
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ငလျင်ဒဏ်ခံခဲ့ရတဲ့ Sky Villa အဆောက်အဦး (ပုံဟောင်း)၂၀၂၅ မတ်လ ငလျင်ကြီးကြောင့် လူ ၂၀၀ ကျော်သေဆုံးခဲ့တဲ့ Sky Villa အဆောက်အဦရဲ့ဆောက်လုပ်ရေးကုမ္ပဏီ(NTL)ပိုင်ရှင်
ဦးနိုင်ထွန်းလင်းကို ခရိုင်တရားရုံးက ထပ်တိုးထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပေမဲ့
အခန်းပိုင်ရှင်အချို့ကတော့ ဒါဟာ တရားမျှတမှု မရှိသေးဘူးလို့ ပြောပါတယ်။
အောင်မြေသာစံမြို့နယ်တရားရုံးက NTL ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို ပြီးခဲ့တဲ့တစ်ပတ်မှာ
ပုဒ်မ ၃၀၄ - က နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာပါ။ ဒီအမှုဟာ ပေါ့လျော့မှုကြောင့်
လူသေစေမှုဖြစ်ပါတယ်။
တရားလိုဟာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ) ဖြစ်ပါတယ်။ ဒါပေမဲ့ လည်း
ထောင်ဒဏ် ၅ နှစ်ချမှတ်တာကို စ သုံးလုံးက အောင်မြေသာစံခရိုင်တရားရုံးကို
ပြင်ဆင်ခွင့်တက်ခဲ့တာကြောင့် ခရိုင်တရားရုံးက ထောင်ဒဏ်ကို ၂ နှစ်တိုးပြီး
ချမှတ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာနသတင်းရင်းမြစ်က ပြောပါတယ်။
“တရားလိုဘက်က မူလ ပြစ်ဒဏ် ၅
နှစ်နည်းလို့ တရားရုံးကို ပြင်ဆင်ခွင့်တက်လိုက်လို့ ထပ်တိုး အမိန့်ချတာပါ” လို့
သူက ပြောပါတယ်။
“သူထောင်ကျသွားလို့
သေသွားတဲ့သူတွေ အသက်မှ ပြန်မရှင်လာတာ။ တချို့ဆို အိမ်ထောင်ဦးစီးသွား
ဆုံးပါးသွားကြပြီး ဘဝရပ်တည်ရေး ရုန်းကန်နေရတဲ့သူတွေရှိတယ်။ နောက်ဆုံး သူ့ကို သေဒဏ်
ချမှတ်လိုက်ရင်တောင် သေတဲ့သူတွေ အသက်ပြန်မရှင်လာဘူး။ ကျွန်တော်တို့ လိုချင်တာကတော့
လျော်ကြေးပါ” လို့ Sky
Villa အခန်းပိုင်ရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မတ်လ ၂၈ ရက် က လှုပ်ခတ်လိုက်တဲ့ ၇ ဒသမ ၇ မဂ္ဂနီကျု ပြင်းအားရှိတဲ့ ငလျင် ဟာ Sky Villa မှာ နေထိုင်သူတွေရဲ့
ဘဝတွေကို တဆစ်ချိုးပြောင်းလဲခဲ့တယ်လို့ အခန်းဆုံးရှုံးခဲ့ကြသူတွေက ပြောပါတယ်။
နောက်ပြီး Sky
Villa ကွန်ဒိုက အခန်းတွေကို ရောင်းချချိန်တုန်းက
ငလျင်ဒဏ်ခံနိုင်တယ်ဆိုတဲ့အချက်ပါဝင်ပေမဲ့ မတ်လ ငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့အချိန်မှာ
အဆောက်အဦတစ်ခုလုံး မြေပေါ်ကို ပြားပြား၀ပ် ပြိုကျခဲ့တာကြောင့် လူပေါင်း ၂၀၀
ကျော်သေဆုံးခဲ့ပါတယ်။
အခန်းပိုင်ရှင်တွေဟာ အခုချိန်အထိ စားဝတ်နေရေးအတွက်
ရုန်းကန်နေကြရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
NTL
Construction Company ဘက်က ငလျင်ကြောင့် သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေကို ကျပ်သိန်း ၁၀၀ စီ
ကရုဏာကြေးဆိုပြီး ပေးအပ်ခဲ့တာတွေရှိခဲ့တယ်လို့ အခန်းပိုင်ရှင်တွေက ပြောပါတယ်။
ကုမ္ပဏီက နစ်နာသူတွေအတွက် နဂိုမူလ တိုက်ခန်းအကျယ်အတိုင်း
ပြန်ဆောက်ပေးမှာဖြစ်ပြီး တိုက်ခန်းပိုင်ရှင်တွေဘက်ကလည်း အချိုးကျကုန်ကျစရိတ်
ထည့်ဝင်ရမှာဖြစ်တယ်လို့ NTL ကုမ္ပဏီ တာဝန်ရှိသူက ဘီဘီစီကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်က
ဖြေကြားထားပါတယ်။
အခန်းပိုင်ရှင်တွေကတော့ တိုက်ခန်းပြန်ဆောက်ပေးမှာကို မလိုလားဘဲ လုံလောက်တဲ့
လျော်ကြေးပေးဖို့ ကိုသာ အများစုက လိုလားနေကြတယ်လို့ ဘီဘီစီကိုပြောပါတယ်။