အပေါ် TNLA ဘယ်လိုတုံ့ပြန်လဲ

    မိုးကုတ်မြို့ကို TNLA သိမ်းပြီးနောက် ပြည်သူတွေ ကြိုဆိုခဲ့ကြတဲ့ မြင်ကွင်း (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, မိုးကုတ်မြို့ကို TNLA သိမ်းပြီးနောက် ပြည်သူတွေ ကြိုဆိုခဲ့ကြတဲ့ မြင်ကွင်း (ပုံဟောင်း)

    မြန်မာစစ်တပ်နဲ့ ပူးပေါင်းသွားတဲ့ဦးဂူဆီး ဦးဆောင်တဲ့လီဆူတပ်ဖွဲ့ဝင်အယောက် ၅၀ ကျော်ကို မျက်ခြေမပြတ်စောင့်ကြည့်သွားမှာဖြစ်ပြီး ပြည်သူကို ဖိနှိပ်ရင် အရေးယူမယ်လို့ တအာင်းတပ်(TNLA)က ထုတ်ပြန်လာပါတယ်။

    မိုးကုတ် အခြေစိုက်လှုပ်ရှားတဲ့လီဆူတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၁၃ ရက်နေ့မှာ လက်နက်ခဲယမ်း ၅၀ ဝန်းကျင်နဲ့ စစ်တပ်ဆီ ပူးပေါင်းသွားခဲ့ပါတယ်။

    အဲဒီတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်က မိုးကုတ်ပြည်သူ့စစ်ဖွဲ့မယ်လို့သတင်းတွေထွက်နေပြီး ဘီဘီစီရဲ့ TNLA သတင်းရင်းမြစ်ကတော့ တိတိပပမပြောနိုင်သေးဘူးလို့တုံ့ပြန်ပါတယ်။

    "ပြည်သူ့စစ် ဖွဲ့မယ်ဆိုတာက မသေချာသေးပါဘူး။ အဲဒီအဖွဲ့က ၁၀၂၇ နောက်ပိုင်းမှ ပေါ်လာတာပါ။ အဖွဲ့နာမည်လဲ အတိအကျ မသုံးကြသေးလို့ လီဆူတပ်လို့ပဲ ခေါ်ကြတာပါ" လို့ သတင်းရင်းမြစ်ကပြောပါတယ်။

    စစ်ဆင်ရေးကာလအတွင်း တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်ဦး (TNLA) နဲ့ပူးပေါင်းတပ်တွေက မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကို သိမ်းပြီးနောက် မိုးကုတ်မြို့ လုံခြုံရေးအတွက် အဲဒီလီဆူးတပ်က ပူးပေါင်းလာတာလို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    အဲဒီ ၂ မြို့ကို မနှစ် နိုဝင်ဘာ ၂၉ ရက်နေ့မှာ မြန်မာစစ်တပ်ဆီ ပြန်လွှဲပေးပြီးနောက် လီဆူတပ်ဖွဲ့ဝင်တချို့ ဇာတိမြို့ကိုပြန်ခဲ့ကြတယ်လို့ TNLA ကပြောပါတယ်။

    ဦးဂူဆီးဦးဆောင်တဲ့အဖွဲ့ဟာ တပ်ဖွဲ့ဝင်တွေလိုက်နာရတဲ့ကတိသစ္စာဖောက်ဖျက်လို့ အဖွဲ့နဲ့ ကင်းကွာပြီးဖြစ်ကြောင်း TNLA က သူတို့ရဲ့ထုတ်ပြန်ချက်မှာပြောပါတယ်။

    ဒါပေမဲ့ မြန်မာစစ်တပ်ဘက်ကတော့ အခုဖြစ်စဥ်နဲ့ပတ်သက်လို့ ဒီနေ့ မနက်ပိုင်းအထိ တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

  5. ကြက်သွန်နီစျေး အမြင့်စျေးမှာဆက်ရှိနေ

    ပြည်တွင်းကြက်သွန်နီစျေးတက်
    ဓာတ်ပုံ ပုံစာ, ပြည်တွင်းကြက်သွန်နီစျေးတက်

    ပြည်တွင်းစျေးကွက်မှာ ကြက်သွန်နီစျေးအမြင့်ပိုင်းမှာဆက်ရှိနေပြီး ဒေသနဲ့ အမျိုးအစားအလိုက် တပိဿာ ကျပ် ၇၂၀၀ ကနေ ၁၀,၀၀၀ ကျပ်အထိစျေးပေါက်နေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင် ကြက်သွန်နီစျေးကွက်က သိရှိရပါတယ်။

    ဒိုင်လက်ကားစျေးတင် အိမ်သုံးအများဆုံး ဆိပ်ဖြူ ရှယ် က တပိဿာ ကျပ် ၉,၉၀၀ အထိ စျေးပေါက်နေပြီး မုံရွာ ရှယ်က တပိဿာ ကျပ် ၁၀,၀၀၀ ဖြစ်နေပါတယ်။

    ပြည်တွင်းဈေးကွက်ထဲမှာ ဩဂုတ်လလောက်ကတည်းက စျေးစတက်လာတဲ့ ကြက်သွန်နီ ဈေးနှုန်းတွေဟာ ပြန်လည်ကျဆင်းလာတာမရှိဘဲ အမြင့်စျေးမှာဆက်ရှိနေတယ်လို့ မုံရွာကြက်သွန်နီစျေးကွက်က ပွဲရုံပိုင်ရှင်တစ်ဦးကပြောပါတယ်။

    လက်ရှိမှာ ကြက်သွန်နီ အဓိက စိုက်ပျိုးတဲ့ မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်း တို့မှာ ပြီးခဲ့တဲ့နှစ်က ကြက်သွန်နီစိုက်နှုန်းကျလို့ အထွက်နှုန်းကျပြီး အခုနှစ်မှာ ကြက်သွန်အထွက်လျော့နည်းနေသလို ရန်ကုန်စျေးကွက်ကို အဝင်ကလည်း နည်းနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ကြက်သွန်နီပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။

    '' ဒီနှစ်က အိတ်စ်ပို့ အဝယ်တက်တယ်၊ နောက်ပြီး မနှစ်က အထွက်နှုန်းကျတယ်။ ပြီးခဲ့တဲ့နှစ်က ရှုံးကျတော့ မစိုက်ကြတာပေါ့။ အဲဒါကြောင့် ဧပြီက တဖြည်းဖြည်းစတက်လာပြီး အခု ၉,၉၀၀ နဲ့ ၁၀,၀၀၀ ကြားဖြစ်လာတာပေါ့၊ ဒီနေ့ တနင်္လာစျေးကွက်အဖွင့်ကတော့ ကြက်သွန်နီကားအဝင်နည်းတယ်။ စျေးက အမြင့်စျေးတန်းမှာပဲဆက်ရှိနေမှာပါ'' လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ကြက်သွန်နီပွဲရုံပိုင်ရှင် ပြောပါတယ်။

    ဆိပ်ဖြူ၊ မုံရွာ၊ ကျောက်ပန်းတောင်း၊မြင်း ရှယ်ထိပ်စအားလုံး ဘုရင့်နောင်ကုန်စည်ဒိုင်စျေးတင် တပိဿာ ကျပ် ၉၉၀၀ နဲ့ ၁၀၀၀၀ ကြား စျေးပေါက်နေပါတယ်။

    ပြီးခဲ့တဲ့ အပတ်ထက် အမျိုးအစားအလိုက် တပိဿာ ကျပ် ၁၅၀/ ၂၀၀ ကြား စျေးကျလာတယ်ဆိုပေမဲ့ လက်ကားဒိုင်ပွဲရုံစျေးမှာတင် အမြင့်စျေးမှာဆက်ရှိနေတာလို့ဆိုပါတယ်။

    မိုးကြက်သွန်အသစ်ဝင်လာချိန်မှာ ဈေးနှုန်းတွေ ပြန်လည်ကျဆင်းနိုင်ဖွယ်ရှိပေမဲ့ နိုဝင်ဘာလကုန်နဲ့ ဒီဇင်ဘာလလောက်မှ စျေးနှုန်းပြန်ကျနိုင်တယ်လို့ ကြက်သွန်နီကုန်သည်တွေကပြောပါတယ်။

    '' စျေးက ၁၀၀ နဲ့ ၂၀၀ လောက်ကျတယ်ဆိုတာ တရုတ်ကြက်သွန်နည်းနည်းဝင်လာတယ်၊ စျေးတက်တော့ အဝယ်ပါးတယ်၊ အဲဒီတော့ စျေးနည်းနည်းကျတဲ့ သဘောပါ။ အများကြီးပြန်မကျနိုင်ဘူး။ ကြက်သွန်အထွက်နည်းနေလို့ '' မန္တလေးကြက်သွန်နီဒိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

    ရန်ကုန်ဈေးကွက်မှာ တစ်ရက်အတွက် ကြက်သွန်နီ လိုအပ်ချက်က ပျှမ်းမျှပိဿာချိန် တစ်သိန်းခွဲ ဝန်းကျင်ရှိပေမယ့် လက်ရှိမှာ တစ်ရက်ကို ပိဿာချိန် ၁ သိန်းကျော်လောက်သာ ရောက်ရှိနေတယ်လို့ သိရပါတယ်။

    '' တောင်သူလည်းစျေးတက်လို့ အမြတ်မရကြပါဘူး။ သွင်းအားစုနဲ့ စရိတ် အစစ အကုန်စျေးတက်နေတော့ သူတို့ အတွက်လည်း ဘာမှမထူးဘူး။ စားသုံးသူလည်း စျေးတက်တော့ တော်တော်ခက်ကြပါတယ်'' လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ကြက်သွန်နီပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။

    လက်ရှိမှာ လက်လီစျေးကွက်ထဲ အမျိုးအစားနဲ့ဒေသထွက်အလိုက် တပိဿာကျပ် အနည်းဆုံးကျပ် ၁၀,၀၀၀ ကနေ အမြင့်ဆုံး ကျပ် ၁၃,၀၀၀ အထိစျေး‌ပေါက်‌နေပါတယ်။

    လက်ရှိမှာ ပြည်တွင်းကထွက်ရှိတဲ့ ကြက်သွန်နီကို တရုတ်၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေကို တင်ပို့နေပြီး ပြည်ပဝယ်ယူမှုနဲ့ ပြည်တွင်းစားသုံးမှုပမာဏ အတက်အကျပေါ်မူတည်ကာ ဈေးအတက်အကျ ဖြစ်နေတယ်လို့ နားလည်ရပါတယ်။

  6. မင်္ဂလာပါ။

    အောက်တိုဘာလ ၁၉ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

    ဆက်လက်ဖတ်ရှုကြဖို့လည်း ဖိတ်ခေါ်ပါတယ်။​