တိုက်ရိုက်ထုတ်လွှင့်မှု, MSME ကို တိုးတက်အောင်လုပ်ပြီး ပြည်တွင်းမှာသုံးစွဲဖို့ဖူလုံရင် ပြည်ပကိုတင်ပို့နိုင်မယ်လို့ ဦးမင်းအောင်လှိုင် ပြော

နိုင်ငံ့စီးပွားမြှင့်တင်နိုင်ဖို့အတွက် MSME လုပ်ငန်းတွေကိုဆောင်ရွက်တာလို့ ပြောတဲ့သတင်းအပါအဝင် ဇွန် ၂၆ ရက် ကမ္အာ့နဲ့ နိုင်ငံတဝန်းထူးခြားသတင်းများကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • လယ်ယာစိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့ စက်မှုလုပ်ငန်း (Agro based Industry) ကို တည်ဆောက်မယ်လို့ ဦးမင်းအောင်လှိုင်ပြော
  • တင်းကျပ်ထားတဲ့ ပို့ကုန်သွင်းကုန်မူဝါဒကိုဖြေလျော့သင့်ပြီး တည်ငြိမ်တဲ့ နိုင်ငံခြားငွေလဲနှုန်း ရအောင်လုပ်ပေးသင့်တယ်လို့ ထောက်ပြ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဗင်နီဇွဲလားငလျင်သေဆုံးသူ ၂၃၅ ယောက်အထိရှိလာ

    ဇွန် ၂၅ ရက်ည ရှာဖွေရေးမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဇွန် ၂၅ ရက်ည ရှာဖွေရေးမြင်ကွင်း

    ဗင်နီဇွဲလားနိုင်ငံမှာ မြို့တော် ကာရာကတ်စ် အနီးဗဟိုပြုလှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် သေဆုံးသူ ၂၃၅ ယောက်အထိ မြင့်တက်လာပြီး ထိခိုက်ဒဏ်ရာရသူအယောက် ၁,၅၀၀ အထိ ရှိလာပါတယ်။

    သေဆုံးသူဦးရေ အခုထက်ပိုများလာနိုင်တယ်လို့ အမေရိကန်ဘူမိဗေဒဌာန (USGS) က ခန့်မှန်းထားပါတယ်။

    မြေအောက် ကီလိုမီတာ ၃၀ တောင်မပြည့်တဲ့အနက်ကို ဗဟိုပြုပြီး ၇.၂ နဲ့ ၇.၅ မဂ္ဂနီကျုရှိတဲ့ အားပြင်းငလျင်ကြီး ၂ ခု စက္ကန့်ပိုင်းပဲခြားပြီး လှုပ်ခတ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုပိုများခဲ့တာပါ။

    ဒါကြောင့် သေဆုံးသူ တသောင်းအထက်ရှိလာနိုင်ချေ ၄၂ ရာခိုင်နှုန်းရှိပြီး ဦးရေ ၁ သိန်းအထက် ဖြစ်လာနိုင်ချေကလည်း ၃၃ ရာခိုင်နှုန်းရှိနေတယ်လို့ USGS က ခန့်မှန်းထားတာပါ။

    အလားတူလှုပ်ခဲ့တဲ့ ငလျင်တွေနဲ့ ငလျင်ဗဟိုချက်အနီးက လူဦးရေအပေါ် အခြေခံပြီး USGS က တွက်ချက်ထားတယ်လို့ သိရပါတယ်။

    ဗင်နီဇွဲလားငလျင်အတွက် အမေရိကန်က ဒေါ်လာ သန်း ၁၅၀ (စတာလင်ပေါင် ၁၁၃ သန်း) ကူညီမယ်လို့ ကတိပေးထားပြီး တခြားနိုင်ငံတွေကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အကူအညီပေးဖို့ ရှိနေပါတယ်။

    အမေရိကန်စစ်တပ်ကလည်း ရှာဖွေရေးကယ်ဆယ်ရေးလုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့အတွက် သယ်ယူရေးသင်္ဘောနဲ့ လေယာဉ်တွေကိုလည်း ပေးပို့ထားပါတယ်။

  2. နိုင်ငံခြားငွေလျှော့သုံးမယ်လို့ ဦးမင်းအောင်လှိုင်ထပ်ပြော

    နိုင်ငံခြားငွေလဲလှယ်နေတဲ့မြင်ကွင်း (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နိုင်ငံခြားငွေလဲလှယ်နေတဲ့မြင်ကွင်း (ပုံဟောင်း)

    နိုင်ငံခြားငွေသုံးစွဲမှုနဲ့ ကုန်သွယ်မှုလိုငွေ လျှော့ချမယ်လို့ အသွင်ပြောင်းအစိုးရရဲ့ သမ္မတရာထူးယူထားသူ ဦးမင်းအောင်လှိုင်က ထပ်ပြောပါတယ်။

    အသေးစား၊ အငယ်စားနဲ့ အလတ်စား (MSME) စီးပွားရေးလုပ်ငန်းတွေကို အားပေးပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုကို မြှင့်တင်မယ်လို့ သူက ပြောပါတယ်။

    ဒီလုပ်ငန်းတွေကို တိုးတက်အောင်လုပ်ပြီး ပြည်တွင်းမှာသုံးစွဲဖို့ဖူလုံရင် ပြည်ပကိုလည်း တင်ပို့နိုင်မယ်လို့ မနေ့ မနက်က နေပြည်တော်မှာလုပ်တဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ ပြောခဲ့တာပါ။

    နိုင်ငံ့စီးပွားမြှင့်တင်နိုင်ဖို့အတွက် MSME လုပ်ငန်းတွေကိုဆောင်ရွက်တာဖြစ်ပြီး စီးပွားရေး အားကောင်းမှ ပြည်သူတွေနိုင်ငံကိုချစ်စိတ်နဲ့ ကာကွယ်လိုစိတ်ရှိလာမှာလို့ ဦးမင်းအောင်လှိုင်က အစည်းအဝေးမှာ ပြောပါတယ်။

    လယ်ယာစိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံတဲ့ စက်မှုလုပ်ငန်း (Agro based Industry) ကို တည်ဆောက်မယ့်အကြောင်းလည်း ဆက်တိုက်ထုတ်ပြောနေခဲ့တာပါ။

    “မြန်မာက ကုန်ပစ္စည်းမထုတ်နိုင်နေတဲ့အခြေအနေကိုသိဖို့လိုတယ်။ သွင်းကုန်တွေမရရင် MSME က ဖွံ့ဖြိုးဖို့ မလွယ်ဘူး။ ကုန်ကြမ်းလိုတယ်လေ၊ ကုန်ကြမ်းမရရင်ဆက်လုပ်ဖို့မလွယ်ဘူး။ ကျွန်တော်တို့အသိ MSME တချို့လုပ်ငန်းတွေက ရပ်နေကြရတယ်” လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတဦး က ပြောပါတယ်။

    ဒါပေမဲ့ MSME လုပ်ငန်းတွေကိုမြှင့်တင်ပြီး Agro based Industry ကိုတည်ဆောက်မယ့်အစီအစဉ်ဟာ အာဏာသိမ်း ၅ နှစ်ကျော်ကာလအတွင်းယိုင်နဲ့သွားတဲ့ မြန်မာ့စီးပွားရေးကိုမြန်မြန်ဆန်ဆန် ကုစားနိုင်ဖို့ အတွက် မဖြစ်နိုင်ဘူးလို့ ပြည်တွင်းရောပြည်ပက စီးပွားရေးလေ့လာသူတွေကပါ ထောက်ပြကြပါတယ်။

    အထူးသဖြင့် တင်းကျပ်ထားတဲ့ ပို့ကုန်သွင်းကုန်မူဝါဒကိုဖြေလျော့သင့်ပြီး တည်ငြိမ်တဲ့ နိုင်ငံခြားငွေလဲနှုန်း ရအောင်လုပ်ပေးသင့်တယ်လို့ စင်ကာပူအခြေစိုက်သုတေသနအဖွဲ့ ISEAS-Yusof Ishak Institute ရဲ့ သုတေသီ Jared Nathan Bissinger က ပြောပါတယ်။

    အသွင်ပြောင်းနေပြည်တော်အစိုးရရဲ့ ပျားရည်စမ်းကာလ “ရက် ၁၀၀” စီမံချက်မှာ စီးပွားရေးနလန်ထူစေဖို့အတွက် ခိုင်မာတဲ့ မူဝါဒတွေမပါဝင်ဘူးလို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ကလည်း ထုတ်ပြန်ထားပါတယ်။

  3. မင်္ဂလာပါ။ ဇွန်လ ၂၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။