အမေရိကန်အတွက်ဘေးမကင်းတဲ့ မူးယစ်ဆေးထုတ်တဲ့နိုင်ငံအဖြစ် မြန်မာကို သမ္မတ ထရမ့် သတ်မှတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာကို တရားမ၀င် မူးယစ်ဆေးထုတ်နိုင်ငံတစ်နိုင်ငံအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတ်မှတ်လိုက်တယ်လို့ အိမ်ဖြူတော်က ကြေညာချက်ထုတ်ပါတယ်။
ဒါက မူးယစ်ဆေး၀ါးတွေကို တရားမ၀င် ထုတ်လုပ်တာ ဒါမှမဟုတ် တဆင့်ခံဖြစ်စေတဲ့ ၂၀၂၇ ခုနှစ် နိုင်ငံတွေ စာရင်းမှာ မြန်မာကိုပါ ထည့်သွင်းသတ်မှတ်လိုက်ကြောင်း သမ္မတ ထရမ့်က ကွန်ဂရက်လွှတ်တော်ကို စာပေးပို့ လိုက်တာလည်းဖြစ်ပါတယ်။
သမ္မတ ထရမ့် ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာက စစ်တပ် အုပ်စိုးသူအစုအဖွဲ့ဟာ သူတို့လုပ်နေတဲ့ မူးယစ်စီးပွားရေးကို နှိမ်နင်းဖို့ အားထုတ်မှု နည်းနည်းပဲ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာဟာ ကမ္ဘာမှာ ဘိန်းထုတ်မှု အကြီးမားဆုံးရင်းမြစ်ဖြစ်လာသလို မက်သာဖက်တမင်း မူးယစ်ဆေးကို အကြီးမားဆုံးထောက်ပို့တဲ့နိုင်ငံတစ်နိုင်ငံလည်း ဖြစ်လာတယ်လို့ သမ္မတ ထုတ်ပြန်ချက်က ဆိုပါတယ်။
မြန်မာအပြင် ၂၃ နိုင်ငံကို အလားတူသတ်မှတ်တယ်လို့ ကြေညာပြီး အဲဒီထဲမှာမှ မြန်မာ၊ အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယားနဲ့ ကိုလံဘီယာ ၄ နိုင်ငံကတော့ ပြီးခဲ့တဲ့ ၁၂ လအတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သဘောတူညီချက်တွေအရ လိုက်နာရမယ့် တာဝန်တွေကို “သိသာထင်ရှားစွာ ပျက်ကွက်ခဲ့တဲ့နိုင်ငံများ” အဖြစ် သတ်မှတ်ထားပါတယ်။
အဲဒီနိုင်ငံတွေရဲ့ တရားမဝင်မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ရှေ့ပြေးဓာတုပစ္စည်းတွေ ထုတ်လုပ်ခြင်းနဲ့ မှောင်ခိုဖြန့်ဖြူးခြင်းတွေဟာ အမေရိကန်နိုင်ငံနဲ့ အမေရိကန်ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။
ဒီနိုင်ငံတွေဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း နိုင်ငံတကာ မူးယစ်ဆေးနှိမ်နင်းရေး သဘောတူညီချက်တွေနဲ့ နှိမ်နင်းရေးအစီအမံတွေအရ လိုက်နာရမယ့် တာ၀န်၀တ္တရားတွေမှာ အားထုတ်မှု ကြီးကြီးမားမား မရှိတာကို ပြသတယ်လို့ ဆိုပြီး သမ္မတ ထရမ့်က အခုလို သတ်မှတ်တာလို့လည်း အိမ်ဖြူတော်က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာတော့ တာလီဘန်တွေဟာ ဘိန်းစိုက်ပျိုးတာကို တားမြစ်ထားတယ်လို့ ကြေညာထားပေမဲ့ ကမ္ဘာတလွှား ဘိန်းစျေးကွက်ကို ဆက်ပြီး ထောက်ပို့နေတာကြောင့် အစ္စလာမ္မစ် အကြမ်းဖက်မှုကို ငွေကြေး ပံ့ပိုးရာ ရောက်နေတယ်လို့ ဆိုပါတယ်။
ဒီလိုအကြောင်းအရာတွေကြောင့် မြန်မာနဲ့ အာဖဂန်စ္စတန်နိုင်ငံတွေဟာ လုပ်သင့်လုပ်ထိုက်တဲ့ မူးယစ်ဆေး ထိန်းချုပ်ရေး ၀တ္တရားတွေကို ပြသဖို့ ပျက်ကွက်မှုတယ်လို့ ဆုံးဖြတ်လိုက်တယ်တာလို့လည်း သမ္မတ ထရမ့်က သူ့ရဲ့ ထုတ်ပြန်ချက်ထဲ ပြောပါတယ်။
အမေရိကန်ရဲ့မူးယစ်နှိမ်နင်းရေးအားထုတ်မှုတွေမှာ သက်ဆိုင်ရာနိုင်ငံတွေ အပြည့်အ၀ပူးပေါင်းပါ၀င်မှု လုပ် မလုပ်ကို အမေရိကန်က တရား၀င်သတ်မှတ်တာမျိုး နှစ်စဉ် နှစ်တိုင်း ပြုလုပ်လေ့ရှိပါတယ်။
နေပြည်တော်ကတော့ မူးယစ်ဆေး၀ါး နှိမ်နင်းရေးတွေကို ပြင်းပြင်းထန်ထန်လုပ်နေတယ်လို့ ပြောနေပြီး ပြီးခဲ့တဲ့ ၁ နှစ်ကျော်အတွင်း မူးယစ်နှိမ်နင်းမှုတွေကနေ ပြည်သူ့ဘဏ္ဍာအဖြစ် ကျပ်ငွေ ၈ ဘီလျံနီးပါး သိမ်းဆည်းမိခဲ့တယ်လို့ မကြာသေးခင်တုန်းကပဲ ထုတ်ပြောပါတယ်။



