ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, Sky Villa ပိုင်ရှင် ထောင်ဒဏ် ထပ်တိုး ချမှတ်ခံရပေမဲ့ တရားမျှတမှု မရှိသေးဘူးလို့ အခန်းပိုင်ရှင်အချို့ပြော

Sky Villa ပိုင်ရှင် ထောင်ဒဏ် ထပ်တိုး ချမှတ်ခံရပေမဲ့ တရားမျှတမှု မရှိသေးဘူးလို့ အခန်းပိုင်ရှင်အချို့ပြောတဲ့ သတင်းအပါအဝင် ဇူလိုင် ၁၅ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

အနှစ်ချုပ်

  • Sky Villa အဆောက်အဦး ရဲ့ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်ကို ထောင် ၇ နှစ်ချမှုဟာ သူတို့အတွက် တရားမျှတမှုမဟုတ်ဘူးလို့ အခန်းပိုင်ရှင်တွေပြော
  • ထိုင်းနိုင်ငံထဲ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်မှုနဲ့ဖမ်းဆီးခံရသူ၊ ရာဇဝတ်မှုကျူးလွန်မှုနဲ့ဖမ်းဆီးခံရသူ ပြည်ပနိုင်ငံသားတွေကို ပြည်နှင်ဒဏ်ပေးတဲ့လုပ်ငန်းစဉ် မြန်ဆန်ရေး နည်းဥပဒေကို ထိုင်းအစိုးရအဖွဲ့အတည်ပြု

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. သတင်းထူး, NUG နဲ့ အာဆီယံအထူးသံ အွန်လိုင်းကနေ တွေ့ဆုံ

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး၊ မြန်မာ့အရေးအာဆီယံအထူးသံ ထရီဇာလာဇာရိုတို့ အွန်လိုင်းကနေ တွေ့ဆုံခဲ့တယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ဘီဘီစီကို အတည်ပြုပါတယ်။

    ''တွေ့ဆုံခဲ့တာ ဟုတ်ပါတယ်။ အသေးစိတ်ကို သတင်းထုတ်ပြန်ပါလိမ့်မယ်'' လို့ သူက ပြီးခဲ့တဲ့ မိနစ်ပိုင်းမှာပဲ ဘီဘီစီကို ပြောပါတယ်။

    အထူးသံဟာ ပြီးခဲ့တဲ့ရက်တွေအတွင်း နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး၊ နေပြည်တော် ငြိမ်းချမ်းရေးအဖွဲ့(NSPNC)က ကိုယ်စားလှယ်အဖွဲ့တွေနဲ့ မြန်မာ- ထိုင်းနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်(EROs)အဖွဲ့အများစုနဲ့ ပြီးခဲ့တဲ့ ရက်တွေအတွင်း ဘန်ကောက်နဲ့ ပတ္တရားတွေမှာ သီးခြားစီ တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။

    အဲဒီနောက်မှာ အထူးသံဟာ NUG နဲ့ အွန်လိုင်းကနေ တွေ့ဆုံတာဖြစ်ပါတယ်။

    ပတ္တရားမြို့မှာ တနင်္လာနေ့တုန်းက နေပြည်တော်ငြိမ်းချမ်းရေးအဖွဲ့(NSPNC)နဲ့ တွေ့ဆုံချိန်တုန်းကတော့ အထူးသံဟာ နေပြည်တော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နားထောင်ခဲ့တယ်လို့ ပြောပါတယ်။

    အထူးသံဟာ တစ်နေ့တည်းမှာပဲ ပတ္တရားမြို့မှာ မြန်မာတိုင်းရင်းသားလက်နက်ကိုင် (EROs)တွေနဲ့ သီးခြား တွေ့ဆုံတုန်းကတော့ တွေ့ဆုံဆွေးနွေးရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ရေး အာဆီယံဘက်က လုပ်နိုင်တာတွေကို ဆွေးနွေးခဲ့ပြီး သူ့ရဲ့အဆိုပြုချက် ၂ ရပ်ကို မြန်မာ့အရေး ပြည်တွင်းပြည်ပနဲ့ဆက်သွယ်ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အာဆီယံအနေနဲ့ ရှေ့ဆက်လုပ်မယ့် ထိတွေ့ဆက်ဆံမှုတွေမှာ မူဝါဒပိုင်းသာမက လက်တွေ့မှာလည်း မျှမျှတတလုပ်ဖို့ အာဆီယံကို ဇူလိုင် ၁၂ ရက်မှာ စာထုတ်တိုက်တွန်းပါတယ်။

    ဒါအပြင် အာဆီယံအနေနဲ့ မြန်မာနဲ့ ပတ်သက်တဲ့ တွေ့ဆုံဆက်ဆံမှုတွေ ကို မျှတပြီး အားလုံးပါဝင်စွာ ဆောင်ရွက်ရမှာဖြစ်သလို အာဆီယံ ဘုံသဘောတူညီချက်ငါးချက်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီရမယ်လို့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အပါဝင် မြန်မာ့ဒီမိုကရေစီအင်အားစု အစုအဖွဲ့ ၂၀ ကလည်း အစောပိုင်းမှာ တောင်းဆိုထားပါတယ်။

  2. ဆွေးနွေးပွဲပြန်မစရင် တံတားတွေ၊ ဓာတ်အားရုံတွေကို ဗုံးကြဲမယ်လို့ အမေရိကန်က အီရန်ကို ခြိမ်းခြောက်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေနဲ့ ဆွေးနွေးပွဲတွေကို ပြန်မစဘူးဆိုရင် လာမယ့်သီတင်းပတ်မှာ အီရန်ရဲ့တံတားတွေနဲ့ ဓာတ်အားပေးစက်ရုံတွေကို ဗုံးကြဲမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

    အီရန်နဲ့ အမေရိကန်တို့ အပြန်အလှန်ပစ်ခတ်မှု ၄ ရက်မြောက်ထဲ ဝင်လာချိန် ဖောက်စ် သတင်းဌာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတထရမ့်က အခုလိုမှတ်ချက်ပေးတာဖြစ်ပါတယ်။

    ထရမ့်ဟာ သူအစောပိုင်းက ပြောထားတဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်မယ့် ကုန်တင် သင်္ဘောတွေကို ၂၀ ရာခိုင်နှုန်း အခွန်ကောက်မယ်ဆိုတဲ့ခြိမ်းခြောက်မှုကို ပြန်ရုပ်သိမ်းခဲ့ပေမဲ့ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့တာတွေကိုတော့ ပြန်စခဲ့ပါတယ်။

    ''နောက်တစ်ပတ်ဆို သူတို့အတွက် အတော်လေး ဆိုးလိမ့်မယ်'' လို့ သူက ပြောပါတယ်။

    ''စားပွဲ၀ိုင်းကိုလာပြီး ညှိနှိုင်းဆွေးနွေးတာတွေ မလုပ်ဘူးဆိုရင်တော့ သူတို့ ဓာတ်အားပေးရုံတွေ အားလုံးကို ကျွန်တော်တို့ ဖြိုလှဲမယ်။ တံတားတွေကို ဖြိုမယ်။'' လို့ သူက ပြောပါတယ်။

    အမေရိကန်ညှိနှိုင်းသူတွေဟာ အီရန်ညှိနှိုင်းဖက်ကို ''အပေးအယူ ရအောင် လုပ်ရင်လုပ်၊ မဟုတ်ရင် ဘာမှ ကျန်မှာ မဟုတ်ဘူး'' ဆိုပြီး အင်္ဂါနေ့ ညနေခင်းမှာ ပြောထားတယ်လို့လည်း သူက ပြောပါတယ်။

    အမေရိကန်နဲ့ အီရန်ကြား လေကြောင်းတိုက်ခိုက်မှုအသစ်တွေ ထပ်ဖြစ်တဲ့အခြေအနေဟာ ဟော်မုဇ်ရေလက်ကြားထဲမှာ ဆီတင်သင်္ဘောတွေ ဖြတ်သန်းတာကိုလည်း ရပ်တန့်သွားစေရာ ရောက်တာကြောင့် ရေနံစျေးတွေ အတော်လေး မြင့်တက်စေခဲ့ပါတယ်။

    အမေရိကန်စစ်ဌာနချုပ် (Centcom) ကတော့ ''အမေရိကန်တပ်ဖွဲ့တွေဟာ အီရန်အနေနဲ့ စီးပွားရေးသုံးရေယာဉ်တွေကို တိုက်ခိုက်နိုင်စွမ်းလျော့ကျသွားအောင် အီရန်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လုပ်ခဲ့တယ်'' လို့ အင်္ဂါနေ့နှောင်းပိုင်းမှာ ပြောပါတယ်။

    အင်္ဂါနေ့ နှောင်းပိုင်းကြေညာချက်မှာတော့ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး ဘရတ်ကူးပါးက အီရန်ဟာ ''ဒေသတွင်းမှာ စီးပွားရေးသုံး ရေယာဉ်တွေကို တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား သင်္ဘောသား တစ်ဒါဇင် နီးပါး သေဆုံးတာ၊ ပျောက်ဆုံးတာ ဒါမှမဟုတ် ဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်''လို့ ပြောပါတယ်။

    အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)ကတော့ အီရန်ရဲ့ပဲ့ထိန်းဒုံးကျည်တွေဟာ နိုင်ငံပိုင်ရေနံတင်သင်္ဘော ၂ စင်းကို ပစ်မှတ်ထားခဲ့တာကြောင့် အိန္ဒိယနိုင်ငံသား သင်္ဘောသားတစ်ဦး ပျောက်ဆုံးနေပြီး နောက်ထပ် သင်္ဘောသား ၈ ဦး ဒဏ်ရာရတယ်လို့ တနင်္လာနေ့ညပိုင်းက ပြောပါတယ်။

    အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)ကတော့ အဲဒီတိုက်ခိုက်မှုတွေကို တယ်လီဂရမ်ကနေတဆင့် နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။ အဲဒီမှာပြောထားတာကတော့ ရေနံတင် သင်္ဘော ၂ စင်းဟာ သတိပေးချက်တွေကို လျစ်လျူရှုပြီး ရေကြောင်းသွားလာမှုစနစ်ကို ပိတ်ကာ ရေလက်ကြားထဲက မိုင်းတွေထောင်ထားတဲ့လမ်းကို ဖြတ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ပြောပါတယ်။

  3. မင်းကင်းမှာ ကျောင်းသားတပ်(SRF)ခေါင်းဆောင်နဲ့ဆက်နွှယ်သူလို့ဆိုသူ အမျိုးသမီးနဲ့ ဖခင်ကို ပသုံးလုံးက ခေါ်ယူစစ်ဆေးနေ

    စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲလှုပ်ရှားတဲ့ ကျောင်းသားတော်လှန်ရေးတပ်(SRF)ရဲ့ ခေါင်းဆောင် ကိုစံတင်ထွန်းနဲ့ဆက်နွှယ်သူ ဒေသခံအမျိုးသမီးတစ်ဦးနဲ့ အဲဒီအမျိုးသမီးရဲ့ဖခင်တို့ကို ခေါ်ယူစစ်ဆေးနေတာ မှန်ကန်တဲ့အကြောင်း မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)အဖွဲ့ တာဝန်ခံက ပြောပါတယ်။

    မင်းကင်းမြို့နယ်ထဲ ရာဇဝတ်မှုအချို့ ကျူးလွန်တယ်လို့ စွပ်စွဲခံရပြီးနောက် NUG ပြည်သူ့ကာကွယ်ရေးတပ်(PDF)ရဲ့ ဖမ်းဆီးခံထားရတဲ့ SRF ခေါင်းဆောင် ကိုစံတင်ထွန်းဟာ ထိန်းသိမ်းခံထားရတဲ့နေရာကနေ ပြီးခဲ့တဲ့တစ်ပတ်တုန်းက ထွက်ပြေးခဲ့ပါတယ်။

    ကိုစံတင်ထွန်း ထွက်ပြေးပြီးတဲ့နောက် သူ့ရဲ့ရည်းစားလို့ဆိုသူ အမျိုးသမီးကို NUG အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ခေါ်ယူစစ်ဆေးနေတဲ့သတင်းတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာပါတယ်။

    မင်းကင်း ပအဖ ကတော့ အမျိုးသမီးနဲ့ သူ့ရဲ့ဖခင်ဖြစ်သူတို့ကို ခေါ်ယူစစ်ဆေးနေတယ်ဆိုတာ မှန်ကန်ကြောင်း အတည်ပြုပြီး အဲဒီအမျိုးသမီးဟာ ကိုစံတင်ထွန်းနဲ့ ဆက်နွှယ်မှုရှိတဲ့ သံသယ နဲ့ခေါ်ယူစစ်ဆေးနေတာလို့ ဆိုပါတယ်။

    “အခု သူ့ရဲ့ရည်းစားလို့ ပြောနေတဲ့ မီဒီယာမှာ တက်နေတဲ့ကိစ္စလည်း ခေါ်ယူစစ်ဆေးတာ ရှိတယ်။ အဲဒီ ကလေးမနဲ့အတူ သူ့အဖေကိုလည်း ခေါ်ယူ စစ်ဆေးနေတာရှိတယ်။ အခုထိ စစ်ဆေးနေတုန်းပါ။ ဖမ်းဆီးပြီးတော့ ခေါ်တာ မရှိဘူး။ သူ့ကို ချုပ်နှောင်ထားတာလည်း မရှိဘူး” လို့ သူကပြောပါတယ်။

    ကိုစံတင်ထွန်း ခေါင်းဆောင်တဲ့ SRF ဟာ မင်းကင်းမြို့နယ်ထဲ တပ်သားသစ်စုဆောင်းတာ၊ ကာကွယ်ရေးစရိတ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ အိမ်ထောင်စုအလိုက် ဖိအားပေးငွေကြေးတောင်းခံတာတွေ လုပ်ခဲ့တယ်လို့ အစောပိုင်းမှာ စွပ်စွဲခံရပါတယ်။

    အဲဒီနောက် မေလ ၂၇ ရက်မှာတော့ SRF ဥက္ကဋ္ဌ ကိုစံတင်ထွန်းအပါအဝင် တပ်ဖွဲ့ဝင် ၁၆ ဦးကို NUG ရဲ့ မင်းကင်းမြို့နယ် ပကဖကနေ အင်အားသုံးပစ်ခတ်မှုတွေလုပ်ပြီး ဖမ်းဆီးထားတယ်လို့ SRF က အဲဒီတုန်းက စာထုတ်ပါတယ်။

    မင်းကင်း ပြည်သူ့ကာကွယ်ရေး(ပကဖ)နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ ကိုစံတင်ထွန်း တစ်ဦးတည်းကိုသာ ဖမ်းဆီးထားတာဖြစ်ပြီး ကျန်တဲ့ SRF တပ်ဖွဲ့ဝင်တချို့ကို အကျယ်ချုပ်သဘောနဲ့ ဒေသထဲမှာ နေထိုင်ခွင့်ပေးထားတယ်လို့ အစောပိုင်းမှာ ပြောပါတယ်။

    ဇူလိုင် ၇ ရက်မှာတော့ ကိုစံတင်ထွန်းဟာ အချုပ်တာဝန်ခံ၊ SRF ရဲဘော် ၄ ယောက် နဲ့ အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ မင်းကင်းမြို့နယ် ပအဖ တာဝန်ခံဆီ ကနေ သိရပါတယ်။

    လက်ရှိမှာ ကိုစံတင်ထွန်းကို NUG စိုးမိုးနယ်မြေတွေ နဲ့ EROs တွေ ထိန်းချုပ်နယ်မြေတွေမှာ ဝရမ်းပြေးအမိန့် ထုတ်ထားပြီး ရှာဖွေမှုတွေ ဆက်လက်လုပ်နေတယ်လို့ သူက ပြောပါတယ်။

    SRF ဘက်ကတော့ မင်းကင်းမြို့နယ်ထဲ ကိုစံတင်ထွန်းအဖမ်းခံရတာ၊ ထွက်ပြေးလွတ်မြောက်တာနဲ့ နောက်ဆက်တွဲအခြေအနေတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

  4. ပြည်နှင်ဒဏ်ပေးတဲ့လုပ်ငန်း မြန်ဆန်စေမယ့်နည်းဥပဒေကို ထိုင်းအစိုးရအဖွဲ့အတည်ပြု

    ထိုင်းနိုင်ငံထဲ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်တာအပါအဝင် ပြည်နှင်ဒဏ် အမြန်ပေးမယ့် ပြစ်မှုတွေပါတဲ့ နည်းဥပဒေတစ်ရပ်ကို ထိုင်းအစိုးရအဖွဲ့က ထောက်ခံလိုက်ပြီလို့ ထိုင်းသတင်းတွေက ဖော်ပြလာပါတယ်။

    ပြစ်မှုကျူးလွန်သူတွေကို နေရပ်ပြန်ပို့တဲ့လုပ်ငန်းစဉ် ကြန့်ကြာနေတာကို မြန်ဆန်စေမယ့် နည်းဥပဒေ ထွက်လာအောင်လုပ်ဖို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီတာကူလ်က ဒုဝန်ကြီးချုပ် ပကွန် နင်ပရာဖန်ကို ပြီးခဲ့တဲ့လတုန်းက ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

    အခုတော့ ဒုတိယဝန်ကြီးချုပ် ပါခွန်တင်ပြလာတဲ့ နည်းဥပဒေမူကြမ်းကို ထိုင်းအစိုးရအဖွဲ့က ဇူလိုင် ၁၄ ရက်မှာ ထောက်ခံလိုက်တဲ့အကြောင်း အစိုးရပြောခွင့်ရ ရက်ချဒါ ဒီနာဒီရေးက ပြောပါတယ်။

    ဒါဟာ ပြည်ပနိုင်ငံသားတွေကို ပြည်နှင်ဒဏ်ပေးမယ့် ထိုင်းအစိုးရရဲ့ ပထမဆုံး ယန္တရားတစ်ခုဖြစ်လာတာပါ။ ဒီယန္တရားဟာ ပြည်နှင်ဒဏ်ပေးမှုတွေကို ပိုပြီးထိရောက်မြန်ဆန်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။

    ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ ပြစ်မှု အမျိုးအစား ၆ မျိုးထဲက တစ်ခုခုကို ကျူးလွန်ရင် ပြည်နှင်ဒဏ်ပေးခံရမယ်လို့ဆိုပါတယ်။

    - ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာသူတွေ

    - တရားမဝင်နေထိုင်သူတွေ

    - တရားမဝင် အလုပ်လုပ်သူတွေ

    - တရားမဝင် လုပ်ငန်းလုပ်ကိုင်သူတွေ

    - အစိုးရ စာရွက်စာတမ်းတွေကို တုပလုပ်သူတွေ

    - သုံးနှစ်နဲ့အထက် ထောင်ချနိုင်တဲ့ပြစ်မှုတွေကို ကျူးလွန်ထားသူတွေကို ပြည်နှင်ဒဏ်ပေးမယ်လို့ နားလည်ရပါတယ်။

    ဒီနည်းဥပဒေမူကြမ်းအရ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသားအကျဉ်းသားတွေကို ပြန်လည်မလွှတ်ပေးခင်မှာ သူတို့ရဲ့အမည်၊ နိုင်ငံသား၊ အမှုတွဲဖိုင်နဲ့ တခြားလိုအပ်တဲ့အချက်အလက်တွေကို ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဒါမှမဟုတ် တာဝန်ပေးအပ်ထားတဲ့ အရာရှိဆီ ကြိုတင် ပေးပို့ရမှာ ဖြစ်ပါတယ်။

    ဒါအပြင် ပြည်ပနိုင်ငံသားအကျဉ်းသားတွေကို ပြန်မလွှတ်ခင် သူတို့ရဲ့ နာမည်တွေ၊ နိုင်ငံသားအချက်အလက်တွေ အပါအဝင် သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို အကျဉ်းဦးစီးရဲ့ညွှန်ကြားရေးမှူးချုပ်က ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒါမှမဟုတ် သတ်မှတ်ထား အရာရှိတစ်ဦးကို ပေးပို့ရမယ်လို့ဆိုပါတယ်။

    အမြဲတမ်းအတွင်းဝန် ဒါမှမဟုတ် သတ်မှတ်ထားတဲ့အရာရှိတစ်ဦးက ပြည်ထဲရေးဝန်ကြီးကို အစီရင်ခံရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးက ပြည်နှင်ဒဏ်ပေးမှု ကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

    ပြစ်မှုကျူးလွန်ထားသူဟာ နိုင်ငံတစ်နိုင်ငံရဲ့နိုင်ငံသားဖြစ်ကြောင်း သက်သေမပြနိုင်ရင် ထိုင်းနိုင်ငံကို မလာခင်က သူရှိနေခဲ့တဲ့နိုင်ငံကို ပြန်ပို့မှာဖြစ်ပါတယ်။

    သံတမန်လမ်းကြောင်းကနေတဆင့် လျှောက်ထားလာသူတွေကိုတော့ သူတို့မူရင်းနိုင်ငံမဟုတ်တဲ့ တတိယနိုင်ငံတစ်ခုခု ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုခုထံ လွှဲပြောင်းပေးသွားမယ်လို့ သိရပါတယ်။

    လက်ခံနိုင်ငံက ပြည်နှင်ဒဏ်ပေးခံရသူအတွက် ကုန်ကျစရိတ်အဝအဝကို တာဝန်ခံရမှာလည်းဖြစ်ပါတယ်။

    အခုမူကြမ်းကို အစိုးရအဖွဲ့က မီးစိမ်းပြလိုက်ပြီမို့ တော်ဝင်ပြန်တမ်းကနေ ထုတ်ပြန်တာနဲ့ စတင်အသက်ဝင်မှာဖြစ်ပါတယ်။

  5. ဝယ်လိုအားကျလို့ ဒဘီးယားစ် စိန်လုပ်ငန်းကြီးရဲ့ တောင်အာဖရိက စိန်တွင်းတူးလုပ်ငန်းရပ်ဆိုင်း

    ဝယ်ယူသူတွေရဲ့ အကြိုက် ပြောင်းလဲမှုကြောင့် အမြတ်နည်းလာတဲ့အတွက် ဒဘီးယားစ် စိန်လုပ်ငန်းကြီးက တောင်အာဖရိကက အကြီးဆုံး စိန်တွင်းကြီးရဲ့ ထုတ်လုပ်မှုတွေကို နှစ်နှစ် ရပ်နားလိုက်ပါတယ်။

    စျေးပေါတဲ့ ဓာတုစိန်နဲ့ စျေးကွက် အပြိုင်လုရတဲ့အပြင် အရင်ကထက် လူတွေက စိန်ဝယ်တာ နည်းလာလို့ စိန်စျေးတွေ ကျခဲ့ပါတယ်။ အထူးသဖြင့် တရုတ်ပြည်မှာ စိန်ဝယ်အားကျလာတာပါ။

    ဗနီရှီယာ စိန်တွင်းကို ပိတ်ဖို့ ဆုံးဖြတ်ချက်ကို ကြေညာရင်း ကမ္ဘာ့စိန်စျေးကွက်ရဲ့ စိတ်ပျက်စရာ အခြေအနေကြောင့် ကုန်ကျစရိတ်နဲ့ လုပ်ငန်းတွေ လျှော့ချ ဖြတ်တောက်ဖို့ လိုအပ်ကြောင်း ဒဘီးယားက ထုတ်ပြန်ပါတယ်။

    တောင်အာဖရိက မြောက်ဖျားမှာ ရှိတဲ့ ဗနီရှီယာ စိန်တွင်းက နိုင်ငံရဲ့ စိန်ထုတ်လုပ်မှု ၄၀ ရာခိုင်နှုန်းကျော် ထွက်ရှိပြီး လူလေးထောင်ကျော်ကို အလုပ်ခန့်ထားပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  6. Sky Villa ပိုင်ရှင် ထောင်ဒဏ် ထပ်တိုး ချမှတ်ခံရပေမဲ့ တရားမျှတမှု မရှိသေးဘူးလို့ အခန်းပိုင်ရှင်အချို့ပြော

    ၂၀၂၅ မတ်လ ငလျင်ကြီးကြောင့် လူ ၂၀၀ ကျော်သေဆုံးခဲ့တဲ့ Sky Villa အဆောက်အဦရဲ့ဆောက်လုပ်ရေးကုမ္ပဏီ(NTL)ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို ခရိုင်တရားရုံးက ထပ်တိုးထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပေမဲ့ အခန်းပိုင်ရှင်အချို့ကတော့ ဒါဟာ တရားမျှတမှု မရှိသေးဘူးလို့ ပြောပါတယ်။

    အောင်မြေသာစံမြို့နယ်တရားရုံးက NTL ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို ပြီးခဲ့တဲ့တစ်ပတ်မှာ ပုဒ်မ ၃၀၄ - က နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာပါ။ ဒီအမှုဟာ ပေါ့လျော့မှုကြောင့် လူသေစေမှုဖြစ်ပါတယ်။

    တရားလိုဟာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ) ဖြစ်ပါတယ်။ ဒါပေမဲ့ လည်း ထောင်ဒဏ် ၅ နှစ်ချမှတ်တာကို စ သုံးလုံးက အောင်မြေသာစံခရိုင်တရားရုံးကို ပြင်ဆင်ခွင့်တက်ခဲ့တာကြောင့် ခရိုင်တရားရုံးက ထောင်ဒဏ်ကို ၂ နှစ်တိုးပြီး ချမှတ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာနသတင်းရင်းမြစ်က ပြောပါတယ်။

    “တရားလိုဘက်က မူလ ပြစ်ဒဏ် ၅ နှစ်နည်းလို့ တရားရုံးကို ပြင်ဆင်ခွင့်တက်လိုက်လို့ ထပ်တိုး အမိန့်ချတာပါ” လို့ သူက ပြောပါတယ်။

    “သူထောင်ကျသွားလို့ သေသွားတဲ့သူတွေ အသက်မှ ပြန်မရှင်လာတာ။ တချို့ဆို အိမ်ထောင်ဦးစီးသွား ဆုံးပါးသွားကြပြီး ဘဝရပ်တည်ရေး ရုန်းကန်နေရတဲ့သူတွေရှိတယ်။ နောက်ဆုံး သူ့ကို သေဒဏ် ချမှတ်လိုက်ရင်တောင် သေတဲ့သူတွေ အသက်ပြန်မရှင်လာဘူး။ ကျွန်တော်တို့ လိုချင်တာကတော့ လျော်ကြေးပါ” လို့ Sky Villa အခန်းပိုင်ရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မတ်လ ၂၈ ရက် က လှုပ်ခတ်လိုက်တဲ့ ၇ ဒသမ ၇ မဂ္ဂနီကျု ပြင်းအားရှိတဲ့ ငလျင် ဟာ Sky Villa မှာ နေထိုင်သူတွေရဲ့ ဘဝတွေကို တဆစ်ချိုးပြောင်းလဲခဲ့တယ်လို့ အခန်းဆုံးရှုံးခဲ့ကြသူတွေက ပြောပါတယ်။

    နောက်ပြီး Sky Villa ကွန်ဒိုက အခန်းတွေကို ရောင်းချချိန်တုန်းက ငလျင်ဒဏ်ခံနိုင်တယ်ဆိုတဲ့အချက်ပါဝင်ပေမဲ့ မတ်လ ငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့အချိန်မှာ အဆောက်အဦတစ်ခုလုံး မြေပေါ်ကို ပြားပြား၀ပ် ပြိုကျခဲ့တာကြောင့် လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ပါတယ်။

    အခန်းပိုင်ရှင်တွေဟာ အခုချိန်အထိ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

    NTL Construction Company ဘက်က ငလျင်ကြောင့် သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေကို ကျပ်သိန်း ၁၀၀ စီ ကရုဏာကြေးဆိုပြီး ပေးအပ်ခဲ့တာတွေရှိခဲ့တယ်လို့ အခန်းပိုင်ရှင်တွေက ပြောပါတယ်။

    ကုမ္ပဏီက နစ်နာသူတွေအတွက် နဂိုမူလ တိုက်ခန်းအကျယ်အတိုင်း ပြန်ဆောက်ပေးမှာဖြစ်ပြီး တိုက်ခန်းပိုင်ရှင်တွေဘက်ကလည်း အချိုးကျကုန်ကျစရိတ် ထည့်ဝင်ရမှာဖြစ်တယ်လို့ NTL ကုမ္ပဏီ တာဝန်ရှိသူက ဘီဘီစီကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်က ဖြေကြားထားပါတယ်။

    အခန်းပိုင်ရှင်တွေကတော့ တိုက်ခန်းပြန်ဆောက်ပေးမှာကို မလိုလားဘဲ လုံလောက်တဲ့ လျော်ကြေးပေးဖို့ ကိုသာ အများစုက လိုလားနေကြတယ်လို့ ဘီဘီစီကိုပြောပါတယ်။

  7. မင်္ဂလာပါ။ ဇူလိုင် ၁၅ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။