တိုက်ရိုက်ထုတ်လွှင့်မှု, ရန်ကုန်နဲ့ မွန် အပါအဝင် ဒေသ ၃ ခုမှာ လေဆင်နှာမောင်းတိုက်၊ အိမ်အလုံးရေ ၅၀ ထက်မနည်းပျက်စီး

ရန်ကုန်နဲ့ မွန် အပါအဝင် ဒေသ ၃ ခုမှာ လေဆင်နှာမောင်းတိုက်၊ အိမ်အလုံးရေ ၅၀ ထက်မနည်းပျက်စီးတဲ့သတင်းအပါအဝင် ဇူလိုင် ၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

ရန်ကုန်တိုင်းထဲက ဥက္ကံမြို့၊ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်ထဲက ငဖြူကလေးရွာနဲ့ မွန်ပြည်နယ်ထဲက ပေါင်မြို့နယ်တို့မှာ လေဆင်နှာမောင်းတိုက်လို့ အိမ်အလုံးရေ ၅၀ ထက်မနည်းပျက်စီး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရခိုင်ရိုးမကပွိုင့်စခန်းတွေကို အေအေသိမ်းအပြီး ဧရာဝတီကို စစ်တပ်အင်အားဖြည့်

    ပွိုင့်စခန်းတွေ သိမ်းပြီးတဲ့နောက် စစ်တပ်ဆီကနေ သိမ်းဆည်းမိတဲ့ လက်နက်ခဲယမ်းတွေလို့ အေအေ သတင်းထုတ်

    ဓာတ်ပုံ ရင်းမြစ်, AA Info Desk

    ဓာတ်ပုံ ပုံစာ, ပွိုင့်စခန်းတွေ သိမ်းပြီးတဲ့နောက် စစ်တပ်ဆီကနေ သိမ်းဆည်းမိတဲ့ လက်နက်ခဲယမ်းတွေလို့ အေအေ သတင်းထုတ်

    ရခိုင်နဲ့ ဧရာဝတီအစပ်မှာ ခြေသံလုံလုံနဲ့စစ်ရေးဖော်ဆောင်နေတဲ့ အာရက္ခတပ်တော် (အေအေ)ဟာ ရခိုင်ရိုးမအရှေ့ခြမ်း ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက ပွိုင့်စခန်း ၃ ခုနဲ့ ကာကင်း ၂ ခုကို သိမ်းယူလိုက်တဲ့အကြောင်း ဆက်တိုက်သတင်းထုတ်လာပါတယ်။

    အေအေသိမ်းလိုက်တဲ့ ပွိုင့်စခန်းတွေဟာ ဧရာဝတီတိုင်း ရေကြည်နဲ့ သာပေါင်းမြို့နယ်အစပ် ရခိုင်ရိုးမအခြေက စခန်းတွေလို့ စခန်းသိမ်းတိုက်ပွဲ အခြေအနေသိရှိသူက ပြောပါတယ်။

    အေအေကတော့ စခန်းတွေ အသိမ်းခံရတဲ့ စစ်တပ်ဟာ ရေကြည်မြို့နယ်ကနေ ရခိုင်အဝင် ဂွ- ငါးသိုင်းချောင်းလမ်းပေါ်က အမှတ် ၃၄၄ အမြောက်တပ်ရင်း၊ ငါးသိုင်းချောင်းနဲ့ လေးမျက်နှာမြို့နယ်တွေထဲမှာပါ အင်အားဖြည့်နေတယ်လို့ပြောပါတယ်။

    စစ်ရေးသုံးသပ်သူတွေကတော့ ဒီစခန်းတွေဟာ ရခိုင်ရိုးမတစ်လျှောက် စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်ဖို့နဲ့ ဂွမြို့နယ်ဘက်ကို စစ်တပ် မထိုးဖောက်နိုင်အောင် ပြင်ဆင်ကာကွယ်ဖို့ အရေးပါတယ်လို့ မှတ်ချက်ပေးပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  2. ရန်ကုန်နဲ့ မွန် အပါအဝင် ဒေသ ၃ ခုမှာ လေဆင်နှာမောင်းတိုက်၊ အိမ်အလုံးရေ ၅၀ ထက်မနည်းပျက်စီး

    ပေါင်မြို့မှာ လေဆင်နှာမောင်းတိုက်ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့တွေ စစ်ဆေးနေတဲ့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, MFSD

    ဓာတ်ပုံ ပုံစာ, ပေါင်မြို့မှာ မနေ့ညတုန်းက လေဆင်နှာမောင်းတိုက်ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့တွေ စစ်ဆေးနေတဲ့ မြင်ကွင်း

    ရန်ကုန်တိုင်းထဲက တိုက်ကြီး-ဥက္ကံမြို့၊ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်ထဲက ငဖြူကလေးရွာနဲ့ မွန်ပြည်နယ်ထဲက ပေါင်မြို့နယ် စတဲ့နေရာတွေမှာ ဇူလိုင် ၅ ရက် ညပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ်နဲ့ အဆောက်အဦဆယ်ချီပျက်စီးသွားတယ်လို့ အဲဒီနေရာတွေမှာနေထိုင်တဲ့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။

    ဥက္ကံမြို့ထဲက ဘိုသိုးကျေးရွာမှာ နေအိမ် ၃၀ ထက်မနည်းပျက်စီးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ ပေါင်မြို့ထဲက ကဒါရပ်ကွက်မှာတော့ နေအိမ်အပြင် စာသင်ကျောင်း၊ ဌာနဆိုင်ရာရုံး၊ ဘုန်းကြီးကျောင်း၊ ဈေးဆိုင်တချို့အပါအဝင် အဆောက်အအုံဆယ်ချီ ပျက်စီးခဲ့တယ်လို့ ကူညီကယ်ဆယ်‌ရေးဆောင်ရွက်ပေးသူတချို့ဆီက သိရပါတယ်။

    ဒ့ါအပြင် ဘုန်းကြီးကျောင်းထဲက သံဃာတစ်ပါးလည်း လေဆင်နှာမောင်းတိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရခဲ့ပြီး မနေ့ညပိုင်းမှာပဲ မော်လမြိုင်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ပေါင်မြို့နယ် နာရေးကူညီမှုအသင်းက ပြောပါတယ်။ ငဖြူကလေးကျေးရွာမှာတော့ လေဆင်နှာမောင်းတိုက်လို့ အထကခွဲ စာသင်ကျောင်းဆောင်တစ်ခု အမိုးလန်သွားတယ်လို့ သိရပါတယ်။

    အလားတူ ရန်ကုန်တိုင်းထဲက ကွမ်းခြံကုန်းမြို့နယ်နဲ့ မွန်ပြည်နယ်ထဲက မော်လမြိုင်မြို့နယ်ထဲက ကျေးရွာတချို့မှာလည်း မနေ့ညပိုင်းမှာပဲ မိုးကြီးပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀ လုံးထက်မနည်း အမိုးလန်ပြီးထိခိုက်ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

    မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီဌာနကတော့ ဒီကနေ့ ဇူလိုင် ၆ ရက် မနက်ပိုင်း မှာ အိန္ဒိယ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေကို ဘာလဆောမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့်လည်းကောင်း လာမယ့် သီတင်းပတ်အတွင်း နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။

    မိုးကြီးတာနဲ့အတူ ကုန်းမြင့်ဒေသအပါအဝင် ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေကို ဂရုပြုကြဖို့ ပြောထားပါတယ်။

  3. မင်္ဂလာပါ။ ဇူလိုင် ၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။