ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, ငွေလိမ်စင်တာတွေကြောင့် DKBA နဲ့ ခေါင်းဆောင်ပိုင်းတွေကို EU ဒဏ်ခတ်

ငွေလိမ်စင်တာ အများအပြားကို လည်ပတ်ခွင့်ပြုတာကြောင့် DKBA နဲ့ ခေါင်းဆောင်ပိုင်းတွေကို EU ဒဏ်ခတ် ပိတ်ဆို့တဲ့သတင်းအပါအဝင် ဇူလိုင် ၃၁ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ငွေလိမ်စင်တာ အများအပြားကို လည်ပတ်ခွင့်ပြုတာကြောင့် DKBA နဲ့ ခေါင်းဆောင်ပိုင်းတွေကို EU ဒဏ်ခတ် ပိတ်ဆို့
  • ငဝန်မြစ်ရေကာတာ ကျိုးပြီး ရေကြီးလာတာကြောင့် မြို့ပေါ်ရပ်ကွက် ၃ ခုနဲ့ ရွာ ၃ ရွာက ‌ဒေသခံတွေ ရေလွတ်ရာကို အရေးပေါ် ရွှေ့ရ
  • NUG၊ လူ့အခွင့်အရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး ဇူလိုင် ၃၁ ကစပြီး တာဝန်ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်
  • ဂျပန်စာအရည်အချင်းစစ် စာမေးပွဲ JLPT ဖြေဆိုခွင့်လျှောက်လွှာကို သြဂုတ် ၃ ရက်မှာ အွန်လိုင်းကနေ စတင်လျှောက်ထားနိုင်ပြီး သြဂုတ် ၁၁ ရက်နောက်ဆုံးထား စာမေးပွဲကြေးပေးချေရမယ်
  • ဂါဇာကဟားမတ်စ်အဖွဲ့နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေ လုံးဝလက်နက်ဖြုတ်သိမ်းပေးဖို့ သဘောတူညီမှုရပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောပေမဲ့ အစ္စရေးမှတ်ချက်မပေး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လေးနှစ်အကြာပြန်လာတဲ့ Spider-Man နဲ့ ဇန်ဒေးယာ၊ တွမ် ဟော်လန်တို့စုံတွဲ

    ဟောလိဝုဒ်ရဲ့ နာမည်ကျော် စုံတွဲ တွမ် ဟော်လန်နဲ့ ဇန်ဒေးယာတို့ဟာ အခုနှစ်နွေရာသီတစ်လျှောက်လုံး အသစ်ထွက် ရုပ်ရှင်မြှင့်တင်ပွဲတွေရဲ့ကော်ဇောနီ လျှောက်လမ်းပေါ်မှာ လူအများရဲ့ အာရုံစိုက်မှုကို ဆက်တိုက်ရရှိနေခဲ့ပါတယ်။

    အခုလည်း လန်ဒန်မြို့မှာ ကျင်းပတဲ့သူတို့ရဲ့နောက်ဆုံးထွက်ရုပ်ရှင် Spider-Man: Brand New Day အထူးပြသပွဲကို တက်ရောက်ချိန်မှာတော့ ကမ္ဘာ့နာမည်အကြီးဆုံး လူငယ်သရုပ်ဆောင်နှစ်ဦးကို ခဏလေးဖြစ်ဖြစ် မြင်တွေ့ခွင့်ရဖို့ ပရိသတ်အများအပြား လာရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။

    မကြာသေးခင်က လက်ထပ်ခဲ့တဲ့ဒီစုံတွဲဟာ ဒီနှစ်အတွင်း အလုပ်များနေခဲ့ပြီး လက်ရှိမှာ ရုံတင်နေတဲ့ ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်ရဲ့ ရုပ်ရှင်ကားကြီး The Odyssey မှာလည်း အတူပါဝင်သရုပ်ဆောင်ထားပါတယ်။

    ဘီဘီစီက “ခင်ပွန်းနဲ့အတူ အလုပ်လုပ်တဲ့အခါ အဆင်ပြေစေဖို့ အကြံပေးချင်တာရှိလား” လို့ မေးမြန်းရာမှာတော့ ဇန်ဒေးယာက "အရင်းနှီးဆုံးလူတွေဖြစ်နေကြတဲ့အခါ အတူအလုပ်လုပ်ရတာက တော်တော်လွယ်ပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  2. လက်နက်ဖြုတ်သိမ်းပေးဖို့ ဟားမတ်စ်သဘောတူကြောင်း ထရမ့်ပြော

    ဂါဇာကဟားမတ်စ်အဖွဲ့နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေ လုံးဝလက်နက်ဖြုတ်သိမ်းပေးဖို့ သဘောတူညီမှုရပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောဆိုလိုက်ပါပြီ။

    ဂါဇာမှာ လုံးဝလက်နက်ဖြုတ်သိမ်းမယ့်အစီအစဉ်ကို သဘောတူလိုက်ပြီလို့ ဟားမတ်စ်အဆင့်မြင့်အရာရှိတစ်ဦးက ဘီဘီစီကိုပြောပြီး မကြာခင် ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

    ဒီအစီအစဉ်နဲ့ပတ်သက်လို့ အစ္စရေးက မှတ်ချက်မပေးသေးပါဘူး။

    သဘောတူညီမှုအရ အစ္စရေးတပ်တွေ ဆုတ်ခွာတာမျိုးမလုပ်ဘူးဆိုရင် ထရမ့်ဟာ အတော်ကို မကျေမနပ်ဖြစ်သွားလိမ့်မယ်လို့ အမေရိကန်အစိုးရအရာရှိတွေက ပြောပါတယ်။

    လက်နက်ဖြုတ်သိမ်းမှု အပြီးသတ်တာနဲ့ အစ္စရေးဟာ ဂါဇာကနေ ဆုတ်ခွာရမှာဖြစ်ပြီး အခုသဘောတူညီမှုဟာ ဂါဇာကို ပါလက်စတိုင်းအစိုးရသစ်က နောက်ဆုံးမှာ အုပ်ချုပ်ခွင့်ရရှိရေးအတွက် အရေးပါအဆင့်တစ်ခုဖြစ်တယ်လို့ ထရမ့်ကပြောဆိုခဲ့ပါတယ်။

    အမေရိကန်က ကြားဝင်စေ့စပ်ပေးတဲ့ ဂါဇာအပစ်အခတ်ရပ်စဲရေးအစီအစဉ်ရဲ့ ဒုတိယအဆင့်မှာ ဟားမတ်စ်အဖွဲ့ လုံးဝလက်နက်ဖြုတ်သိမ်းရေးဆိုတဲ့ အချက်ပါဝင်နေပါတယ်။

    သဘောတူညီမှုကို ကာတာ၊ အီဂျစ်နဲ့ တူရကီတို့က ကြားဝင်စေ့စပ်သူတွေရဲ့ အကူအညီနဲ့ရရှိခဲ့တာဖြစ်ပါတယ်။

    စေ့စပ်ဆွေးနွေးသူတချို့ကတော့ သဘောတူညီမှုကို ကြီးမားတဲ့အောင်မြင်မှုလို့ပြောနေကြပေမဲ့ သတိထားဖို့နဲ့ သံသယနဲ့ရှုမြင်ဖို့ တိုက်တွန်းသူတွေလည်းရှိနေပါတယ်။

    လက်နက်ဖြုတ်သိမ်းတဲ့ဖြစ်စဉ်မှာ တိုးတက်မှုရှိမရှိကို စစ်ဆေးရေးကော်မတီတစ်ရပ်က လုပ်ဆောင်မှာဖြစ်တယ်လို့ အမေရိကန်နဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဝင်အရာရှိတွေက ဒီနေ့အစောပိုင်းမှာ အတည်ပြုထားပါတယ်။

    ဟားမတ်စ်နဲ့ အစ္စရေးတို့က တစ်ဖက်နဲ့တစ်ဖက် စောင့်ကြည့်နေတာမို့ အခက်အခဲတွေရှိနိုင်တာဖြစ်တာကြောင့် အခြေအနေတိုးတက်မှုရှိမရှိကို လွတ်လပ်ပြီးအမှီအခိုကင်းတဲ့ကော်မတီက သုံးသပ်ရခြင်းဖြစ်ပါတယ်။

    ဟားမတ်စ်ရဲ့လက်နက်ကိုင်တပ်၊ လှိုဏ်ခေါင်းတွေနဲ့ ထုတ်လုပ်ရေးစက်ရုံတွေဟာ စစ်သွေးကြွအဖွဲ့ထက် နိုင်ငံတစ်နိုင်ငံရဲ့လည်ပတ်မှုနဲ့ ပိုတူညီနေတာမို့ လက်နက်ဖြုတ်သိမ်းတာဟာ ခန့်မှန်းတာထက်ပိုကြာနိုင်တယ်လို့ အရာရှိတွေက ပြောပါတယ်။

    ပထမဆုံးအနေနဲ့ ဂါဇာက ဟားမတ်စ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံစုံပါဝင်တဲ့ အာဏာပိုင်တွေထံမှာ လက်နက်ချမှာဖြစ်တယ်လို့ အမေရိကန်နဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဝင်အရာရှိတွေက ပြောပါတယ်။

    အဲဒီနောက် လိုဏ်ခေါင်းတွေ၊ လက်နက်တိုက်တွေအပါအဝင် လက်နက်ကြီးတွေကို ရပ်စဲတဲ့ဖြစ်စဉ်နဲ့ အဲဒီအဆောက်အအုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ တိုက်ခိုက်ရေးသမားတွေကို လက်နက်ချစေဖို့လုပ်ဆောင်တာတွေကို ဆက်လက်ပြုလုပ်ရမှာဖြစ်ပါတယ်။

    သိမ်းဆည်းလိုက်တဲ့ လက်နက်တွေကို ဘယ်လိုလုံခြုံမှုရှိရှိ ထားသိုမလဲဆိုတဲ့ အဓိကပြဿနာတစ်ခုကို ဖြေရှင်းဖို့ လိုအပ်ချက်ရှိနေပါသေးတယ်။

    နောက်ဆုံးမှာတော့ ဂါဇာက ပုဂ္ဂလိကပိုင်လက်နက်တွေကို ပါလက်စတိုင်းဥပဒေအရ ကျင့်သုံးရမှာဖြစ်ပါတယ်။

    ပြည်သူ့စစ်တွေနဲ့ ဂါဇာက အုပ်စုတွေဟာ သူတို့ရဲ့လက်နက်တွေကို အပ်နှံကြရမှာဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရဲ့ အဆင့်နှစ်စတင်ချိန်ကစလို့ခြောက်လကြာမြင့်တဲ့အထိ တိုးတက်မှုသိပ်မရှိသေးပါဘူး။

    အစ္စရေးနဲ့ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိခဲ့တဲ့ လွန်ခဲ့တဲ့နှစ်အောက်တိုဘာကစလို့ ပါလက်စတိုင်းသား ၁၁၆၈ ဦး သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဟားမတ်စ်အုပ်ချုပ်မှုအောက်က ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာအရင်းအင်းတွေ အရသိရပါတယ်။

    ဒီစာရင်းဟာ ယုံကြည်လို့ရနိုင်တယ်လို့ကုလသမဂ္ဂက ပြောဆိုထားပါတယ်။

    အဲဒီကာလအတွင်း ဂါဇာမှာ ပါလက်စတိုင်းရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သည်လေးဦးသေဆုံးခဲ့ပါတယ်။

    အစ္စရေးဟာ ဂါဇာမှာ ပါလက်စတိုင်းသားတွေအပေါ် လူမျိုးပြုတ်သတ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်လို့ ကုလစုံစမ်းစစ်ဆေးရေးကော်မရှင်က မနှစ်ကအောက်တိုဘာမှာ ပြောခဲ့ပါတယ်။

  3. ဂျပန်စာအရည်အချင်းစစ် စာမေးပွဲ JLPT လျှောက်လွှာ သြဂုတ် ၃ ရက်စတင်နိုင်မယ်

    ဒီဇင်ဘာမှာ ပြုလုပ်မယ့် ဂျပန်စာအရည်အချင်းစစ် စာမေးပွဲ JLPT ဖြေဆိုခွင့်လျှောက်လွှာကို သြဂုတ် ၃ ရက်မှာ အွန်လိုင်းကနေ စတင်လျှောက်ထားနိုင်မယ်လို့ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း MAJA က ဒီနေ့ထုတ်ပြန်ပါတယ်။

    သြဂုတ် ၃ ရက်ကနေ ၉ ရက်အထိ လျှောက်လွှာ‌တွေလက်ခံမှာဖြစ်ပြီး သြဂုတ် ၁၁ ရက်နောက်ဆုံးထား စာမေးပွဲကြေးပေးချေရမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပြုလုပ်တဲ့ JLPT စာမေးပွဲတွေကို အဆင့်အလိုက် မြန်မာငွေကျပ် ၅၂,၀၀၀ ကနေ ၅၇,၀၀၀ ကျပ်အထိ ပေးသွင်းပြီး ဖြေဆိုကြရတာဖြစ်ပါတယ်။

    တစ်နှစ်မှာ နှစ်ကြိမ်ပြုလုပ်တဲ့ JLPT စာမေးပွဲရဲ့ ဇူလိုင်စာမေးပွဲရလဒ်တွေကတော့ သြဂုတ်လကုန်မှ ထွက်ရှိမှာ ဖြစ်တယ်လို့ MAJA ကဆိုပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း JLPT ဖြေဆိုသူ အရေအတွက် တဟုန်ထိုးမြင့်တက်လာတာကို JLPT ဝက်ဘ်ဆိုက်ရဲ့စာရင်းတွေအရ သိရပါတယ်။

    ၂၀၂၁ မတိုင်ခင်မှာ ဒီစာမေးပွဲတစ်ကြိမ်စစ်ဆေးရင် ဖြေဆိုသူ ပျမ်းမျှ ၂ သောင်းဝန်းကျင်သာ ရှိရာကနေ ဒီနောက်ပိုင်းမှာ ၁ သိန်းဝန်းကျင်အထိ ရှိလာတာပါ။

    ဒီလ ၅ ရက်က စာမေးပွဲမှာ စာဖြေသူ ၉ သောင်းဝန်းကျင်ရှိခဲ့တာပါ။

    ဒါပေမဲ့ အလုပ်အကိုင်အပိုင်းမှာတော့ မြန်မာဘက်က အလုပ်အကိုင်အေဂျင်စီတစ်ခုကို တစ်လမှာ အလုပ်သမား ၁၅ ဦးသာ ဂျပန်ကို ပို့ဆောင်ခွင့်ရှိတာဖြစ်ပါတယ်။

  4. NUG လူ့အခွင့်အရေး ဒုဝန်ကြီး နုတ်ထွက်

    အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူ့အခွင့်အရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ဒီနေ့ကစပြီး တာဝန်ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

    ဒီလိုဆုံးဖြတ်လိုက်တာဟာ NUG နဲ့ အစိုးရအဖွဲ့ခေါင်းဆောင်တွေနဲ့ မူဝါဒပိုင်းဆိုင်ရာ သဘောထားမတိုက်ဆိုင်တာ၊ အငြင်းပွားတာနဲ့ ကွဲလွဲတာတွေရှိလို့ မဟုတ်ပါဘူးလို့ ဦးအောင်ကျော်မိုးက ပြောပါတယ်။

    ဒါပေမဲ့ အခုချိန်မှာ ရိုဟင်ဂျာလူထုရဲ့ အမျိုးသားအခွင့်အရေးတွေ၊ နိုင်ငံရေးကိုယ်စားပြုမှု၊ ဂုဏ်သိက္ခာနဲ့ ရေရှည်အကျိုးအတွက် အာရုံစိုက်လုပ်ဆောင်တာက ပိုထိရောက်အကျိုးရှိမယ်လို့ သုံးသပ်မိတာကြောင့်လို့ ဆိုပါတယ်။

    ရိုဟင်ဂျာနိုင်ငံရေးခေါင်းဆောင်မှုအားကောင်းလာဖို့အပါအဝင် ရိုဟင်ဂျာအရေးအတွက် ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ပိုတိုးချဲ့ပူး‌ပေါင်းသွားမယ်လို့ ဦးအောင်ကျော်မိုးက လူမှုကွန်ရက်မှာ ပြောပါတယ်။

    NUG၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းတို့နဲ့လည်း ဘုံရည်မှန်းချက်တွေ ကိုက်ညီတဲ့နေရာတိုင်းမှာ နီးနီးကပ်ကပ်ဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။

    ဦးအောင်ကျော်မိုးဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ အစိုးရအဖွဲ့အတွင်း ဝန်ကြီး။ ဒုဝန်ကြီးအဆင့်တာဝန်ထမ်းဆောင်ရတဲ့ ပထမဆုံးရိုဟင်ဂျာတစ်ဦးလည်းဖြစ်ပါတယ်။

    ဦးအောင်ကျော်မိုးနှုတ်ထွက်တာနဲ့ပတ်သက်လို့ မိခင်ဌာနဖြစ်တဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကတော့ တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

  5. AI ကြောင့်ဖြစ်တဲ့အလုပ်လက်မဲ့ပြဿနာကို ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့အမျိုးသမီးတွေ

    ဉာဏ်ရည်တုဟာ နည်းပညာကမ္ဘာထဲကို အရှိန်အဟုန်နဲ့ ဝင်ရောက်လာပြီးနောက် အဲလစ် ဟွမ် လို ပရိုဂရမ်ရေးသားသူတွေ မလိုအပ်တော့တဲ့အခြေအနေကို ရောက်လာချိန်မှာ သူဟာ ရိုးရာလက်မှုလုပ်ငန်းပုံစံကို ပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

    သူဟာ ကွန်ပျူတာ ကီးဘုတ်ကို စွန့်လွှတ်ကာ စက်ကိရိယာတွေကို ကိုင်တွယ်ရတဲ့ အလုပ်ကို ပြောင်းပါတယ်။ ပြီးတော့ အမျိုးသမီးတွေချည်းနဲ့ပဲ ဖွဲ့စည်းထားတဲ့ အိမ်ပြုပြင်၀န်ဆောင်မှု အဖွဲ့ကိုမေလမှာ ဖွဲ့ပြီး "Qiangqiang Women Workers" ကွင်ချင်း အမျိုးသမီးလုပ်သားများအဖွဲ့လို့ နာမည်ပေးပါတယ်။

    ဉာဏ်ရည်တု(AI)နည်းပညာ တိုးတက်မှုအရှိန်ကြောင့် အလုပ်ကနေ ဖယ်ရှားခံခဲ့ရတဲ့ တရုတ်က အမျိုးသမီး‌တွေ ဘယ်ကိုခြေလှမ်း‌နေရလဲ ဆိုတာ ဒီလင်ခ့် မှာဖတ်နိုင်ပါပြီ။

  6. ငဝန်ရေကာတာကျိုး၊ လေးမျက်နှာမြို့ပေါ်ရပ်ကွက်နဲ့ ရွာတွေ အရေးပေါ်ရွှေ့ပြောင်းရ

    ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ထဲက မြစ်ကျိုးရွာအနီးမှာရှိတဲ့ ငဝန်မြစ်ရေကာတာ ကျိုးပြီး ရေကြီးလာတာကြောင့် မြို့ပေါ်ရပ်ကွက် ၃ ခုနဲ့ ရွာ ၃ ရွာက ‌ဒေသခံတွေ ရေလွတ်ရာကို အရေးပေါ် ရွှေ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဒီမနက်ထုတ်ပြန်ပါတယ်။

    အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ ဂျမ်းကုန်းကျေးရွာ၊ ကျွန်းတဲကျေးရွာနဲ့ ကွမ်းခြံကုန်းကျေးရွာက အိမ်ထောင်စုတွေ ရွှေ့ပြောင်းရတာလို့ ဆိုပါတယ်။

    “ကျောင်းတွေလည်းပိတ်ထားတယ်။ အမှတ် ၂ ဘက်လည်း ရေက ဆက်တိုက်ဝင်နေတယ်။ ဒီတိုင်းဆို မြစ်အောက်ဘက်က ရွာတွေလည်းဆက်ဝင်နိုင်တယ်” လို့ လေးမျက်နှာမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဘီဘီစီက ဆက်သွယ်ချိန်မှာ သူတို့မိသားစုလည်း အရေးပေါ်ရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။

    ငဝန်ရေကာတာဟာ မနေ့ကတည်းက တာနိမ့်ဆင်းသွားတာကြောင့် ‌ဒေသခံနဲ့ မီးသတ်ပေါင်းပြီး တုတ်ရိုက်တာ၊ ကျောက်ချတာ၊ သဲဖို့သဲအိတ်စီတာတွေ လုပ်ခဲ့ရတာပါ။

    ဒါပေမဲ့ ည ၁၁ နာရီ ဝန်းကျင်မှာ ရေကာတာဟာ အလျားပေ ၅၀ အကျယ်လောက် ကျိုးသွားတယ်လို့ မီးသတ်တပ်ဖွဲ့ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

    မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ခန့်မှန်းချက်အရ ဧရာဝတီတိုင်းထဲမှာ သြဂုတ် ၃ ရက်အထိ မိုးဆက်ရွာဖို့ရှိနေသလို ငဝန်မြစ်ရေကလည်း ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် မှာဆက်ရှိနေမယ်လို့ ဒီမနက်ထုတ်ပြန်ပါတယ်။

    ငဝန်မြစ်ရေကာတာနဲ့ ဧရာဝတီမြစ်ရေကာတာတွေကို မိုးရာသီမှာ ရေကြီးပြီး ကျိုးပေါက်တာ မဖြစ်အောင် ကြံ့ခိုင်ရေးလုပ်ဆောင်ဖို့ တိုင်းလွှတ်တော်မှာ ပြီးခဲ့တဲ့လက ဆွေးနွေးခဲ့ကြပါတယ်။

    လေးမျက်နှာမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ က ဦးကျော်ဝင်းနိုင်ကဆွေးနွေးခဲ့ပြီး ထောက်ခံတဲ့ ကိုယ်စားလှယ် ၁၀ ဦးရှိကာ ရေကာတာကြံ့ခိုင်ရေးလုပ်ဆောင်ဖို့အဆိုကို တိုင်းလွှတ်တော်က အတည်ပြုခဲ့ပါတယ်။

    ဒါပေမဲ့ ဒေသခံအပြောအရ ရေကာတာကြံ့ခိုင်ရေးကို မိုးရာသီမတိုင်ခင်ကတည်းက လုပ်ဆောင်ခဲ့သင့်ပြီး လွှတ်တော်မှာ အတည်ပြုပြီးပေမဲ့ ကြံ့ခိုင်ရေးအတွက် လုပ်ဆောင်တာမတွေ့ရဘူးလို့ သိရပါတယ်။

  7. ပြန်ပေးဆွဲငွေတောင်းမှုတွေ မကြာခဏဖြစ်နေတဲ့ပုပ္ပါးနဲ့ ပျောက်ဆုံးနေတဲ့ခရီးသွား ၁၁ ဦး

    ကမ္ဘာကျော်ပုဂံဒေသနဲ့ ဆက်နေတဲ့ ကျောက်ပန်းတောင်းမြို့ ပုပ္ပါးတောင်ခြေအနီးက Popa Garden Resort ပုပ္ပါးဂါးဒင်းအပန်းဖြေဟိုတယ်မှာ တည်းခိုခရီးသွားတဲ့ ၁၁ ဦးအဖွဲ့ ပျောက်ဆုံးနေတာ ရက်သတ္တပတ် တစ်ပတ်နီးပါး ရှိလာပါပြီ။

    ရန်ကုန်မြို့ကနေ ပုပ္ပါးဒေသကိုသွားတဲ့ ခရီးသွား ၁၁ ဦးအဖွဲ့ဟာ ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းမှာ ပုပ္ပါးတောင်ခြေက ပုပ္ပါးဂါးဒင်း အပန်းဖြေဟိုတယ်ကို ရောက်ရှိခဲ့ကြပါတယ်။

    သူတို့ဟာ ညနေပိုင်းက ဟိုတယ်ကနေ ပုပ္ပါးတောင်ဘက်ကို အသွားမှာ သူတို့အဖွဲ့လိုက် စီးနင်းသွားတဲ့ကားနဲ့အတူ ပျောက်ဆုံးသွားတာလို့ ဟိုတယ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  8. ငွေလိမ်စင်တာတွေကြောင့် DKBA နဲ့ ခေါင်းဆောင်ပိုင်းတွေကို EU ဒဏ်ခတ်

    ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ရဲ့ ထိန်းချုပ်နယ်မြေအတွင်း ငွေလိမ်စင်တာ အများအပြားကို လည်ပတ်ခွင့်ပြုတာကြောင့် ဥရောပသမဂ္ဂ EU က ဒဏ်ခတ် ပိတ်ဆို့လိုက်ပါတယ်။ ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ စောဆန်းအောင်၊ စောကျော်လှ၊ စောစတီး၊ စောစိန်ဝင်း၊ စောအိလိထူးတို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့တဲ့စာရင်းထဲထည့်သွင်းလိုက်တာကို ဇူလိုင် ၃၀ ရက် EU ‌ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

    အရှေ့တောင်အာရှငွေလိမ်စင်တာတွေမှာ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ DKBA အပါအဝင် လူပုဂ္ဂိုလ် ၇ ဦးနဲ့ အဖွဲ့အစည်း ၃ ခုကို ဒဏ်ခတ်ပိတ်ဆို့တဲ့စာရင်းထဲ ထည့်လိုက်တာပါ။ DKBA ဟာ ငွေလိမ်စင်တာတွေကို အကာအကွယ်ပေးပြီး ရာဇဝတ်ဂိုဏ်းတွေကိုလည်ပတ်စေ တယ်လို့ EU ကပြောပါတယ်။ ဒါအပြင် တပ်ဖွဲ့ဝင်တွေကလည်း ငွေလိမ်စင်တာတွေမှာ လူကုန်ကူးခံရသူတွေကို အကြမ်းဖက်မှု တွေအတွင်း ပါဝင်ပတ်သက်နေတယ်လို့ ပြောထားပါတယ်။

    ဒါကြောင့် အခုဒဏ်ခတ်ပိတ်ဆို့တဲ့စာရင်းထဲ ထည့်သွင်းခံရတဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းထားမှာဖြစ်တယ်လို့ EU ကထုတ်ပြန်ပါတယ်။ EU အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေကိုလည်း လက်တွဲလုပ်ကိုင်တာကနေ တားမြစ်လိုက်ပါတယ်။

    အခုဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေဟာ EU အဖွဲ့ဝင်နိုင်ငံတွေကို ဝင်ရောက်ခွင့် ရတော့မှာမဟုတ်ပါဘူး။ မနေ့ကထုတ်ပြန်ချက်အရ DKBA အပြင် Prince Holding Group နဲ့ ဥက္ကဋ္ဌ ချန်ကျီ၊ Jin Bei Group နဲ့ ဥက္ကဋ္ဌ Zhu Zhongbiao တို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့တဲ့စာရင်းထဲ ထည့်သွင်းတာတွေ့ရပါတယ်။

  9. မင်္ဂလာပါ။ ဇူလိုင် ၃၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။